ဘွားဘွားရဲ့သူငယ်ချင်းတွေ
ဘွားဘွားက အမေ့ဘက်ကတော်စပ်တာပါ။ အဖေ့ဘက်က
အဘိုးအဘွားတွေနဲ့ကတော့ အတူနေရချိန်နည်းပါး ခဲ့ပါတယ်။ ဒီဘွားဘွားကတော့ ကျွန်တော်မွေးကတည်းကအနီးကပ်ပြုစုစောင့်ရှောက်ပေးလာခဲ့တာပါ။
မြေးတွေရှိသမျှထဲမှာ အဘွားက ကျွန်တော့်ကိုအချစ်ဆုံးလို့ပြောကြတယ်။ ကျွန်တော်ကတော့ အမြဲလိုလိုပဲသူနဲ့စနောက်ရန်ဖြစ်နေခဲ့တာ
များပါတယ်။
အဘွားဇာတိက မြစ်ဝကျွန်းပေါ်ဘက်ကပေါ့။ ကျွန်တော်လည်းအဲ့ဒီ့မှာ
မွေးတာပါပဲ။ ဒါပေမယ့် ၀န်ထမ်းဖြစ်တဲ့ မိဘနှစ်ပါးပြောင်းရွှေ့အခြေချရာဖြစ်တဲ့ မန္တလေးကိုငယ်ကတည်းက
ကျွန်တော်လိုက်ပါနေခဲ့ရတာပေါ့။ သိပ်မကြာပါဘူး။ ၂ နှစ်လောက်နေတော့ အဘွားလည်း ကျွန်တော်တို့နဲ့အတူ
လာနေပါတယ်။ ကျွန်တော် ၂ တန်း ၃တန်းအရွယ်လောက် ဖြစ်မယ်ထင်ပါတယ်။ ရုတ်တရက်ဆိုတော့ အဘွားလည်းပျင်းရှာမှာပါပဲ။
သူက မှောင်ခိုခေတ်တစ်ခုလုံး စီးပွားရှာပြီး သားသမီး ၄ ယောက်ကိုဘွဲ့ရအောင် ပညာသင်ပေးခဲ့သူလေ။
အခုတော့ နယ်မြေအသစ်မှာ ယောင်ချာချာဖြစ်ရုံမက ဇရာကလည်း စတင်ဝင်ရောက်နေပြီပေါ့။ အနီးအနားက
အိမ်တွေက သက်ကြီးရွယ်အိုအဘွားကြီးတွေနဲ့ အလွမ်းသင့် အောင်ပေါင်းလာရပြီပေါ့။ ဒီလိုနဲ့
ဘွားဘွားကိုအကြောင်းပြုပြီး ကျွန်တော်တို့အိမ်ကိုရောက်လာတဲ့ အဘွားကြီးတွေကို ကျွန်တော်သတိထားမိလာပါတယ်။
ပထမဆုံးတစ်ယောက်က ဒေါ်တင်ကြီးလို့ခေါ်ပါတယ်။
အိမ်ကလည်း ၃ အိမ်လောက်ပဲခြားပါတယ်။ သူစကားပြောရင် အသံတုန်တုန်နဲ့ပြောတတ်တယ်။ အသက်ကြီးလို့တုန်တဲ့သဘောမဟုတ်ဘဲ
မူလအသံကိုက အဲ့လို တုန်တုန်ရီရီအသံမျိုးပါ။ သူက အဘွားကို အစ်မလို့ခေါ်တတ်တယ်။( တော်တော်များများလည်း
အစ်မလို့ပဲခေါ်ကြပါတယ်။ အဘွားက သူ့သူငယ်ချင်းတွေအားလုံးထက်အသက်ကြီးတယ်လေ) ဒေါ်တင်ကြီးကို
ကျွန်တော့် အနေနဲ့ မနှစ်မြို့ဘူး။ ကျွန်တော်က ငယ်ကတည်းက အကစားသိပ်မရှိဘဲ ငြိမ်ပြီးစာဖတ်နေတတ်တာများတာကိုး။
သူက ကျွန်တော့်ကို အရမ်းလိမ္မာတာပဲ၊ငြိမ်လိုက်တာ မိန်းကလေး ကျနေတာပဲတဲ့။ တစ်ခါမဟုတ်
နှစ်ခါမဟုတ်။ လာတိုင်းပြောနေ တော့တာ။ ကျွန်တော်ဖြင့် သူလာရင်ထပြီးတော့ခုန်ပေါက်နေရမှာလိုလို၊
ပြူတင်းပေါက်မှန်တစ်ချက်လောက်ကွဲသွားအောင် ဘောလုံးနဲ့ပဲပစ်ပေါက်လိုက်ရမှာလိုလို .
