Saturday, September 5, 2015

အိမ်အပြန်လမ်းမှာနှင်းမှုန်များကိုဖယ်၍ကြည့်ခြင်း


အိမ်အပြန်လမ်းမှာနှင်းမှုန်များကိုဖယ်၍ကြည့်ခြင်း

            လျူယန်းရှီတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါမှာ သူ့ဇနီးသည်ဟာ သူ့ကိုမမှတ်မိတော့ပါဘူး။ အပြင်လူတစ် ယောက်ကိုဧည့်ခံသလိုမျိုး ဝေဝေဝါးဝါး စကားပြောနေတဲ့ဇနီးသည်ဟာ သူ့ကိုမမှတ်မိရုံမျှမကဘဲ မစ္စတာဖန်းဆိုတဲ့ လူတစ်ယောက်အဖြစ်နဲ့အာရုံမှောက်မှားပြီး သူ့ကိုအိမ်ပြင်နှင်ထုတ်လိုက်ပါတယ်။ နှစ်ပေါင်းများစွာမျှော်လင့်ခဲ့ရတဲ့ လျူ ရဲ့ အိမ်ပြန်ခရီးဟာ ထင်သလိုဖြစ်မလာတော့ပါဘူး။

            Coming Home ဆိုတဲ့ဇာတ်ကားလေးဟာ နာမည်ကြီးတရုတ်ဒါရိုက်တာ ကျန်းယိမုရဲ့လက်ရာတစ်ခုဖြစ်တယ်။ Hero, House of the flying daggers, Cause of the golden flowers , Flowers of war စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ Zhang Yimou ဟာ ဒီကားမှာတော့ ဝါရင့်သရုပ်ဆောင်၂ဦးဖြစ်တဲ့ Chen Daoming , Gong Li တို့နဲ့အတူ တက်သစ်စ မင်းသမီးလေး Zhang Huiwen ကိုပါ ပွဲထုတ်လာပါတယ်။ မူရင်းဝတ္ထုကတော့ စာရေးဆရာမ Geling Yan ရဲ့ Criminal Lu Yanshi ဖြစ်တယ်။ ဇာတ်လမ်းကို ၁၉၆၀ ကျော် ၇၀ ဝန်းကျင်နှစ်များကို အခြေခံထားတယ်။ ပါမောက္ခတစ်ဦး ဖြစ်တဲ့ လျူယန်းရှီ( Chen Daoming) ဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ ချွေးတပ်အလုပ်သမားစခန်းကို အပို့ခံထားရတယ်။ ဇနီးသည် ဝမ်ယူ(Gong Li) နဲ့ သမီးငယ် တန်းတန်း(Zhang Huiwen) တို့နဲ့ဝေးရာမှာပေါ့။ တန်းတန်း အသက် ၃နှစ်ထဲက ခွဲခွာခဲ့ရတာ အခုအထက်တန်းကျောင်းသူအပျိုပေါက်လေးအရွယ်အထိပဲ။ တန်းတန်းဟာ အက တော် ပြီး ကျောင်းအကအဖွဲ့ထဲမှာပါဝင်ခွင့်ရတယ်။ ပြီးတော့ကပွဲတစ်ခုရဲ့ခေါင်းဆောင်အကမယ်နေရာမှာ ပါဝင်ရဖို့လည်း အလွန် စိတ်ထက်သန်နေချိန်မှာပဲ သူ့အဖေဟာ ချွေးတပ်စခန်းတစ်ခုနဲ့တစ်ခုအပြောင်းမှာထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းကို ကြားရတော့တယ်။ ပြီးတော့ ထွက်ပြေးသွားတဲ့နေရာကလည်းသူတို့မြို့နဲ့သိပ်မဝေးတဲ့ဘူတာတစ်ခုမှာတဲ့။

