Saturday, August 27, 2016

၉ တန်းတုန်းကနှင်းတွေ


၉ တန်းတုန်းကနှင်းတွေ --- အဆင်မပြေဘူးဆိုတာတွေ ခဏခဏကြုံနေရပေမယ့် အဆင်မပြေတဲ့ပုံစံက တစ်ခါနဲ့တစ်ခါ မထပ်ရဘူး။ အသွင်မျိုးစုံ ပတ်လမ်းမျိုးစုံနဲ့လာတော့ ရင်ဆိုင်ရတဲ့လူမျက်စိလည်တယ်။ သူနဲ့တွေ့ရင် ခံလိုက်ရတာချည်းပဲ။ မေဝါ လမ်းလျှောက်ပြန်လာရင်း အဲ့လိုပဲတွေးမိတယ်။ မိုးစိုစိစိထဲ ပျင်းပျင်းနဲ့သွားရသေးတယ်။ လမ်းမှာငှားတဲ့ကားကပျက်သေး။ စကားပြောရတာ အဆင်မပြေ။ လုပ်စရာအလုပ်ကလည်း မပြီး။ ကိုယ့်ဘက်ကယူစရာ စာရွက်စာတမ်းအချို့ ကျန်ခဲ့တာတော့ဟုတ်ပါတယ်။ သို့ပေမယ့် အဲ့လောက်အရေးကြီးတာလည်းမဟုတ်ဘဲ ရက်ချိန်းပြန်ယူခဲ့ရတာဆိုတော့ အတော်ကျွဲမြီးတိုစရာကောင်းတာ။ --- အပြန်ကျတော့ ကားကအဆင်ပြေပေမယ့် လမ်းသွယ်ထဲချိုးဝင်ဖို့ကားပိတ်နေတာနဲ့ ဆင်းလျှောက်ခဲ့ရတာ ဗွက်တွေ ပေကုန် စင်ကုန်ပြန်တယ်။ နောက်ဆုံးတော့ ကြံရာမရတဲ့အဆုံး မိုးကိုပဲကျိန်ဆဲရတာပေါ့။ ပြီးတော့မှ မိုးတစိမ့်စိမ့်ကျနေတုန်း ပြတင်းပေါက်ဘေးမှာကော်ဖီတစ်ခွက် စာအုပ်တစ်အုပ်နဲ့ ဟိုငေးဒီငေးနှပ်ရတာကို ဝါသနာပါလွန်းတဲ့မေဝါ တယောက် ရယ်ချင်သွားတယ်။ လက်တွေ့ဘဝက ရုပ်ရှင်မဆန်ဘူး။ ဒါနဲ့ လက်တွေ့ဘဝဆိုတာရော ရှိရဲ့လားလို့ လမ်းလျှောက်ရင်း တွေးနေမိတယ်။ မြင်ဖူးတဲ့ကာတွန်းထဲကလို ကိုယ်ကိုယ်တိုင်ကရော တခြားသူကြည့်နေတဲ့ စာအုပ်ထဲကဇာတ်ကောင် ၊ ပြဇာတ်ထဲကသရုပ်ဆောင် အစရှိသဖြင့်ပေါ့လေ တခုခုဖြစ်မနေနိုင်ဘူးလား။ အို ဒါငါ့အလုပ်မဟုတ်ပါဘူး။ ငါ့အလုပ်က ဗွက်တွေရှောင်နင်းဖို့ပဲလို့ စဉ်းစားပြီး ကိုယ့်အရှုပ်အထွေးကို ဖြည်ဖို့ကြိုးစားတယ်။ ဒါပေမယ့် မရဘူး။ ဆဲလ်ထဲက DNA အရွယ်အစားကနေပြီး စကြာဝဠာတစ်ခုလုံးအရွယ်အစားအထိ စကေးနဲ့ချဲ့ပြထားတဲ့ ၄မိနစ် ၅မိနစ်စာ ဗီဒီယိုလေးတွေ အွန်လိုင်းပေါ်ကကြည့်ဖူးတယ်လေ။ အဲ့ဒါကိုပြန်သတိရနေမိတယ်။ အလင်းအလျင်ထက်မြန်တာမရှိသေးဘူး ဘာညာနဲ့ အခုဗီဒီယိုကလစ်ထဲမှာက Multiverse တွေကိုချုံ့ချုံ့ပြလိုက်တာ ရွှတ်ခနဲရွှတ်ခနဲပဲ။ သိထားသမျှနယ်နိမိတ်အကုန်ကို ၅မိနစ်နဲ့ခရီးသွားပြတယ်ဆိုတာ အလင်းအလျှင်ထက်ပိုးဆိုးပက်စက်မြန်တဲ့နှုန်းပဲ။ စိတ်ကူးဉာဏ်ကွန့်မြူးမှုထက်တော့ ဘာကမှ ပိုမြန်နိုင်မယ်မထင်ပါဘူး။ ပြောချင်တာကဒီလိုလေ။ ဗလာနယ်ဖြစ်နေခြင်းဆိုတဲ့ကိစ္စက တွေးလေလေထူးဆန်း လေလေပဲ။ ဒီသိထားသမျှသော စကြာဝဠာတွေရဲ့အပြင်ဘက်ဆိုတာရောမရှိတော့ဘူးလားပေါ့။ သိပ္ပံအရတော့ ဘယ်လို ဖြေရှင်းမလဲ မသိပါဘူး။ စိတ်ကူးထဲမှာတော့ တွေးကြည့်လို့ရတာပဲ။ ဗလာနယ်ကိုဆွဲဆန့်ရတာလောက်လွယ်တာရှိမလား။ --- တွေးမိရင်းဆက်တွေးမိ။ ဒီစကြာဝဠာကြီးတစ်ခုလုံး။ ခုနဗီဒီယိုထဲကလို အသေးချုံ့ကြည့်ရင် အလင်းစက်လေးတွေ စုစည်းထားတဲ့ ကြီးမားလှတဲ့ယူနစ်ကြီးတစ်ခုလုံးဟာ အခြားသောသက်ရှိတစ်ခုရဲ့အသုံးအဆောင်ပစ္စည်းလေးတစ်ခုလည်း ဖြစ်မနေနိုင်ဘူးလားပေါ့။ ဥပမာ ဒီလင်းလင်းလက်လက်ကြယ်တွေ ဂြိုလ်အမှုန်တွေဟာ အခြားသောသက်ရှိကလေးတစ်ဦး ဆော့တဲ့ သံစုံမြည်ဖန်လုံးထဲကအရာတွေဖြစ်မနေနိုင်ဘူးလား။ ယူနစ်တွေနဲ့ပတ်သက်လို့ မေဝါ သံသယရှိတာအမှန်ပဲ။ တစ်ခါကလည်း ညီလတ်ပြောဖူးတာမှတ်မိတယ်။ ဘာတဲ့ (10-33cm)ထက်သေးတဲ့အလျားဆိုတာမရှိဘူးတဲ့။ အဲ့ထက်သေး ရင်အဓိပ္ပာယ်သတ်မှတ်လို့မရတော့ဘူး။ ပျောက်ဆုံးသွားတယ်တဲ့။ neglect လုပ်ပစ်လိုက်လို့ရတယ်တဲ့။ တဆုံးပြောရရင် ရှိကိုမရှိနိုင်ဘူးတဲ့။ မေဝါကတော့ နားမလည်ပါဘူး။ ပညာရပ်ဆိုင်ရာအဆောက်အအုံတွေကို စော်ကားတာမဟုတ်ပါဘူး။ ဒါပေမယ့် ဘာဖြစ်လဲ ဘာလို့မရှိနိုင်ရမှာလဲပေါ့။ ပညာရပ်ဆိုတာကိုက သတ်မှတ်ချက်နဲ့တည်ဆောက်ထားရတာမလား။ စမ်းသပ်မှုတွေလုပ်ပြီး ကိုက်ညီမှုရှိတဲ့အခါအတည်ပြုထားကြတာပဲမလား။ AP ကိန်းတန်း GP ကိန်းတန်းတွေလိုပေါ့။ အဲ့လိုကိန်းတန်းတစ်ခုကို ဖြေရှင်းပေးနိုင်မယ့် ဖော်မြူလာတွေဟာ တစ်ခုထက်ပိုနေနိုင်တာပဲ။ ဒါမှမဟုတ် ပွိုင့်လောက်လေးလွဲပြီး မှန်နေမယ့်ပြေလည်စေမယ့် ဖော်မြူလာလည်းရှိမှာပဲ။ စိတ်ကူးကြည့်ရင်လွယ်လွယ်လေးပဲ။ သက်သေပြချက်တွေဆိုတာလည်းသတ်မှတ်ချက်တစ်ခုအတွင်းက အသိနဲ့တည်ဆောက်ထားရတာ။ ခုနအလျားယူနစ် အသေးဆုံးဆိုတာပဲ တွေးကြည့်လေ။ အဲ့ထက်အဆတစ်ရာ အဆတစ်ထောင် သေးတာတွေစဉ်းစားကြည့်လို့ရတာပဲ။ ဘယ်လောက်သေးသေး သူ့မှာ သူ့ဖြစ်တည်မှုရှိတာပဲ။ သူ့မှာ အဓိပ္ပါယ်ရှိတာပဲ။ ဘဝဟာ အဓိပ္ပာယ်မရှိပါဘူးကွာ ဘာညာပြောနေတာကိုက အဓိပ္ပာယ်ရှိတယ်။ ဖြစ်နေခြင်းကိုက အံ့သြ ဖို့မကောင်းဘူးလား။ ဘယ်လောက် ဆန်းကြယ်သလဲ။ “ ဟဲ့ မေဝါ နင်ဘယ်ကိုသွားမလို့လဲ” --- တစ်ယောက်ယောက်ခေါ်သံကြားမှ မေဝါလှည့်ကြည့်မိတယ်။ ကိုယ့်ဘာသာတွေးကောင်းကောင်းနဲ့တွေးနေတာကိုး။ လှမ်းခေါ်တာက ကိုဂျွန်းဖြစ်နေတယ်။ တိုက်ခန်းအောက်ထပ်တစ်ခုကို အဖီဆွဲပြီးရသလိုဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင် ခပ်သေးသေးထဲမှာထိုင်နေတာ။ မေဝါ လည်းဝမ်းသာသွားတယ်။ ကိုဂျွန်းနဲ့မတွေ့တာကြာပြီ။ အရင်က မေဝါတို့ ညီလတ်တို့ ဆိုတာ ကိုဂျွန်းနဲ့တတွဲတွဲ။ ပရဟိတအလုပ်နည်းနည်းပါးပါးလည်းအတူလုပ်ဖူးတယ်။ တခြားအလေလိုက်ပေါက်ကရမျိုးစုံ လည်း လုပ်ဖူးတယ်။ အခုရုတ်တရက်ပြန်တွေ့တော့ဝမ်းသာသွားတယ်။ ဆိုင်ထဲလှည့်ဝင်ရင်း “ကိုဂျွန်းမတွေ့တာတောင်ကြာပြီ။ နေကောင်းလား။ ဘာလို့ဒီလိုဆိုင်မှာ လက်ဖက်ရည်သောက်ရတာလဲ” လို့ အမော တကောနှုတ်ဆက်ရင်း မထိတထိစ လိုက်တယ်။ ဒီလိုလေ ကိုဂျွန်းကမန္တလေးသား။ လက်ဖက်ရည်ဂျိုးလို့ပြောရမယ်။ ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေကို ကျဉ်းတယ် ခုံသေးတယ် လူကြပ်တယ် အဖျော်ညံ့တယ် အဲ့လိုအကြောင်းပြချက် မျိုးစုံနဲ့ မထိုင်တတ်ဘူး။ ထိုင်ရင်လည်း