. ဘာလုပ်ရမှန်းမသိဘူး။ ဒီအဘွားဟာ မလှုပ်မယှက်အေးအေးဆေးဆေးနေတာ ကို မိန်းကလေးဗီဇနဲ့တွဲမှတ်ထားပုံရပါတယ်။
ခက်တာက သူကိုယ်တိုင်ကိုက ဟိုစပ်စပ် ဒီစပ်စပ်ပါနေတော့တာပါ။ သူ့အိမ်က ချွေးမ ကလည်းသူ့ကိုသိပ်ကြည်ဖြူပုံမပေါ်ပါဘူး။
မကြည်ဖြူဆို သူကိုယ်က မနေတတ်မထိုင်တတ်ပုံစံမျိုးတွေ ရှိနေတာပါ။ ထားပါတော့လေ။
နောက်တစ်ယောက်က ဒေါ်ဆိတ်လို့ အများကခေါ်ကြလေရဲ့။
အဲ့ဒါက နာမည်အရင်းဟုတ် မဟုတ်ကိုတော့ ကျွန်တော်မသိပါဘူး။ သူလည်း သနားစရာပါ။ အသက်ကလည်း
အဘွားနဲ့မတိမ်းမယိမ်းပါပဲ။ အိမ်က ဆင်းရဲတော့ အနှိပ်သည်လုပ်ပြီး ပိုက်ဆံရှာနေရတုန်းပေါ့။
အမှန်က နှိပ်တတ်လို့တော့မဟုတ်ရှာပါဘူး။ ဒေါ်ဆိတ်ဟာ ခါးအရမ်းကိုင်း နေပြီ။ သူ့သွားတွေက
အပေါ်ရောအောက်ရော အရမ်းခေါထွက်နေပြီး အချို့ကလေးတွေ ကြောက်လောက်တဲ့ ရုပ်ရည်မျိုး ရှိပါတယ်။
မနက်မနက်ဆိုရင် လမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်နဲ့အီကြာကွေးစားနေတာကို ခဏခဏ တွေ့ရတယ်။
ဆိုင်က အလကားသဘောမျိုး ဒါနပြုတာဖြစ်ပါတယ်။ သူအိမ်ကိုရောက်လာတာကတော့ ထုံးစံအတိုင်း ကျွန်တော့အဘွားကို
နှိပ်ပေးဖို့အတွက်ပဲပေါ့။ နှိပ်ပေးပြီးရင်တော့ ချကျွေးတဲ့မုန့်တွေကို တ၀တပြဲစားတတ်ပါတယ်။
အဘွားက အိမ်လာတဲ့သူတွေကို ကျွေးကျွေးမွေးမွေးရှိတတ်ပါတယ်။ မစားရင်လည်းအတင်းစားခိုင်းပါတယ်။
(ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် အထက်စီးဆန်တဲ့ဆက်ဆံရေးမျိုးပဲပေးခဲ့တာပါ။ အဘွားကသူ့သူငယ်ချင်းတွေထက်
သာလွန်တဲ့ အနေအထားတစ်ရပ်မှာရှိနေခဲ့တာကိုး) အမှန်တော့ ဒေါ်ဆိတ်ဟာ ပြောခဲ့တဲ့အတိုင်း
မနှိပ်တတ်ဘဲလိုက်နှိပ်ပေးနေသူပါ။ သူ့ဆီက အနှိပ်ခံပြီးရင်ကိုယ်တွေလက်တွေနာပြီးကျန်ခဲ့တယ်လို့
အဘွားကပြောပါတယ်။ ဒီလိုနဲ့ သူတို့ ၂ ယောက်ကြားက ဆက်ဆံရေးက ကြာကြာတော့မခံခဲ့ဘူးပေါ့။
နောက်ပိုင်းမှာ အဘွားကနှိပ်ဖို့မခေါ်လည်း ဒေါ်ဆိတ်ကြီးက အိမ်ရှေ့ကို ရောက်ရောက်လာတတ်တယ်။
မျက်စိမှုန်တော့ လှမ်းလှမ်းအော်တာပေါ့။ ဒီလိုအခါမျိုးမှာဆိုရင် အဘွားကအနှိပ်မခံလိုတော့
