Sunday, June 14, 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၃


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၃


ဟိုဘက်နည်းနည်းတိုးပါဦး - ပြောတယ်
ခါးလေးစောင်းပြီး ခေါင်းနည်းနည်းမော့ပါ - ပြောတယ်
ဟန်မလုပ်နဲ့ သဘာဝကျကျပဲနေပါ - ပြောတယ်
ပန်းချီဆရာရဲ့ အမိန့်အတိုင်း
ပင်လယ်ဟာ စိတ်မသက်မသာနဲ့ ငြိမ်နေတယ်။

မုန်တိုင်းကိုလည်းထည့်ရမယ်
လေညှင်းကိုလည်းထည့်ရမယ် တဲ့
ပန်းချီဆရာဟာ ရေရွတ်ရင်း ရေးဆွဲတယ်
ကျောက်ဆောင်လည်းပါရမယ်
ရွက်လှေလည်းပါရမယ်တဲ့
ပန်းချီဆရာဟာ ခေါင်းတဆတ်ဆတ်ညိမ့်ခါတယ်။
 
နေလုံးကိုဆွဲမလိုက် ပြန်ချလိုက်
တိမ်စိုင်ကို အုံ့မှိုင်းလိုက် ဖြူလွှလိုက်
ဇင်ယော်လား လှိုင်းလုံးလား
အုန်းပင်လား ကျွန်းဆွယ်လား
ကြေကွဲခန်းလား ဆွတ်ပျံ့ဖွယ်လား
ပင်လယ်ကို ခြယ်သသူဟာ
တဖြည်းဖြည်း တုန်လှုပ်ဝေဝါးလာပါတယ်။

သည်းခံနိုင်စွမ်းကို ကျော်လွန်သွားတဲ့ပင်လယ်ဟာ
မစားရတဲ့ပန်းချီကားကို သဲနဲ့ပက်လိုက်ပြီ
ကမ်းခြေကုန်းမြင့်မှ နိမ့်လျှောလှည့်ပြန်ပြီ
အလန့်တကြားလူ သတိဝင်လာပြီး
စုတ်တံကို ဆားငန်ရေနဲ့ဆေးဖို့
ပင်လယ်နောက်ကို မဝံ့မရဲလိုက်သွားပြီ။


မှူးနေဝန်း
22 April 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၂


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၂


သက်ဝင်မှုရဲ့ ညွှတ်ကိုင်းရာ ဆိုကြပေမယ့်
အဓိကအချက်ဟာ
တစ်ခွန်းသော တီးတိုးစကားကို
ပင်လယ်က နားလည်နိုင်ခဲ့ခြင်းပဲ။

ဖုန်းဆိုးသင်္ချိုင်းမှ အသေကောင်တွေ ထလာပြီ
ထောင်နေသော လောကဆီးဆောပေါ်
ကျစ်လျစ်သောနှလုံးသားဟာ တက်ထိုင်ပြီ
သစ်ပင်ဟာ မိုးပေါ်ပျံချင်စိတ်နဲ့
နွံကြားမှအမြစ်တို့ကို သူကိုယ်တိုင်ဆွဲနှုတ်ပြီ
တင်းတင်းစေ့ အံကြိတ်နေပန်းပွင့်များ
မုန်တိုင်းသို့ မျက်နှာမူပြီ။

ပင်လယ်ရဲ့ နားရွက်ကိုဆွဲပြီး
အေးစက်စွာသူပြောတယ်
-ထွက်ပြေးသူမဟုတ်၊ လွတ်မြောက်သူဖြစ်တယ်
ဒါကြောင်းမင်း . . ငါ့လမ်းကိုဖယ်- တဲ့။

အချိန်တန်တဲ့အခါ
ဆီဟာရေပေါ်တက်လာမြဲ
ပင်လယ်ဟာ မိုးဇက်ကို မမြိုနိုင်ခဲ့ဘူး။


မှူးနေဝန်း
5 April 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၁


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၁


လူနဲ့ပင်လယ်
အအေးဆိုင်အမှောင်ဒေါင့်မှာ တိတ်ဆိတ်လို့
နားကြပ်တစ်ဖက်စီ
ဖျော်ရည်တစ်ခွက်စီ
ပြီးတော့ ဒဏ်ရာတစ်ချက်စီ။