            ကျောင်းအုပ်ချုပ်ရေးမှူးက တန်းတန်းနဲ့သူ့အမေ ဝမ်ယူကိုခေါ်ပြီး လွတ်လာတဲ့အကျဉ်းသားအိမ်ပြန်လာရင် လက်မခံဖို့၊ သက်ဆိုင်ရာကိုအကြောင်းကြားဖို့၊ လျူယန်းရှီဟာပါတီရဲ့ရန်သူဆိုတာကိုမမေ့ဖို့ ပြောတဲ့အခါ မိခင်ဖြစ်သူမှာ သာ အံ့သြတုန်လှုပ်နေပေမယ့် သမီးဖြစ်သူတန်းတန်းကတော့ ပါတီရဲ့သစ္စာကိုအမြဲစောင့်သိမှာဖြစ်ကြောင်း ရဲရဲကတိပေး လိုက်တာကိုတွေ့ရတယ်။ ဒီနေရာမှာ နှလုံးသားနုနယ်စဉ်ကလေးဘဝထဲက ရိုက်သွင်းထားတဲ့ဝါဒရေးရာသံမှိုတွေဟာ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ တွေးမိပါတယ်။ ငယ်စဉ်ထဲကကွဲကွာသွားတဲ့ဖခင်ဖြစ်သူအပေါ်ရှိရမယ့် သံယောဇဉ်ကို ပါတီဝါဒကတ်ကြေးကဖြတ်တောက်ပစ်ခဲ့တာပါ။ ဒါတင်မကဘဲ အဲဒီ့ကတ်ကြေးနဲ့ပဲ တန်းတန်းဟာ အိမ်မှာ ရှိသမျှ ဖခင်ပုံမှန်သမျှကိုညှပ်ထုတ်ပစ်ခဲ့သူဆိုတာ တဖြည်းဖြည်းသိလာရပါတယ်။ ဝါဒအစွဲကြောင့် ဖခင်ကိုသူစိမ်းဆန်ဆန် ရင်ဆိုင်ဖို့ဆုံးဖြတ်ထားတဲ့တန်းတန်းကို နောက်ထပ်ထိုးနှက်ချက်တစ်ခုက နာကျင်အောင် ထပ်လုပ်ခဲ့ပြန်ပါတယ်။ အဲ့ဒါက တော့ ပါတီသစ္စာဖောက်ရဲ့သမီးဖြစ်တာကြောင့် ဘယ်လောက်ပဲအကကောင်းကောင်း ခေါင်းဆောင်နေရာကိုမရနိုင်တော့ ဘူးဆိုတဲ့ အထက်ကဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။

            ခဲလေသမျှသဲရေကျရတဲ့ တန်းတန်းဟာ မျက်ရည်စက်လက်နဲ့အိမ်ကိုပြန်လာတဲ့ညမှာပဲ လျူယန်းရှီဟာလည်း သူ့အိမ်ကို တိတ်တဆိတ်ပြန်ရောက်လာပါတယ်။ အိမ်ထဲမှာရှိတဲ့ဇနီးသည် ဝမ်ယူဟာ အပြင်ကတံခါးခေါက်နေသူဟာ ဆယ်စုနှစ်တစ်ခုကျော်ကွဲကွာနေရတဲ့သူ့လင်ယောက်ျားဖြစ်တယ်ဆိုတာကိုသိပါတယ်။ ဒါပေမယ့် တင်းကြပ်တဲ့ခေတ်စနစ် ဆိုးကြားမှာ တံခါးကိုဖွင့်ဖို့ချီတုံချတုံဖြစ်နေတယ်။ သူ့အိမ်အောက်မှာလည်း ထောက်လှန်းရေးတစ်ယောက် က စောင့်နေ သေးတာကိုး။ လွယ်လွယ်ပြောရရင် တန်းတန်းနဲ့ သူ့အဖေ လှေကားအတက်အဆင်းမှာတွေ့ကြတယ်။ ဖခင်ဖြစ်သူက ဝမ်းသာအယ်လဲဖြစ်နေသလောက် အကခေါင်းဆောင်နေရာပြုတ်ခဲ့ရတဲ့လတ်လတ်ဆတ်ဆတ်မကျေနပ်ချက်တွေ ပြင်းထန် နေတဲ့ တန်းတန်းကတော့ ကြောက်စရာကောင်းတဲ့ဆုံဖြတ်ချက်ကိုချခဲ့ပါတယ်။