တဲ့အတွက် ကျွန်တော်ကပဲ အဘွားမရှိကြောင်း ကြားဝင်လိမ်လည်ပေးရပါသေးတယ်။
ကျွန်တော်တို့ အိမ်ဘေးကပ်ရပ်မှာ ဒေါ်ညွန့်ဆိုတဲ့
အဘွားတစ်ယောက်လည်းရှိပါသေးတယ်။ ဒါပေမယ့် သူက ကျွန်တော့အဘွားထက် အသက်၂၀လောက်ကို ငယ်မှာပါ။
အဘွားကတော့သူ့ကို မညွန့်လို့ခေါ်ပြီး သူကတော့ အဘွားကို အမေလို့ ခေါ်ပါတယ်။ ဘာပဲဖြစ်ဖြစ်
သူတို့၂ယောက်ကလည်း စကားပြောဖော်သူငယ်ချင်းတွေဖြစ်ခဲ့သေးတာပေါ့။ အဘွားညွန့်က အရာရှိတစ်ဦးရဲ့ယောက္ခမဖြစ်ပါတယ်။
သူတို့အိမ်က ကျွန်တော်တို့ထက် အများကြီးအဆင်ပြေချောင်လည် ကြပါတယ်။ ဒါပေမယ့် အဘွားညွန့်ကတော့
ဇိမ်ရှိရှိမနေခဲ့ရပါဘူး။ မီးဖိုချောင်မှာပဲ အချိန်ကုန်သွားရသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါထက်ဆိုးတာက
သမက်ထက်စာရင် သမီးအရင်းမျက်နှာကို အရိပ်အခြေကြည့်နေရတဲ့အနေအထား ဖြစ်ပါတယ်။ သူ့မှာ သူ့မြေးအရင်းကိုတောင်
စိတ်တိုလို့မငေါက်ဝံ့တဲ့အခြေအနေတွေရှိခဲ့ပါတယ်။ ဒီမြေးကလေး မွေးလာတဲ့ အချိန်ကစပြီး
အိမ်ရဲ့စီးပွားရေးထောင်တက်လာတာဆိုတော့ အားလုံးဖူးဖူးမှုတ်ထားတဲ့အချိန်မှာ ဘွားအေနေရာက
ဆိုဆုံးမ မှုကတောင် အရောမထင်ခဲ့တဲ့အနေအထားပေါ့။ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ စိတ်ထားနူးညံ့ကောင်းမွန်တဲ့
အဘွားညွန့်ဟာ ကျွန်တော့်အဘွားထက် အသက် ၂၀လောက်ငယ်ပေမယ့် အဘွားထက် စောပြီးလောကကြီးကိုနှုတ်ဆက်ခဲ့ရပါတယ်။
သူ့မှာ ဘယ်လိုဝန်တွေ ပိခဲ့သလဲ၊ဘယ်အတိုင်းအတာအထိလည်းဆိုတာကတော့ ကျွန်တော်တို့အတိအကျမသိနိုင်ခဲ့ပါဘူး။
ကျွန်တော်တို့နေတဲ့နေရာက ၀န်ထမ်းလိုင်းခန်းတွေဆိုတော့
တစ်ခါတစ်ရံ ဒီနားတင်ကို ပြောင်းရရွှေ့ရတာမျိုးတွေ ရှိပါတယ်။ အဲဒီ့အခြေအနေကို ကျွန်တော်တို့လည်း
မရှောင်လွှဲနိုင်ခဲ့ဘူးပေါ့။ ကျွန်တော်ဆယ်တန်းဖြေတဲ့နှစ်မှာ တစ်ဖက် လမ်းအကွေ့ဘက်ကို
လိုင်းခန်းပြောင်းခဲ့ရပါတယ်။ အဲ့ဒီ့မှာ အိမ်နီးနားချင်းအသစ်တွေနဲ့ သူငယ်ချင်းအသစ်တွေကို
အဘွား ထပ်ပြီးရခဲ့တာပေါ့။ လိုင်းခန်းအသစ်ရဲ့ကပ်ရပ်အိမ်မှာ အဘွားတစ်ယောက်ရှိပါတယ်။ ကျွန်တော့်နားထဲထူးခြားနေတဲ့
အချက်ကတော့ အဲ့အဘွားရဲ့အသံဟာ အပြားလိုက်ကြီးဖြစ်ပါတယ်။ အသံမှာ ပြားတာလုံးတာရှိသလား
ကျွန်တော် မသိပေမယ့် သေချာတာကတော့ သူ့အသံဟာတကယ်ကိုအပြားလိုက်ကြီးပါ။ သူ့နာမည်ကိုကျွန်တော်
သေချာမသိပါဘူး။ ဒေါ်ပြားကြီးလို့ပဲ ကျွန်တော့်စိတ်ထဲကအမည်ပေးထားလိုက်တယ်။ ဒေါ်ပြားကြီးက
လူကောင်ခပ်သေးသေး ခပ်ပိန်ပိန်ရယ်။ သူ့သမီးကလည်း အဲ့လိုပဲ။ သူ့မြေးတွေလည်း အဲ့လိုပဲ။သူတို့တစ်အိမ်လုံး
လူကောင်သာသေးပေမယ့် အသံကတော့ တကယ်စွာတဲ့အိမ်ဖြစ်ပါတယ်။ ဒေါ်ပြားကြီးဟာ ပင်ပန်းရှာပါတယ်။နောက်ဖေးမှာ
မွေးထားတဲ့ဝက်၂ကောင်အတွက် မနက်အစောကြီးထပြီး ၀က်စာချက်လေ့ရှိတယ်။ အိမ်ကသိပ်အဆင်ပြေပုံမရတဲ့ကြားထဲမှာ
ဒေါ်ပြားကြီးမှာ လုပ်လည်းလုပ် အပြောလည်းခံရရှာတယ်။ မြေးတွေကလည်း သိပ်မလေးစားကြပါဘူး။
ဒေါ်ပြားကြီးကလည်း လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းရှိတတ်တာကိုး။ ထမင်းအိုးတူးလိုက်၊
ဟိုဟာဒီဟာကျကွဲလိုက် ခဏခဏဖြစ်တတ်ပါတယ်။ အဆိုးဆုံး ကတော့ ကျွန်တော်ပြောခဲ့သလိုပဲ သူနဲ့မဆိုင်
သူလည်းနားမလည်တဲ့ကိစ္စတွေမှာ သူ့အသံပြားပြားကြီးနဲ့ လျှောက်ပြောပြီး ၀င်ပါတတ်တာပါပဲ။
အဲ့လိုပြောတိုင်းလည်းသူ့သားသမီးတွေ မြေးတွေက အမေနဲ့မဆိုင်ပါဘူး သိလည်းမသိဘဲနဲ့လို့
ဝိုင်းအော်ကြမြဲပါပဲ။ ကျွန်တော်တွေးကြည့်ပါတယ်။ သူ့စကားကို ဘယ်သူမှမှ နားမထောင်တာ ဘာလို့မသိဘဲ
ဝင်ဝင်ပြော နေတာပါလိမ့်ပေါ့။ ဖြစ်နိုင်တာကတော့ သက်ကြီးရွယ်အိုတွေရဲ့ တစ်နည်းတစ်ဖုံလူရာဝင်လိုစိတ်၊
အသိုင်းအ၀ိုင်းအပြင်ကို ဖယ်ထုတ်ထားတာကို ငြင်းပယ်လိုစိတ်တွေ အခြေခံမယ်ထင်တာပါပဲ။ ဘာပဲဖြစ်ဖြစ်
ဒေါ်ပြားကြီးဟာအဘွားနဲ့အတူ ဥပုသ်စောင့်ဖော်စောင့်ဖက်၊ ဘုရားအတူသွားနေကြ အဖော်ဖြစ်ခဲ့ပါတယ်။
ဥပုသ်စောင့်ရာကနေသိကျွမ်းလာတဲ့ ဘွားဘွားရဲ့သူငယ်ချင်းတွေလည်းရှိပါတယ်။
အဲ့ထဲကမှ သူနဲ့အတော်လည်း ရင်းနှီးပြီး အဘွားရဲ့အနွံအတာကိုခံခဲ့ရှာတဲ့တစ်ယောက်ကတော့
ဒေါ်ခင်သန်း ဖြစ်ပါတယ်။ မျက်နှာချိုတယ်၊ ရယ်ရယ်မော မောနေတတ်တယ်။ အဘွားဆိုးသမျှ ပြောသမျှကိုလည်းအတော်သည်းခံနိုင်ပါတယ်။