သူတို့မောပန်းခဲ့ပါပြီ
သူတို့အိုမင်းခဲ့ပါပြီ။

အေးစက်ခြင်းဟာ ငါတို့ဆီတစ်လှမ်းချင်းလာနေလို့
ကမ္ဘာကိုပင်လယ်ထဲဖြတ်သယ်ပြေးပြီး ဘုရားသခင်ဆီပို့ဆောင်ဖို့
၎င်းအတွက်လိုအပ်သော
လှော်တက်ကို ရှာဖွေဖို့
လူနဲ့ပင်လယ်ဟာ တီးတိုးတိုင်ပင်လို့။

နေရောင်မကုန်ခင်ဆက်ရမယ့်ခရီးများ
အားတင်းရုန်းကြွလာသော ပင်လယ်လှိုင်းခုံးနဲ့
လူရဲ့ကျောကုန်းတို့ မျဉ်းပြိုင်ကွေးများသဏ္ဍာန်ပေါင်းစပ်သွား
ဒါဟာ နောက်ဆုံးသောသက်တံ့ရောင်များလား။


မှူးနေဝန်း
4 April 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၀


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၀


ငြီးငွေ့မှုအကြောင်း ပြောပြီဆို
စီစီဖတ်ရဲ့ကျောက်တုံးဟာ အမြဲလိမ့်လိမ့်ကျလာတယ်
အဲ့ဒါကိုလည်း ငြီးငွေ့လာတယ် ပြောမိတော့

ကြည်လင်သော ကောင်းကင်အောက်က မြက်ခင်းစိမ်းများ
ကျေးငှက်သံများ ရေတံခွန်များ
ချစ်သောသူနဲ့နှစ်ကိုယ်တူနေ့စွဲများ
မွေးပွအကောင်ငယ်လေးများနဲ့ အဆိပ်ကင်းသောပန်းပွင့်များ
နိဗ္ဗာန်ဘုံဟာ အောက်ခြေမခိုင်ဘူးထင်မိတယ်
ပျော်ရွှင်မှုဟာလည်း ငြီးငွေ့ဖို့မကောင်းဘူးလား
အဲ့လိုမေးမိတော့

အဆုံးအစမဲ့ခြင်းရဲ့ လည်ပတ်မှုတရား
သေဆုံးမှုကို သရုပ်ခွဲကြည့်ရင်
အတိတ်ကို ဖက်တွယ်လိုစိတ်နဲ့
မှောင်မည်းသောအနာဂတ်ကိုကြောက်ရွံ့မှုမျှသာ
ကမ္ဘာဦးကြယ်စင်က အလင်းဟာ
ရှည်လျားလွန်းသောအလျားမှာ ဖြည်းဖြည်းချင်းချိုးကွေ့လာခဲ့သလား
ဒီလိုတွေးမိတော့

သနားစရာသတ္တဝါ တစ်ကောင်လို
လူဟာငုံ့ကြည့်ခံလိုက်ရတယ်
ပင်လယ်ဟာ စီးကရက်ကိုနှုတ်ခမ်းဖျားမှာတေ့ရင်း
အနက်ပေဘယ်လောက်ဟုခန့်မှန်းရခက်သော မျက်ဝန်းများနဲ့
ဘုရားသခင်ရဲ့ တိမ်တိုက်များကို စိုးရွံသလိုကြည့်ရင်း
သူကိုယ်တိုင်လက်ပစ်ကူးခဲ့ရတဲ့ သူ့ခန္ဓာကိုယ်ကိုစက်ဆုပ်ရင်း
ပင်လယ်ဟာ လူကို တိတ်ဆိတ်စွာပဲ တုံ့ပြန်လိုက်ပါတယ်။