           လျူယန်းရှီဟာ အိမ်ထဲကိုမဝင်ခဲ့ရပေမယ့် တံခါးအောက်ကနေ စာတစ်ဆောင်ထားခဲ့ပါတယ်။ ဇနီးသည်ကို နောက်တစ်နေ့ဘူတာရုံမှာချိန်းတဲ့စာပါ။ တန်းတန်းဟာ သူ့အမေကို မသွားဖို့တားပါတယ်။ အမေက သမီးဘက်ကို မကြည့် တော့ဘူးလား လို့တန်းတန်းက ငိုမဲ့မဲ့မေးတော့ မိခင်ဖြစ်သူက သမီးဘက်ကိုနှစ်ပေါင်းများစွာကြည့်ခဲ့ပြီးပြီ ၊ ဒီတစ်ခါတော့ သမီးအဖေအလှည့်ပဲ လို့ဆိုလိုက်တယ်။ တန်းတန်းကတော့ မကျေမနပ်နဲ့တံခါးပေါက်ရှေ့မှာပိတ်ပြီးထိုင်နေလိုက်ပါတယ်။ စိတ်ပင်ပန်းလူပင်ပန်းဒဏ်တွေနဲ့နိုးလာတဲ့အချိန် တန်းတန်းသိလိုက်ရတာတော့ အိမ်ထဲမှာမိခင်ဖြစ်သူမရှိတော့ဘူးဆိုတာပဲ။ ဒီအချိန်မှာ ဘူတာရုံတံတားအောက်ချောင်ထဲမှာ လျူယန်းရှီဟာ ပုန်းလျှိုးပြီးဇနီးသည်ကိုစောင့်နေပါပြီ။ ဝမ်ယူကလည်း အထုပ်အပိုးအပြည့်နဲ့ဘူတာရုံကိုရောက်လာပါပြီ။ အလုပ်ကြမ်းဒဏ်၊အနေအစားဆင်းရဲတဲ့ဒဏ်တွေကြောင့် အိုမင်းရင့်ရော် နေတဲ့လျူ ဟာ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ဇနီးကိုမြင်ရဖို့စိတ်လှုပ်ရှားနေပါတယ်။ လမ်းပေါ်ကမိုးရေအိုင်ထဲက ရေကို တဘက်နဲ့လှမ်းယူပြီး မျက်နှာသစ်ပုံ ၊ ဆံပင်ကိုပြန်သ လိုက်ပုံ ၊ ချစ်သူနဲ့ပြန်ဆုံခါနီးအသပ်ရပ်ဆုံးဖြစ်အောင်ကြိုးစားကြည့်ပုံ လေးဟာ အလွန်ချစ်ဖို့ကောင်းသလို သနားစရာလည်းကောင်းလှပါတယ်။ အပြန်အလှန်ရှာနေကြတဲ့ လင်မယားနှစ်ဦး အနက် အရင်တွေ့သွားသူကတော့ ဝမ်ယူပါ။ လျူက အသံပေးလို့အောက်ကိုငုံ့ကြည့်ရင်းတွေ့သွားတာပါ။ ဒါပေမယ့် လင်တော်မောင် လျူတစ်ယောက်တည်းကိုတွေ့ရတာမဟုတ်ပါဘူး။ သူရှိတဲ့နေရာကိုအပြေးလာနေတဲ့ ပါတီတပ်ဖွဲ့ဝင်တွေ ကိုပါတွေ့လိုက်ရတာပါ။ အဲ့တပ်ဖွဲ့ဝင်တွေနောက်မှာတော့ အပြေးလေးလိုက်လာတာကတော့ သမီးဖြစ်သူတန်းတန်းပေါ့။ လျှို့ဝှက်ချိန်းဆိုထားတဲ့ကိစ္စ ချက်ချင်းပေါက်ကြားသွားတယ်ဆိုတော့ ဒီစနက်ဟာ သမီးဖြစ်သူရဲ့အဆင်ခြင်မဲ့စနက်ပဲဆိုတာ သိသာပါပြီ။ ဒါပေမယ့် အဲ့ဒီ့ကိစ္စနောက်ထား အခုလုပ်ရမယ့်အလုပ်က လျူရေ ပြေးတော့လို့ အော်ဟစ်သတိပေးရုံကလွဲပြီး ဘာမှမရှိတော့ပါဘူး။

           ဘယ်လိုပဲသတိပေးပေးနောက်ကျသွားပါပြီ။ လင်မယားနှစ်ယောက်ပြန်ဆုံခါနီးလေးမှာပဲ ပါတီအဖွဲ့ဝင်တွေက ဝိုင်းဖမ်းလိုက်ပါတယ်။ လျူဟာထပ်ပြီးအဖမ်းခံလိုက်ရသလို ဝမ်ယူဟာလည်း တွန်းထိုးရုန်းကန်ရင်းလဲကျသွားပြီး ခေါင်းမှာ ဒဏ်ရာရသွားပါတယ်။ ဒီနေရာဟာ နောက်ထပ်ကြေကွဲဖွယ်ကာလတွေကို ထပ်မံအစပျိုးပေးခဲ့တဲ့ဆုံမှတ်ဖြစ်လာပါတယ်။ စိတ်ပင်ပန်းခြောက်ခြားမှုတွေ၊ မလုံခြုံမှုတွေအပြင် ခေါင်းကိုထိလိုက်တဲ့ဒဏ်ရာရဲ့ရလဒ်အဖြစ် ဝမ်ယူဟာ psychogenic amnesia လို့ခေါ်တဲ့ မေ့လျော့တဲ့ရောဂါတစ်ခုစွဲကပ်သွားပါတယ်။ အိမ်မှာနေ့စဉ်ပြုနေကျအလုပ်တွေကိုတောင် မေ့လျော့ သွားမှာစိုးလို့ စာတန်းလေးတွေကပ်ထားရပါတယ်။ သမီးဖြစ်သူတန်းတန်းကိုလည်းအိမ်မှာမနေစေတော့ပါဘူး။ တန်းတန်း ဟာစက်ရုံကအလုပ်သမားတန်းလျားမှာသွားနေရတယ်။ ဝမ်ယူ့စိတ်ထဲမှာအတိတ်ကာလကအဖြစ်အပျက်တွေကိုပဲမှတ်မိ ပြီး လက်ရှိအခြေအနေတွေကိုမေ့လျော့နေလေ့ရှိတယ်။ နောက် ၃နှစ်ကြာ ယဉ်ကျေးမှုတော်လှန်ရေးပြီးသွားလို့ ခင်ပွန်းဖြစ် သူ လျူယန်းရှီအိမ်ပြန်ရောက်လာတဲ့အထိကို သူ့ယောက်ျားကိုမမှတ်မိတော့ပါဘူး။ အထီးကျန်နှစ်များစွာမှာ သူမအပေါ် လွှမ်းမိုးခြိမ်းခြောက်မှုတွေရှိခဲ့တဲ့ မစ္စတာဖန်းဆိုတဲ့အမျိုးသားတစ်ဦးအဖြစ်ပဲမြင်နေပါတယ်။ တနည်းအားဖြင့် ကာလရှည်စွာ အနီးကပ်ဆက်ဆံပြီး စိတ်အာရုံထဲပြင်းပြင်းထန်ထန်ဝင်ရောက်ချုပ်ကိုင်ထားတဲ့မစ္စတာဖန်းရဲ့ ပုံရိပ်တွေက လျူ့အပေါ်ထား တဲ့အမှတ်သညာတွေကိုအနိုင်ယူသွားတာလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ်အကြောင်းအရင်းကတော့ ဝမ်ယူဟာ လျူရဲ့ ပုံကိုလည်းမမြင်ရတာကြာခဲ့ပြီးကိုး။ ဆိုခဲ့တဲ့အတိုင်း တန်းတန်းဟာ ဝါဒမှိုင်းဒဏ်ကြောင့်ဖခင်ကိုအကြောင်းမဲ့ရန်သူလို သတ်မှတ်ပြီး ငယ်စဉ်ထဲက ဖခင်ဓာတ်ပုံတွေကိုကတ်ကြေးနဲ့ဖြတ်ထုတ်ခဲ့တဲ့နောက်ဆက်တွဲလို့လည်း ယူဆနိုင်ပါတယ်။ လျူဟာ ဆရာဝန်နဲ့တိုင်ပင်တဲ့အခါမှာ ဝမ်ယူရဲ့စိတ်ဒဏ်ရာကိုကုသဖို့အတွက်ဆေးဝါးမရှိသေးကြောင်း ဒါပေမယ့် Deja Vu effect လို့ခေါ်တဲ့ အတိတ်တုန်းက ပုံစံတူဖြစ်ရပ်တွေ အသံတွေ ပုံရိပ်တွေဖန်တီးပေးနိုင်ရင်တော့ ရောဂါသက်သာလာနိုင် ကြောင်းပြောပါတယ်။ ဒီလိုနဲ့ ချစ်ဇနီးအတွက် လျူယန်းရှီရဲ့ကိုယ်တိုင်ကွင်းဆင်းကုသနည်းတွေကိုစတင်ရတော့တာပါပဲ။
            ဒီဇာတ်ကားလေးမှာ အဓိကသရုပ်ဆောင် ၃ယောက်လုံး သရုပ်ဆောင်တော်တော်ကောင်းကြတယ်။ စိတ်ဝေဒနာ 
ရှင်တစ်ယောက်ရဲ့အထီးကျန်မှုနဲ့ အားငယ်ခြောက်ခြားမှုသရုပ်၊ ကွဲကွာသွားတဲ့မိသားစုကို ပြန်လည်စုစည်းထိန်းသိမ်းဖို့ကြိုး စားနေရတဲ့ ဖခင်တစ်ယောက်ရဲ့သရုပ်နဲ့ တစ်ချိန်တည်းမှာပဲသူ့ကြောင့်မိသားစုဖရိုဖရဲဖြစ်ရတယ်ဆိုတဲ့ ဝမ်းနည်းမှု၊ ငယ်ရွယ် စဉ်မိုက်မိုက်မဲမဲလုပ်ရပ်နဲ့ကျောင်းသူလေး၊ မိခင်ရဲ့အပြစ်တင်တင်းမာမှုကြောင့်အဆင်မပြေအမြဲဖြစ်နေရတဲ့ကောင်မလေး အစရှိတဲ့ ကာရိုက်တာတွေ အပိုအလိုမရှိပီပြင်တာကိုတွေ့ရတယ်။ အထူးသဖြင့် လျူယန်းရှီရဲ့သရုပ်ဟာ ရုပ်ရှင်ကြည့်သူကို ကောင်းကောင်းစွဲဆောင်နိုင်ပါတယ်။ စခန်းကလွတ်လာပြီးဘူတာရုံမှာအထုပ်အပိုးတွေနဲ့ မှိုင်မှိုင်လေးထိုင်နေပုံတွေ၊ အဖေ့ကိုထောက်လှန်းရေးတိုင်လိုက်တာသမီးပါ လို့ တန်းတန်းကပြောတော့ အဖေသိပါတယ်ဆိုပြီး ဘာမှမဖြစ်သလိုဖြေပုံ တွေ၊ ပညာတတ်တစ်ယောက်ပီပီစိတ်အလိုကိုချုပ်တည်းပြီး ဇနီးအပေါ်သည်းခံပုံတွေဟာ မျက်စိထဲစွဲကျန်စေခဲ့တယ်။