ဒေါ်ဆိတ်ကြီးနဲ့ အနှိပ်မခံတော့တဲ့ နောက်ပိုင်းမှာ ဒေါ်ခင်သန်းက အဘွားကိုနင်းပေးနှိပ်ပေးသူ
ဖြစ်လာပါတယ်။ အိမ်ကိုလည်း အများဆုံးဝင်ထွက်သွားလာ ခဲ့သူပေါ့။ ကျွန်တော်တို့အိမ်ဟာ သူ့အတွက်စားအိမ်သောက်အိမ်လိုဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ကလည်း ဘွားဘွားနဲ့ အချိန်ကြာကြာပေါင်းနှိင်ပြီးအဆင်ပြေနေတဲ့ ဒေါ်ခင်သန်းကို
လိုလိုလားလားကျွေးမွေးခဲ့တယ်။ ဒါပေမယ့် ဒေါ်ခင်သန်းက အခွင့်အရေးရလို့ လာနေတဲ့သူတော့
မဟုတ်ခဲ့ပါဘူး။ အိမ်အတွက်ဆိုပြီး မုန်ကလေးတွေ တိုတိုထွာထွာ အမြဲယူလာပေး တတ်ပါတယ်။ တန်ဖိုးအရ
နည်းပါးပေမယ့် သူ့စေတနာကိုကျွန်တော်တို့မြင်ခဲ့ကြပါတယ်။ ဒေါ်ရွှေဆိုတဲ့တစ်ယောက်လည်း ရှိသေးတယ်။
သူကလည်း ဥပုသ်စောင့်ရင်းသိခဲ့တာပဲ။ ကျွန်တော့်မျက်စိထဲမှာတော့ ဒေါ်ရွှေပုံစံက ရယ်စရာကောင်းတယ်။
စကားပြောတာလည်းဗလုံးဗထွေးနဲ့ အရမ်းမြန်တယ်။ လမ်းလျှောက်တာလည်း အရမ်းမြန်တယ်။ ဘွားဘွားနဲ့ဆိုရင်
အဲ့ဒီ့လမ်းလျှောက်မြန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြဲကွိစိကွစ ဖြစ်နေကျပေါ့။ ဥပုသ်ကျောင်းက
အတူလမ်းလျှောက်ပြန်ရင်း ခဏနေရင် ဒေါ်ရွှေကရှေ့ကိုကျော်တတ်သွားပြီ။ အဘွားက အတူတူပြန်တာကို
စောင့်ပြီးမလျှောက်ရကောင်းလားလို့ အော်တယ်။ ဒေါ်ရွှေကတော့ ထိန်းလို့ကိုမရတာလို့ အူတူတူ
ပြန်ပြောတယ်။ ဒါမျိုးခဏခဏဖြစ်နေတာပါ။ နောက်တစ်ခုက ဒေါ်ရွှေစကားပြောရင် လျှာကလေးနှုတ်ခမ်းကိုသပ်သပ်ပြီးပြောလေ့ရှိတယ်။
အမှန်ကအကြောဆွဲတာလား သူငယ်နာလို ဖြစ်တာလားသေချာတော့မသိပါဘူး။ သူက ခဏခဏလုပ်လွန်းတော့
လျှာထုတ်ပြီးပြောင်ပြ နေသလိုထင်ရတယ်။ ဒေါ်ချက်ကြီးတို့၊ ဒေါ်ဂေါက်ကြီးတို့ ဆိုတာတွေလည်းရှိပါတယ်။
သူတို့ကတော့ သိပ်မရင်းနှီးကြဘူးပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ ဘွားဘွားနေမကောင်းဖြစ်ရင်
ဥပုသ်ကျောင်းကသူ့အဖွဲ့သားတွေ အုပ်စုလိုက်ကြီး အိမ်ကိုလာတတ်တယ်။ စကားတွေ ပြောကြဆိုကြပေါ့။
သူတို့အတွက် ဥပုသ်ကျောင်းဟာ လူငယ်တွေလက်ဖက်ရည်ဆိုင်ထိုင်တဲ့ ခံစားချက်မျိုးပဲ ရှိမယ်ထင်ပါတယ်။