မှူးနေဝန်း
5 January 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၉


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၉


မှောင်ပြီး ထုံအေးနေတဲ့အခန်းထဲမှာမှ
သူတို့ လာပြီးဆုံကြတယ်။

လူဟာ တစ်နေကုန်အိပ်ပြီး
ပင်လယ်ဟာ တစ်နေကုန်ငိုနေတယ်။

- ဘာအပြစ်လဲ ဘာအမှုလဲ
ဘာကြောင့် ငါ့ကိုဖမ်းဆီးခဲ့တာလဲ -
ပင်လယ်ဟာ မေးခွန်းတွေနဲ့ နံရံကိုတ၀ုန်းဝုန်းရိုက်တယ်။

အိပ်မှုံစုံမွှားလူ နိုးလာ
သမ်းဝေ
ငေးမော
ပင်လယ်နားကပ်ပြီး ရေရွတ်
ခပ်တိုးတိုး။

- ဘာပြောတယ် - ပင်လယ်က မကြားရလို့မေးတယ်
လူက တီးတိုးထပ်ပြောတယ်
- ကျယ်ကျယ်ပြောပါ - ပင်လယ်ဟာ အနားကပ်လာတယ်
လူက မပွင့်တပွင့်ပြောတယ်
ပင်လယ်စိတ်မရှည် ၊သိချင်စိတ်နဲ့ရှေ့တိုးလာ
လူက လူလည်ကျ ၊ပင်လယ်ထဲဒိုင်ဗင်ထိုး
ပင်လယ်က ရုန်းကန် ၊ မြင်းတစ်ကောင်လိုခွာချ
လူက ရှောင်တိမ်း ၊ပင်လယ်ကိုဖမ်းချုပ်
လူရော ပင်လယ်ရော ချွေးတရွှဲရွှဲ
မောပန်း ပြုံးရယ် ဟားတိုက် မေ့လျော့။

ထိုသို့သော ရယ်သံများ
စကြာဝဠာ အခန်းငယ်တွင်းက ရယ်သံများ
ဘယ်သူတွေကြားမလဲ မသေချာပေမယ့်
အချင်းချင်းကြားနိုင်ခဲ့သောရယ်သံများ
အဖြေမသိပေမယ့်
အမျိုးအမည်မတူပေမယ့်
ပွင့်ကန်ရုန်းထွက်နိုင်ခဲ့သော ရယ်သံများ။

မှူးနေ၀န်း
18 January 2015

လူတစ်ယောက်နဲ့ ပင်လယ်တစ်ကောင် - ၈


လူတစ်ယောက်နဲ့ ပင်လယ်တစ်ကောင် - ၈

 
ခပ်သောက်လိုက်တော့ ချိုနေတယ်
ဒါဘယ်လို ပင်လယ်မျိုးလဲ။
လှိုင်းမထန် လေမပြင်း
ကြမ်းပြင်ထိ ကြည်လင်ဖောက်ထွင်း
သင်္ဘောပျက်မရှိ ၊ ရတနာသိုက်မရှိ
မိခင်လောင်းရဲ့ ၀မ်းပျဉ်းလို
မို့မောက်ညီညာ ရှင်းလင်း
ဒါဟာ ဘာပင်လယ်လဲ။

ကမ္ဘာကြီးမတိမ်းစောင်းခင်က ပင်လယ်ပါ တဲ့
၂၃.၄ ဒီဂရီ မရွဲ့စောင်းခင်က ပင်လယ်ပါ တဲ့
သူဖြေတယ်။
ကလေးငယ်ရဲ့မျက်လွှာချသံလို
နူးညံ့စွာသူဖြေတယ်။
လူသားရဲ့ အံ့သြမှုကို လျစ်လျူရှုထားရင်း
တည်ငြိမ်စွာသူဖြေတယ်။
အရင်တုန်းက သူ့ရင်ခွင်ထဲမှကျွန်းစုများ
ယခုအခါ မွှေးသက်သောပန်းပွင့်တောင်ကုန်းများ
၎င်းတို့ကိုလည်း
လွမ်းဆွတ်စွာသူဖြေကြားခဲ့ပါတယ်။


မှူးနေ၀န်း

6 October 2014