Wednesday, August 12, 2015

နိုင်​ငံ​တော်​ပင်​လယ်


နိုင်ငံတော်ပင်လယ်

မိုးမဆုံး မြေမဆုံးသော မိုးတလုံး လေတလုံးတွေကြား
ကြယ်တွေဟာ မျက်ရည်လို တဖျတ်ဖျတ်ပွင့်လာတယ်
အိပ်မက်ဟာ ရေပေါ်ကို ဖလူးဝရူးပေါ်လာပြီး
မြေသားထုကို လက်သည်းနဲ့လှမ်းကုတ်တယ်
ဒါပေမယ့် နိုင်ငံတော်ဝဲဂယက်ဟာ
အိပ်မက်ရဲ့ခြေဖျားကို မိမိရရဆွဲမြိုသွားတယ်
နိုင်ငံတော်ထီးကို ဖွင့်ပြီးကာကွယ်ဖို့ကြိုးစားပါသေးတယ်
ဒါပေမယ့်
လေယာဉ်နဲ့ဆောင်တော်အကူးကြားပဲ သုံးတဲ့ထီးမို့
သံချေးကပ်ပြီး ဖွင့်မရတော့ဘူး
နိုင်ငံတော်လှေကို လွှင့်ဖို့ စတင်တယ်
သတင်းစာခေါင်းကြီးပိုင်းတွေနဲ့လုပ်ထားတဲ့ ရွက်သားဟာ
လေဒဏ်မခံနိုင်ဘဲ စုတ်ပြဲသွားတယ်
နိုင်ငံတော်ရိက္ခာထုပ်ကို ဖွင့်ကြည့်လိုက်တယ်
အောက်သိုးသိုးမှိုနံ့ကို ကြိတ်မှိတ်ပြီးမြိုရတယ်
မသန့်ရှင်းတဲ့အစားအစာတွေကြောင့် အကုန်ပြန်အန်ထွက်ကုန်တယ်
နိုင်ငံတော်ရေလှိုင်းနဲ့အတူ နိုင်ငံတော်အန်ဖတ်တွေရောထွေးပါလာတယ်
နိုင်ငံတော်မိုးတိမ်ဟာ အမြဲကိုလျှပ်ရောင်ပြေးအုံ့ဆိုင်းနေတော့တယ်
နိုင်ငံတော်ထိုင်ခုံအတွက်တော့ စိတ်မပူရပါဘူး
သူ့ခြေလေးချောင်းနဲ့မြင့်မားတောင်ထိပ်ပေါ်မှာကုပ်တွယ်ထားတယ်
ဘာတွေဘယ်လိုဖြစ်ဖြစ် နိုင်ငံတော်နယ်နိမိတ်ကတော့ ခိုင်မာနေတုန်းပဲ
နောဧရဲ့လှေကြီးဟာ နိုင်ငံတော်အမြှောက်ဆံလက်ချက်နဲ့ကြေမွသွားပြီ
ပိုဆိုက်ဒန်ရောက်လာတော့ ဦးရှင်ကြီးဟာ သူ့နယ်ထဲအဝင်မခံဘူး
ဒီလိုနဲ့
နိုင်ငံတော် သချိုင်းဟာ ပိုမိုစည်ကားလာပါတယ်
နိုင်ငံတော် အမှိုက်ပုံဟာ ပိုမိုမြင့်မားလာပါတယ်
နိုင်ငံတော် သူ့လက်တစ်ဖက်ကိုအနိုင်နိုင်မပြီး
သူ့မျက်ရည်ကို သူသုတ်ရပြီပေါ့
နိုင်ငံတော်သီချင်းကို ဆိုရုံကလွဲပြီး ဘာလုပ်စရာကျန်သေးလဲ မေးကြတယ်
နိုင်ငံတော်အလံကို လိုက်ရှာတော့
နိုင်ငံတော်ပင်လယ်ရဲ့ ရေအောက်တစ်နေရာမှာ ငြိမ်သက်နေပြီလေ
လူတွေဟာ ရုပ်ရှင်ရုံထဲဝင်ပြီး ကွန်ပြူတာပြုလုပ်ချက်နဲ့လွင့်နေတဲ့
နိုင်ငံတော်အလံကိုပဲ ရသေ့စိတ်ဖြေအလေးပြုကြရပြီပေါ့
ရေမြုပ်နေတဲ့ ရေမြှုပ်ထိုင်ခုံတွေမှာထိုင်ရင်း
အေးစက်နေတဲ့ air-con အောက်မှာခိုက်ခိုက်တုန်ရင်း
ရေနစ်သေဆုံးသွားတဲ့ နိုင်ငံတော်ဝိညဉ်ကိုသာ
လွမ်းဆွတ်နေရပါတော့တယ်။

မှူးနေဝန်း