တရားသဘောအရ တကယ်ထိထိရောက်ရောက်မရှိနိုင်ကြပေမယ့် သက်တူရွယ်တူ ခံစားချက်တူတွေ အချင်းချင်းမို့
ပြောကြဆိုကြ ရယ်ကြမောကြနဲ့ အိမ်မှာတစ်ယောက်ထဲ ပျင်းပျင်းနဲ့ တောင်တောင်အီအီတွေးနေတာထက်
စာရင်တော့ ပိုကောင်းမှာပါ။
နောက်ထပ် အိမ်နီးနားချင်းအဘွားတစ်ယောက်ရှိသေးတယ်။
သနားစရာပါ။ နာမည်ကဒေါ်ဂျမ်းတဲ့။ ပုပု၊ခပ်ဖိုင့်ဖိုင့်။ မျက်နှာမှာ ရိုးအ, ကြောင်းအတိုင်းသားပေါ်နေတဲ့
အဘွားတစ်ယောက်ပါပဲ။ သူ့သမက်က ဆေးမှူးတစ်ယောက်။ ဒါပေမယ့် ဒေါ်ဂျမ်းကြီးက ကျန်းမာရေးဂရုမစိုက်။
ပေပေတေတေနေတာ။ စားချင်တာစား၊ အအေးကလည်းကြိုက်။ ပြီးတော့ ကျွန်တော့်အဘွားလို တစ်ခုမဟုတ်တစ်ခု
လုပ်နေတဲ့သူမျိုးမဟုတ်ဘူး။ ဘွားဘွားကတော့ ပြောစမှတ်ပြုလောက် အောင် ဓားတစ်ချောင်းကိုင်ပြီး
ခြံထဲဆင်း ရှိသမျှ ပေါင်းပင် မြက်ပင် လျှောက်ခုတ်နေတော့တာလေ။ ဒေါ်ဂျမ်းကတော့ ဆန့်ကျင်ဖက်။
အိပ်တယ်။ တီဗီထိုင်ကြည့်တယ်။ ဖက်ကြမ်းတစ်လိပ်ကို နှုတ်ခမ်းကမဖြုတ်။ ဒီလိုနဲ့ လေဖြတ်သလိုဖြစ်သွားရောလား။
ပြန်ကောင်းလာပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာတွေပါထိကုန်တယ်ထင်ပါရဲ့။ ကလေးဆန်လာတယ်။
မုန့်ဆိုင်သွားပြီး အာလူးကြော်ဝယ်ဝယ် စားတတ်တယ်။ သူ့ကိုလမ်းများများလျှောက်ခိုင်းဖို့
အိမ်ကပြောတာမရဘူး။ ဒီတော့သူစားချင်တာကိုမုန့်ဆိုင်ကိုသွားပြီး ကိုယ်တိုင်ဝယ်ခိုင်းခြင်းကပဲသူ့ကိုလမ်းလျှောက်စေမယ့်
နည်းလမ်းဖြစ်တယ်။ ဆံပင်ဖြူဖြူတွေကြောင့်အပြင် လေဖြတ်ထားတဲ့သူဆိုတော့ ခေါင်းခဏခဏ ယားတယ်ပြောတာပဲ။
သူ့ခေါင်းကိုအမြဲလိုလိုကုတ်နေတတ်တယ်။ သူ့အိမ်ကပြောတယ်။ တားတယ်။ မရဘူး။ ဒေါ်ဂျမ်းတို့က
ကုတ်မြဲကုတ် လျက်ပဲ။ ဒါနဲ့ နောက်ပိုင်းမှာ သူ့ကို ကတုံးရိတ်ပေးလိုက်ကြတယ်။ ဒေါ်ဂျမ်းကတော့
အေးဆေးပဲ။ အဟိဟိ လို့ရယ်လိုက်ရင် တကယ့်ကလေးလေးမျက်နှာအတိုင်း ကျွန်တော်ခံစားရတယ်။ ကျန်းမာနေတုန်းကတော့သူလည်း
အဘွားနဲ့စကားပြောဖော် တွေထဲက တစ်ယောက်အပါအ၀င်ပါပဲ။ သူချူချာလာပြီးနောက် မှာတော့ အိမ်ဘက်ကိုသိပ်မရောက်ဖြစ်တော့ဘူး။