            ဝမ်ယူဟာ လျူတည်ရှိနေမှုကိုလက်ခံပေမယ့် လျူကိုယ်တိုင်ကိုတော့ မသိစိတ်ကငြင်းပယ်နေပါတယ်။ ဒီရုပ်သွင် မဟုတ်တဲ့ သူ့စိတ်ထဲကတည်ဆောက်ထားတဲ့ လျူကိုပဲမျှော်နေပါတယ်။ လျူမလွတ်မီလှမ်းရေးလိုက်တဲ့စာထဲမှာ ၅ ရက်နေ့ ပြန်လာမယ်ဆိုတာပါတော့ လစဉ် ၅ ရက်နေ့ရောက်တိုင်းဘူတာကိုသွားကြိုရှာပါတယ်။ လျူက အခုမှပြန်လာတဲ့ဟန်နဲ့ သူမ ရှေ့မှာသွားရပ်ပေမယ့် သူမကတော့ မမှတ်မိပါဘူး။ လျူဟာ အမျိုးမျိုးကြံပါတယ်။ ရှားရှားပါးပါးငယ်ငယ်ကဓာတ်ပုံလေး ကို ရှာပြီးကြိုးစားပေမယ့်လည်း မအောင်မြင်ပြန်ဘူး။ လျူအမြဲတီးခဲ့တဲ့ စန္ဒယားကိုလည်း ကိုယ်တိုင်စန္ဒယားပြင်သူ ဟန်ဆောင် ပြီး အိမ်ထဲဝင်ပြင်ပါတယ်။ ဝမ်ယူက ဘူတာရုံမှာသွားကြိုနေတဲ့အချိန် လျူကအိမ်ထဲဝင်ပြီးစောင့်နေပါတယ်။ ဇနီးသည် ပြန်လာတာတွေ့တဲ့အခါ အိမ်ထဲကနေ စန္ဒယားလက်သံပေးပါတယ်။ ဝမ်ယူဟာ အတိတ်ကိုသတိရသွားပြီး လျူပုခုံးကို လာကိုင်တဲ့အထိတိုးတက်လာပါတယ်။ ဒါပေမယ့် မိနစ်ပိုင်းအတွင်းမှာပဲ ဝမ်ယူက လျူကို ရုန်းကန်ရိုက်ပုတ်လိုက်ပါတယ်။ ဝမ်ယူဟာ လျူကိုလက်မခံတော့ပါဘူး။ တစ်နည်းအားဖြင့် လျူယန်းရှီဟာ လျူယန်းရှီအဖြစ် သူ့ဇနီးနားနေဖို့ မဖြစ်နိုင်တော့ ပါဘူး။ ဒီလိုနဲ့လျူဟာ နောက်တစ်နည်းကိုကြံစည်ပါတော့တယ်။

            သူစခန်းမှာရောက်နေတုန်း ရရာစာရွက်မှာရေးပြီး အိမ်ကိုမပို့နိုင်ခဲ့တဲ့စာရွက်တွေ သေတ္တာတစ်လုံးနဲ့အပြည့်ကို ဝမ်ယူဆီရောက်အောင်ပို့ပြီး သူကိုယ်တိုင်ကတော့ စာဖတ်ပြသူအဖြစ်နဲ့ ဇနီးသည်နဲ့ရင်းနှီးမှုကိုပြန်ပြီးယူပါတယ်။ စာတွေကို ဖတ်ပြရင်းနဲ့ပဲ ဇနီးနဲ့သမီးနဲ့ကြားက အဆင်မပြေဖြစ်နေတာကိုလည်း ကြားဝင်ညှိနှိုင်းပေးနိုင်ခဲ့တယ်။ ဒီနည်းနဲ့ပဲ လျူဟာ သူ့ဇနီးနားမှာ ဆက်လက်နေသွားပါတယ်။ ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းဇာတ်ကွက်အနေနဲ့ ဆန်းဆန်းကြယ်ကြယ် ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဇာတ်လမ်းတစ်ခုလုံးကိုလည်း အိမ်ရယ် ဘူတာရုံမြင်ကွင်းရယ် အကသရုပ်ဖော်အချို့နဲ့ပဲ အဓိက တည်ဆောက်သွားတာပါ။ သို့ပေမယ့် ကြည့်သူရင်ထဲစွဲကျန်ရစ်စေမယ့် ရင်သပ်ရှုမောဖွယ်အသိတရားကို ချန်ရစ်နိုင်ခဲ့တာ ဟာ ဒီဇာတ်လမ်းရဲ့ထူးခြားချက်ဖြစ်ပါတယ်။ လျူဟာ သူ့ကိုယ်သူလျူဖြစ်ကြောင်း ဇနီးသည်ကိုသက်သေပြဖို့ ဆက်လက် မကြိုးစားတော့ပါဘူး။ အဲလိုအတင်းအကြပ်ရှင်းပြတိုင်း ဇနီးသည်ဟာ မစ္စတာဖန်းအဖြစ်သူ့ကိုမြင်ပြီး ထိတ်လန့်ခြောက်ခြား နေရမှုကို လျူကမဖြစ်စေလိုတော့ပါဘူး။ လျူဟာ လျူအဖြစ်ကိုစွန့်လွှတ်ပြီး အခြားလူတစ်ယောက်အဖြစ်နဲ့ ဇနီးအနားမှာ နေသွားပါတယ်။ ဇနီးနဲ့ထပ်တူ လျူကိုလိုက်ပြီးလွမ်းဆွတ်ပေးတယ်။ လျူပြောချင်တာတွေကို အခြားလူတစ်ယောက်အဖြစ် ပြန်လည်ပြောပြပေးတယ်။ ဒါဟာ အတော်မလွယ်တဲ့ကိစ္စပါ။ ချစ်ခြင်းတရားမှာ ပါဝင်နေတဲ့ ကိုယ်ပိုင်ပုံရိပ်အတ္တကို စွန့်လွှတ် ပစ်ခဲ့ခြင်းဖြစ်ပါတယ်။

            မိမိဖြစ်တည်မှုကို ချုပ်တည်းပစ်ဖို့ဆိုတာ လုပ်ကြည့်လေခက်လေကိစ္စဖြစ်ပါတယ်။ လူတွေဟာကိုယ့်ဖြစ်တည်မှုကို ထင်ရှားသထက်ထင်ရှားအောင် တည်ဆောက်ပြချင်ကြသူချည်းပါပဲ။ လျူဟာနှစ်ပေါင်းများစွာကွဲကွာနေရတဲ့ဇနီးနဲ့သမီးကို လူသား ဆန်စွာလွမ်းဆွတ်စွဲလမ်းမှာပဲ။ ဒါမထူးဆန်းပေဘူး။ ဒါကြောင့်လည်းအန္တရာယ်ကြီးမှန်းသိရက်နဲ့ထွက်ပြေးခဲ့တာပဲ။ ဒီလောက် အားစိုက်ထုတ်ခဲ့တာတောင် မဆုံနိုင်ခဲ့ဘူး။ နောက် ၃နှစ်အကြာတကယ်လွတ်လာတော့ ဆုံစည်းလိုစိတ်ဟာ နှစ်ဆတိုးလိမ့်မယ်။ အစောင့်ကြီးစောင့်ခဲ့ရသမျှဒီတစ်ခါရပြီလေ။ ဒီ့တိုင်အောင်ကံတရားဟာ သူလိုသလိုဖြစ်ခွင့်မပေးခဲ့ဘူး။ သာမန်လူတစ်ယောက်အဖို့မျှော်လင့်သလိုဖြစ်မလာတော့ပါလားဆိုတဲ့အသိနဲ့ စိတ်ဓာတ်ချုံးချုံးကျပုံလျက်လဲသွားနိုင်တဲ့ အခြေအနေတစ်ခုဖြစ်တယ်။ ဝမ်ယူရဲ့စိတ်ဝေဒနာလိုပဲ လျူရဲ့ခံစားချက်ဟာလည်း နာကျင်စရာကောင်းလှပါတယ်။ ဒါပေမယ့် လျူဟာ သူ့ကိုယ်သူထိန်းချုပ်နိုင်ခဲ့တယ်။ သူ့ဘက်ကအကောင်းဆုံးဖြစ်သင့်တာကိုကြိုးစားပေးနိုင်ခဲ့တယ်။ နောက်တစ်နည်းဆိုရရင် လျူဟာ အိမ်အပြန်လမ်းမှာ ရယူပိုင်ဆိုင်လိုခြင်းအချစ်နဲ့ လာခဲ့တယ်။ သူထင်သလိုဖြစ်မလာ တဲ့ အခါ မိသားစုအပေါ်ပြန်လည်စောင့်ရှောက်ပြုပြင်ပေးတဲ့ ပေးဆပ်ခြင်းအချစ်ကိုပြောင်းလဲပစ်နိုင်ခဲ့တယ်။ အဲ့ထက်ပိုတာက သူ့ဇနီးရဲ့ဝေဒနာသက်သာဖို့အတွက် လျူယန်းရှီအဖြစ်ကို စွန့်လွှတ်ပြီးအခြားသူတစ်ယောက်အနေနဲ့ တစ်သက်လုံး ရပ်တည်ပေးသွားတယ်။ ဒီလုပ်ရပ်ဟာ ချစ်ခြင်းတရားမဟုတ်ဘူး။ ချစ်ခြင်းတရားကိုလွန်မြောက်သွားတဲ့ မေတ္တာစိတ်ဖြစ် သွားပြီ။ အလွန်သန့်စင်တဲ့မေတ္တာတရားကို လျူဟာပြသသွားနိုင်တယ်။      

            ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းလေးဟာလည်း သိပ်ကြည်နူးဖို့ကောင်းတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် တစ်ခုသော ဆောင်းတွင်းကာလရဲ့ပြက္ခဒိန်စာမျက်နှာထက်က ၅ ရက်နေ့တစ်ခုဖြစ်ပါလိမ့်မယ်။ ဝမ်ယူဟာ အစဉ်အလာမပျက် လင်တော်မောင်ပြန်အလာကို ကြိုဖို့အလှပြင်နေတယ်။ ၃ဘီးတပ်ယာဉ်လေးပေါ်တက်ထိုင်ပြီး အဲ့ဘီးလေးကိုနင်းသူကတော့ လျူကိုယ်တိုင်ပဲပေါ့။ ပြီးတော့ ဘူတာရုံမှာသွားစောင့်တယ်။ ကုန်းကျော်တံတားပေါ်ကဆင်းလာတဲ့သူတွေကုန်သွားတဲ့အထိ နှစ်ယောက်သားအတူတူစောင့်ကြတယ်။ ဝမ်ယူဟာ ဝေသီနေတဲ့မျက်ဝန်းအစုံနဲ့စောင့်နေသလို လျူဟာလည်း လျူယန်းရှီ ဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ရင်း သူ့ဇနီးနှလုံးသားထဲကလျူယန်းရှီကို ကိုယ်တိုင်ပြန်စောင့်နေတယ်။ နှင်းမှုန်တွေကတော့ တဖွဲဖွဲကြွေဆင်းနေပါတယ်။ ချစ်ခြင်းတရားဟာ နှင်းမှုန်တွေနဲ့တူတယ်ဆိုရင် မေတ္တာတရားကတော့ မမြင်ရတဲ့လေထု ဖြစ်ပါ လိမ့်မယ်။ ချစ်ခြင်းနှင်းစတွေဟာ သူတို့ရောက်ရှိလာကြောင်းအသံမြည်ပြတတ်ပေမယ့် မေတ္တာတရားဆိုတဲ့လေထုဟာ လူမသိသူမသိကိုယ်ယောင်ဖျောက်နေတတ်တယ်။ သို့ပေမယ့် လေထုဟာ အမြဲရှိနေတာပဲမဟုတ်လား။ မသေမချင်း ရှူရှိုက်နေကြပေမယ့် လူတွေကမေ့လျော့နေမှုအပေါ်လည်းစောဒကမတက်ခဲ့ဘူးမလား။။ ဝမ်ယူနဲ့ လျူဟာ အတူတူ စောင့်နေကြတာချင်းတူသည့်တိုင်အောင် အဓိပ္ပာယ်ချင်းတော့ကွဲလွဲသွားပါပြီ။ အဓိပ္ပာယ်ကွဲလွဲပေမယ့် အဓိပ္ပာယ်မရှိဘူး လို့လည်း ပြောမရပြန်ဘူး။ ဘာလို့လည်းဆိုတော့ ဘဝဆိုတာကိုက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေရခြင်းပဲ မဟုတ်ပေဘူးလား။။          
           
မှူးနေဝန်း