Sunday, June 14, 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် (၆)


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် (၆)


ညှီပွနေတဲ့အနာထဲ
ပိုးလောက်တစ်ကောင် လွန့်လူးသလို
တစ်နေ့တော့ ပင်လယ်ထဲ
လူတစ်ယောက် လက်ပစ်ကူးလို့။

ပင်လယ်က လူကိုငြိမ်ငြိမ်နေခိုင်းတယ်
“မင်းကြောင့် ငါတော့ ဗွက်ပေါက်တော့မယ်” တဲ့။
ပင်လယ်က လူကိုငြိမ်ငြိမ်နေခိုင်းတယ်
“မင်းကြောင့် ငါ့မှာ ယားကျိကျိဖြစ်ရတယ်” တဲ့။

လူကဘာမှပြန်မပြော
တဗွမ်းဗွမ်းသာကူးခတ်တယ်
ဘာမှ ပြန်မပြော။

ဇနက္က၊ ကိုလံဘတ်စ်
ပိုဆိုက်ဒန် နဲ့ ဂျက်စပဲရိုး
တစ်မျိုးမျိုးများ ဖြစ်နေသလား
ပင်လယ်ဟာ သံသယ၀င်လာတယ်
သံသယ ၀င်လောက်အောင်လည်း
စကားသံမဲ့သူဟာ ကူးခတ်ဆဲပါပဲ။

မေခလာနတ်သမီးလည်း မရောက်ရှိ
ရှင်ဥပဂုတ္တဖောင်တော်နဲ့လည်း ၀င်မတိုက်မိ
တစ္ဆေသင်္ဘောကြီးလည်း မြူတွေထဲကထွက်မလာ
လူဟာသူ့ရဲ့ ဗလာဆန်ခြင်းနဲ့ ဖောင်းကားပွယောင်းသွား
သူ့ရဲ့ အထီးကျန်ခြင်းနဲ့ ရုန်းကန်ပျံတက်သွား
သူ့ပုခုံးကိုနင်းတက်သွားတဲ့ လူကိုကြည့်ရင်း
ပင်လယ်ဟာ ပါးစပ်အဟောင်းသား။


မှူးနေဝန်း
10 April 2014

No comments:

Post a Comment