အရမ်းလည်းမေ့တတ်လာတာကိုး။ သူမုန့်သွားဝယ်ရင်တော့ အိမ်ရှေ့ကဖြတ်သွားလေ့ရှိတယ်။ ဒါပေမယ့်
အိမ်ကိုမမှတ်မိ လို့မ၀င်တော့ဘူး။
မနှစ်က နှစ်ဆန်းပိုင်းမှာ ဘွားဘွားဆုံးပါတယ်။
အသက် ၉၂ ပါ။ ရောဂါအခံကြီးကြီးမားမားမရှိပါဘူး။ လူကြီးနာ သဘောမျိုးနဲ့ပဲဆုံးခဲ့ပါတယ်။
ဘွားဘွားဟာ သူမဆုံးခံ ၂ လလောက်အလိုအထိ ဒေါင်ဒေါင်မြည်သွားနိုင်လာနိုင်တုန်းပါ။ သူတောင်ဝှေးကိုင်ခဲ့ရတဲ့ကာလက
၁နှစ်တောင်မရှိခဲ့ဘူးထင်ပါတယ်။ အိပ်ရာပေါ်မှာလဲပြီး နာခြင်းဆင်းရဲကို သိပ်အကြာကြီး မခံစားခဲ့ရပါဘူး။
ဆောင်းတွင်းကာလရဲ့တစ်ခုသော့ မနက်အစောကြီးမှာ အဘွားဆုံးပါတယ်။ ၀န်ထမ်းလိုင်းခန်းတွေမှာမို့လို့
ဘွားဘွားအလောင်းကို ရေခဲတိုက်ပို့ရပါတယ်။ ရေခဲတိုက်မပို့ခင် ဒေါ်ဂျမ်းကြီးနဲ့ဒေါ်ပြားကြီးရောက်လာပြီး
ဘွားဘွားကို လာကန်တော့ကြပါတယ်။ အစ်မတော့ ကောင်းရာမွန်ရာရောက်မှာပါလို့ ဒေါ်ပြားကြီးကပြောပါတယ်။
ဒေါ်ဂျမ်းကတော့ ဘာမှမပြောပါဘူး။ သူ့ခေါင်းလေးသူကုတ်ရင်း ဖက်ကြမ်းတစ်လိပ်ကိုမီးညှိနေတာပေါ့။
အဘွားဆုံးပြီး တစ်လလောက် နေမှ ဒေါ်ခင်သန်းကြီးအိမ်ကိုရောက်လာတယ်။ သူက ၀န်ထမ်းလိုင်းခန်းမှာမနေတော့ဘဲ
အပြင်ရပ်ကွက်တစ်ခုမှာနေတာဆိုတော့ သတင်းမသိဘူးပေါ့။ အိမ်ရောက်လာတော့မှ ဆုံးပြီဆိုတာလည်းသိရရော
ခမျာ ငိုရှာပါတယ်။သူတို့နှစ်ယောက်က အတော် ပေါင်းဖြစ်ခဲ့ကြတာကိုး။ အဘွားရက်လည်မှာတော့
ဒေါ်ရွှေတို့ တစ်ယောက် မုန့်ဟင်းခါးလာစားတာတွေ့လိုက်ရတယ်။ ဒေါ်တင်တို့ ဒေါ်ဆိတ်တို့ကတော့
မလာကြပါဘူး။ အဘွားဆုံးပြီး နောက်ပိုင်းမှာကို ဒေါ်ဆိတ်ကြီးတစ်ယောက် အိမ်ဘက်ကို လာလာရှာတတ်သေးတယ်။
နှိပ်ပေးဖို့ပေါ့။ (အမှန်က ဘွားဘွားဆုံးသွားတာကို ဒေါ်ဆိတ်ကြီး လုံးဝမသိလောက်ဘူး) ကျွန်တော့်အမေကတော့
အဘွားဆုံးတယ်မဆုံးဘူး ဘာမှမပြောတော့ဘဲ ဒေါ်ဆိတ်ကြီးကို ငွေလေးဘာလေး လှူလိုက်လေ့ ရှိပါတယ်။
နောက်ပိုင်း အိမ်ရှေ့မှာခဏခဏယောင်လည်လည်လာလုပ်နေတော့ မသိချင်ယောင်ပဲဆောင်နေရတော့တယ်။
အခုအချိန်မှာ အဘွားဆုံးသွားတာ ၁နှစ်ကျော်ခဲ့ပါပြီ။
သူ့သူငယ်ချင်းတွေလည်း အိမ်ကိုမလာတော့ပါဘူး။ ဒါပေမယ့်ကျွန်တော်ကတော့ သူတို့တွေကို ဟိုဟိုဒီဒီမှာ
