Friday, July 17, 2015

၂၀၀၆


၂၀၀၆ 


ကုတင်အောက်က စာအိတ်ဟောင်းတွေကိုထုတ်ပြီး မီးရှို့ရာကစလို့
အိမ်နောက်ဖေးတောအုပ်ဟာ မီးဟုန်းဟုန်းလောင်ခဲ့တယ်
ပြာတွေဟာ တစ်စုံတစ်ယောက်ရဲ့ကိုယ်နံ့ပါတဲ့နှင်းတွေဖြစ်ပါလိမ့်မယ်
လူတွေဟာ ဘာမှသတိမရတော့ဘူးဆိုရင်တောင်
ငါဘာကိုမှ သတိမရတော့ပါလားလို့ သတိရနိုင်ကြပါတယ်
ဖီးဆင့်ဘီးကိုနင်းပြီး မီးလျှံကြားကိုဖြတ်ခဲ့ပြီဆိုတော့
ပြန်ပြောစရာမှတ်တိုင်တွေနဲ့ မြက်ခင်းကွက်ကြားတွေ
ဂိုထောင်ပစ္စည်းပုံကြားက မြွေထွက်လာမလားလို့
ပျင်းပျင်းရှိတိုင်း စိတ်ကူးယဉ်ပါတယ်
အမြဲတမ်းသတိရမိတာက
ဟိုးငယ်ငယ်တုန်းက ပျောက်သွားတဲ့ တီဗီရီမုလေးအကြောင်း
တီဗီမပျောက်ဘဲ ရီမုလေးပဲ ပျောက်သွားတယ်ဆိုတာ မထူးဆန်းဘူးလား
(ဒါနဲ့ တီဗီက ဒေဝူး ၁၄ လက်မ၊ မော်ဒယ်ဟောင်းလေး
ထက်ထက်မိုးဦးက စက္ကူစွန်လေးပစ်လွှတ်လိုက်တာလေ )
ဘာမှမထူးဆန်းပါဘူး
၇ တန်းတုန်းက ထဘီကိုပုဆိုးဝတ်သလိုဝတ်ခဲ့တဲ့ကောင်မလေးဟာ
အသားလေးတွေဖြူဝင်းစွာ အိမ်ရှေ့ကဖြတ်သွားပြီ
တီရှပ် + ဂျင်းဘောင်းဘီ၊ မရိုးတဲ့ဖက်ရှင်နဲ့ ဆံပင်တွေလွှင့်ခါပြီ
ကိတ်ဝင်းစလက်ဟာ ဒီကပ်ပရီရိုကို ဘာလို့တုန်နေတာလဲလို့ မေးခဲ့တယ်
သူမတို့ နှစ်ယောက်ရဲ့ လကမ္ဘာသွားကားလေးထဲမှာလေ
ဆန်းတယ်နော်
လကမ္ဘာကိုသွားမယ့် သင်္ဘောပေါ်က ကားကလေး
ဒီတစ်ခါတော့ တီဗီအသစ်ပေါ့
မပျောက်ရှသေးတဲ့ ရီမုကွန်ထရိုးလေးနဲ့
ဒါဟာ ဘာကိုမှ မနာကျင်တတ်သေးတဲ့အရွယ်မဟုတ်ပါဘူး
နာကျင်မှုကို မြန်မြန်ဆေးကြောနိုင်တဲ့အရွယ်ပဲဖြစ်ပါတယ်
မယုံဘူးလား
ကျနော်ကြိုက်တဲ့အချိန် သင်္ဘောကိုနှစ်မြှုပ်ပစ်လို့ရပါတယ်
နွေဥသြလေး ပိတ်မိနေလိမ့်မယ်
မျောပါလာတဲ့ ရေခဲတုံးကြီးရဲ့အလယ်။


မှူးနေဝန်း
July 17, 2015