မြင်နေရပါတယ်။ ဒီတစ်နှစ်အတွင်းမှာ သူတို့မှတ်ဥာဏ်တွေလည်း သိသိသာသာချိ့ယွင်းကုန်ကြပြီထင်ပါရဲ့။
အရင်က သူတို့လာနေကျအိမ်က ကောင်လေးတစ်ယောက်ဆိုတာတောင် သူတို့မသိတော့ဘူးထင်ပါရဲ့။ ကျွန်တော့်ကိုမှတ်မိပုံမရကြတော့ဘူး။
တွေ့ရင်နှုတ်မဆက်ဘဲ ထွက်သွားတတ်ကြတယ်။ ဒေါ်ခင်သန်းကြီးတစ်ယောက်ကို နေပူထဲမှာ တောင်းကြီးတစ်လုံးရွက်ပြီးသွားနေတာတွေ့လို့
ကျွန်တော်အတင်းသွားပြီး နှုတ်ဆက်တယ်။ မမှတ်မိတော့ဘူး။ အဘွားနာမည်ပြောလိုက်မှ သြော သိပြီသိပြီ
တဲ့။ ဒေါ်ရွှေတစ်ယောက်လည်း လမ်းကိုဘောက်ဆတ်ဆတ်နဲ့ခပ်မြန်မြန်လျှောက်နေတုန်း။ လျှာတစ်လစ်တစ်လစ်လုပ်တုန်း။
ဒေါ်ပြားကြီးလည်း မနက်ဆို ၀က်စာထ ထ ကြိုနေတုန်း၊ အသံပြားကြီးနဲ့အော်နေတုန်း။ ဒေါ်ဂျမ်းလည်း
ခေါင်းကုတ်တုန်း၊ ဖက်ကြမ်းဖွာတုန်း၊ အာလူးကြော်တော့ သွားမ၀ယ်နိုင်တော့ဘူးထင်တယ်။ ဒေါ်တင်ကိုတော့
ခပ်ကြဲကြဲတွေ့ဖြစ်တယ်။ ကျွန်တော်အိမ်ရှေ့က အပင်တွေကိုရေလောင်းရင်း သူလမ်းလျှောက်ထွက်အလာနဲ့
ဆုံတတ်တယ်။ အခုမှ လှုပ်လှုပ်ရှားရှားယောက်ျားလေး နဲ့တူလာပြီလို့တော့ လာမပြောတော့ပါ။ သေချာတာတစ်ခုကတော့
ဘွားဘွားရဲ့သူငယ်ချင်းတွေဟာ သူတို့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ဘွားဘွားရဲ့သေဆုံးမှုကို
မေ့လျော့နေကြတယ် သို့မဟုတ် မေ့လျော့ထားကြတယ် သို့မဟုတ် သတိမရအားကြဘူးထင်ပါတယ်။ တစ်ချိန်က
စားအိမ်သောက်အိမ်ဖြစ်ခဲ့တဲ့ ကျွန်တော်တို့အိမ်ရဲ့ တည်နေရာကိုလည်း လိပ်စာပျောက်သွားကြပြီထင်ပါရဲ့။
အနည်းဆုံးအနေနဲ့ သူတို့အိမ်လာပြီး ဘွားဘွားနဲ့စကားပြောတိုင်း အနားမှာအမြဲလိုလိုရှိတတ်တဲ့
၊ရေနွေးဗန်းချပေး မုန့်ချပေးရတတ်တဲ့၊ ကျွန်တော့်ကိုတောင် မမှတ်မိကြတော့ဘူးထင်ပါရဲ့။
တစ်ခုခုတော့ တစ်ခုခုပါပဲ။ သူတို့အားလုံးထက် အဆင်ပြေပြေ ကျန်းကျန်းမာမာနေခဲ့ရတဲ့၊ သူတို့အပေါ်အထက်စီးက
အော်ဟောက်တတ်တဲ့ ဘွားဘွားရဲ့နာမည် ဒေါ်တုတ် ဆိုတာဟာလည်း သူတို့ခေါင်းထဲမှာမရှိနိုင်တော့တာ
သေချာလှပါတယ်။
မှူးနေ၀န်း
4.7.2013
No comments:
Post a Comment