အရမ်းရွေးတယ်။ အဝေးကနေဆိုင်အနေအထားကြည့်ရတာနဲ့ ခုံပုံစံကြည့်ရတာနဲ့။ သူတို့မန္တလေးက ဆိုင်တွေက ဘယ်လိုဘယ်ဝါဆိုတာ သိပ်ပြောတတ်တာ။ အဲ့လိုလူက အခုလိုအမည်ခံ လက်ဖက်ရည်ဆိုင် သေးသေးလေးထဲထိုင်နေတော့ မေဝါက သတိတရနဲ့ နောက်လိုက်တာ။ ကိုဂျွန်းကတော့ ခပ်အေးအေးပဲ။ “ငါ လက်ဖက်ရည်သောက်နေတာမဟုတ်ဘူး။ မိုးခိုနေတာ” တဲ့။ မေဝါက သူ့ရှေ့ကခွက်ကိုလက်ညိုးထိုးပြပြီး ပြောစမ်းပါဦး၊ ဒါက ဘာလဲ ဆိုတော့ ဒါလက်ဖက်ရည်မဟုတ်ဘူး။ ကော်ဖီမစ်တဲ့။ ကိုဂျွန်းက ရယ်ကျဲကျဲလုပ်နေတယ်။ မေဝါလည်း လိုက်ရယ်တယ်။ “နေစမ်းပါဦး ကိုဂျွန်းကဘယ်လိုရောက်လာတာလဲ။ ဒီလမ်းထဲကိုရော ဘယ်လိုရောက်နေတာလဲ” “ဒီလိုဟ။ အရောင်းအဝယ်ကိစ္စလည်းပါတယ်။ ဒီက ကုမ္ပဏီကကားကို မန်းလေးသယ်သွားဖို့လာယူတာ။ ဒါပေမယ့် ငါ့အမျိုး တစ်ယောက်လည်းပါတယ်။ သူကဆေးခန်းလာပြတာ။ ဆေးခန်းက ဒီလမ်းထဲမှာပဲ။ အထဲမှာ မစောင့်ချင်တာနဲ့ ဒီမှာလာထိုင် နေတာ” --- မေဝါက သူတို့အိမ်လည်း ဒီလမ်းထဲမှာပဲဖြစ်ကြောင်း ၊ သိပ်မကြာခင်မှာတောင် ညီလတ်ပြန်လာတော့မှာဖြစ်ကြောင်း၊ ပြန်မလာသေးလည်း ဖုန်းဆက်ခေါ်လိုက်မှာဖြစ်ကြောင်း၊ ကိုဂျွန်းအိမ်ကိုလိုက်လည်ပြီး ထမင်းစားသွားစေလိုကြောင်း ပြောတယ်။ ကိုဂျွန်းက နည်းနည်းစဉ်းစားနေပုံပေါ်ပြီး “ငါ အားတော့အားပါတယ်။ ဒါပေမယ့် မလိုက်ချင်ဘူးဟာ။ အခုလို လမ်းမှာမထင်မှတ်ပဲတွေ့ရတာ ပိုမလှဘူးလား။ ငါနင်တို့ဆီတွေ့ချင်မှဖြင့် သပ်သပ်လာလည်းရနေတာပဲ။ ဒီတိုင်းလေး မကောင်းဘူးလား” တဲ့။ မေဝါသိတယ်။ ကိုဂျွန်းက အဲ့လိုပဲ။ အူကြောင်ကြောင်နိုင်တယ်ပြောမလား။ ထူးဆန်းတယ်ပြောရ မလား။ လူတစ်မျိုး။ ပြောရဆိုရ တခါတလေ အရမ်းလက်ပေါက်ကပ်တယ်။ မေဝါကအတင်းထပ်ပြောတယ်။ မရဘူး။ ကိုဂျွန်းက ပြုံးတုံးတုံးနဲ့ပဲ နေပါငါ့ညီမရယ် နောက်တစ်ခါမှ တွေ့ရအောင်ချည်း လုပ်နေတယ်။ ကြာတော့ မေဝါ နှုတ်ခမ်းစူ လာပြန်ရောပေါ့။ ကိုဂျွန်းနဲ့က မောင်နှမတွေလိုဖြစ်နေတော့ မေဝါက အရင်ကလည်းအဲ့လိုခဏခဏစိတ်ကောက် တတ်တယ်။ အဲ့လိုမျိုးဆိုရင် ညီလတ်ကတောင် ကိုဂျွန်းနဲ့ပေါင်းပြီး မေဝါကိုပြောင်တောင်တောင်လုပ်ကြတာ။ တနေကုန် အဆင်မပြေဖြစ်ထားတဲ့အခံလေးက ရှိနေတော့ မေဝါပြန်ပြီးစိတ်တိုလာတယ်။ ကိုဂျွန်းက ရယ်တယ်။ “မေဝါ။ ညည်းခုနက လမ်းလျှောက်လာတာ ငါအဝေးကြီးထဲကမြင်တယ်။ ငါက ငါ့များမြင်မလားကြည့်နေတာ နင့်မျက်နှာ ကြီးက သုန်သုန်မှုန်မှုန်နဲ့။ မျက်မှောက်ကြီးလည်းကျုံ့လို့။ ဘာတွေတွေးနေတယ်မသိ။ ငါ့ကိုမမြင်ဘဲကျော်သွားလို့ လှမ်းခေါ် လိုက်ရတာ။ အခုလည်း အဲ့လိုပုံစံကြီးပြန်ဖြစ်နေပြန်ပြီ။ ပြောစမ်းပါဦး၊ ဘာတွေဖြစ်လာတာလဲ” --- မေဝါလည်း စိတ်တိုတိုနဲ့ တနေကုန်အလွဲလွဲအချော်ချော်ဖြစ်လာတာတွေကို အသေးစိတ်ပြောတော့တာပေါ့။ ပြီးတော့ လမ်းလျှောက်ရင်းတွေးလာတာတွေပါ ကိုဂျွန်းကိုပြောပြတယ်။ အကုန်ပြောလိုက်ရတော့ စိတ်နဲနဲပေါ့သွားတယ်။ ပြီးတော့ ကိုဂျွန်းလိုလူက တောင်တောင်အီအီတွေးမိတာမှန်သမျှပြောပြလို့ကောင်းတဲ့လူစားထဲမှာပါတယ်။ သူက သေချာနားထောင် တယ်။ အခုလည်း ကိုဂျွန်းက ငြိမ်နေရာကနေ စပြောလာတယ်။ “နင်တွေးနေတာ တဝက်ဟုတ်သလို တဝက်မဟုတ်ဘူးထင်တယ်။ နင်က စိတ်ကူးကွန့်မြူးမှုသာ အရာရာထက်သာတယ်၊ သာယာတယ် လို့ယူဆတယ်။ ဆင်ခြေနဲ့ အချက်အလက်တွေကို သံသယရှိတယ်။ ဒါပေမယ့် နင်မေ့နေတဲ့အချက်က စိတ်ကူးကွန့်မြူးမှုဆိုတာလည်း ဟပ်ချလောင်းဆိုပြီးဖြစ်လာတာတော့ မဟုတ်ဘူးလေ။ ပြောချင်တာ ဘယ်လောက်ကွန့်မြူး ကွန့်မြူး အသစ်မဟုတ်ဘူးထင်တယ်နော်။ နင်သိပြီးသားအချက်အလက်ပေါ်မှာအခြေခံထားရတာမလား။ လူတွေမိုးပေါ်ပျံ ချင်တဲ့အတွေးဟာ သူတို့ရှေ့မှာ ငှက်တွေမိုးပေါ်ပျံပြသွားလို့ပဲ။ မိုးပေါ်ပျံခြင်းဆိုတဲ့ကိစ္စဆိုတာ အစထဲကမသိရင် မိုးပေါ်ပျံဖို့ ကို တွေးမိမယ်မဟုတ်ဘူးလေ။ ငါပြောချင်တာက နင်မရှိဘူးဆိုတဲ့အရာကို တွေးလို့မရဘူး။ မရှိဘူးဆိုတဲ့အရာကို နင်တွေး လို့ ပုံဖော်လို့ရမယ်ဆိုရင်လည်း အဲ့ဒါက တကယ်မရှိတဲ့အရာမဟုတ်တော့ဘူး။ နင့်စိတ်ကူးထဲမှာ တည်ဆောက်လိုက်တဲ့ အရှိတရားဖြစ်သွားပြီမဟုတ်လား။” --- ကိုဂျွန်းက တစ်လုံးချင်း ဖြည်းဖြည်းလေးလေးပြောတယ်။ မေဝါလည်း တွေဝေပြီးစဉ်းစားနေတယ်။ ကိုဂျွန်းကဆက်ပြော တယ်။ “ငါတို့ရှင်သန်ရတယ်ဆိုတာ ယူနစ်တွေရဲ့ကန့်သတ်မှုထဲနေနေရတာပဲ။ လောကထဲမှာ လွတ်လပ်မှုဆိုတာမရှိဘူး။ လူတိုင်းလွတ်လပ်မှုကို လိုချင်တယ်။ ဘာလို့လဲဆိုတော့ ဘယ်တော့မှ မရနိုင်လို့ပဲ။ လူတွေသမိုင်းတလျှောက်တွေ့ရှိချက် မျိုးစုံရှိခဲ့ပြီ များခဲ့ပြီဟာ။ မတွေ့သေးတာ လွတ်လပ်မှုပဲ။ ရနိုင်တယ်ဆို ရပြီးလောက်ပြီ။ မရနိုင်လို့လည်း လူတွေကလိုချင်နေ တာ။ ရနိုင်တဲ့အရာဆို အခုအချိန်လောက်ဆိုမလိုချင်လောက်တော့ဘူး။ ဘာလို့လဲဆိုတော့ ရှိပြီးရပြီးသားအရာတိုင်းမှာ ကပ်နေနတဲ့အမြှေးပါးတစ်ခုရှိတယ်။ အဲ့ဒီအမြှေးပါးပင့်ကူအိမ်ကို လူတွေပြောင်စင်အောင်မသုတ်သင် မသန့်စင်နိုင် သေးဘူး။ အဲ့ဒါကတော့ ငြီးငွေ့ခြင်းပဲ။ ငြီးငွေ့ပျင်းရိမှုဟာ ငါတို့အားလုံးရဲ့ဖွားဖက်တော်ပဲ။ ငါတို့မငြီးငွေ့တာဆိုလို့ ငြီးငွေ့မှု တစ်ခုပဲရှိမယ်။ အဲ့အရာကိုတော့ အမြဲဖက်တွယ်ထားရတယ်။ ငါတို့အားလုံးက ပိတ်မိနေတာဟာ။ လွတ်လပ်မှုဆိုတာသာ ရခဲ့ရင် လွတ်လပ်မှုကိုလည်း ငါတို့ငြီးငွေ့နေလောက်ပြီ မေဝါ” --- မေဝါကပြန်မေးတယ်။ “ဒီတော့ ကိုဂျွန်းပြောချင်တာက မေဝါတို့က နီးစပ်ရာယူနစ်တွေနဲ့ပဲ ရင်းနှီးရှင်သန်နေရတာပဲ။ စိတ်ကူးနဲ့ ယူနစ်အတိုင်းအထွာမျိုးစုံကို ဖန်တီးနေနိုင်ပေမယ့် လက်တွေ့အသုံးချတန်ဖိုးမရှိဘူးလို့ဆိုလိုချင်တာလား။ အသုံးချမှုနယ်ပယ် တကယ်ရှင်သန်ရခြင်းမှာ အဲဒါတွေမလိုအပ်ဘူး တစ်ကိုယ်စာသိမှုအဝန်းအဝိုင်းနဲ့တင် ပြည့်စုံလုံလောက် ပြီလို့ ဆိုချင်တာလား” လို့မေးလိုက်တယ်။ ကိုဂျွန်းက ခေါင်းကိုအားရပါးရညိမ့်တယ်။ သူကတယ်ယုံကြည်လက်ခံထားသလို ကို သေချာပြောတယ်။ “ ဒါပေါ့ဟ။ နင်စဉ်းစားကြည့်လေ။ ငါတို့ရဲ့အသုံးအဆောင်တွေ နေရာနယ်နိမိတ်တွေမှာ ပုံမှန်ပျမ်းမျှအနေအထား အရွယ်အစားတွေရှိနေတယ်။ သိပ်ကျယ်တဲ့ခြံကြီးထဲမှာ တစ်ယောက်ထဲနေသူတွေ သိပ်ကျဉ်းတဲ့အိပ်ခန်းထဲ စုပြုံအိပ်ရသူ တွေ ရှိနေပေမယ့် ပျမ်းမျှအနေအထားရ ငါတို့ဟာ ငါတို့လိုအပ်သလောက်အတိုင်းအထွာနဲ့ရှင်သန်သွားရတာပဲ။ ဒီလောကကြီးဆီက အချိန်တွေ နေရာတွေကို ငါတို့အတူတူမျှယူသွားရတာပါပဲ။ ပိုလည်းမရဘူး လိုလည်း မရဘူး။ အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားဆိုတာ ဒီခေတ်မှာမရှိတော့ဘူးမလား” တဲ့။ --- မေဝါပြန်ပြောစရာ စကားရသွားတယ်။ ပြောမလို့ဆဲဆဲမှာပဲ ကိုဂျွန်းဆီကို ဖုန်းဝင်လာတယ်။ ဖုန်းနားထောင်ပြီးတော့ ကိုဂျွန်းက မေဝါ့ကိုပြောတယ်။ “ငါသွားရတော့မယ်ဟ၊ လူနာကလှမ်းခေါ်နေတယ်။ တခြားတနေရာမှာ ဆေးသွားစစ်ရမှာဆိုလားပဲ။ သွားပြီဟာ။ နင်တို့ဆီကိုသပ်သပ်ထပ်လာခဲ့ပါမယ်ဟ။ အခုတော့ ဒီလိုကြုံကြိုက်တုန်းလေး တွေ့လိုက်ရတာ ပိုအရသာရှိပါတယ်။ ညီလတ်ကိုလည်း ငါနှုတ်ဆက်တယ်ပြောလိုက်” --- ပြောပြောဆိုဆိုနဲ့ ကိုဂျွန်းက ထထွက်သွားတော့ မေဝါယောင်နနကျန်ခဲ့တယ်။ ပြောချင်တာတွေလည်း မပြောလိုက်ရ တော့ စိတ်ထဲခိုးလိုးခုလုဖြစ်ရပြန်တယ်။ အိမ်ကိုပြန်လာအဝတ်အစားလဲပြီးတဲ့အထိကို စိတ်ထဲမတင်မကျဖြစ်နေတယ်။ ဒီလိုလေ။ စိတ်ကူးယဉ်မှုဟာ အချက်အလက်ပေါ်ကိုအခြေခံရတယ်ဆိုရင်တောင်၊ သိမှုရဲ့မိုးကုတ်စက်ဝိုင်းကို မလွန်ဆန်နိုင် ဘူးဆိုရင်တောင် သူ့ကမ္ဘာကတော့ ပိုကျယ်ပြန့်ဦးမှာပဲ။ လူတွေဟာ အချက်အလက်တွေကို သမိုင်းစဉ်ဆက်ရှာဖွေခဲ့တယ် စုဆောင်းခဲ့တယ် အဲဒါတွေကိုအခြေခံပြီးထပ်သိဖို့ကြိုးစားကြတယ်ဆိုတာ ဟုတ်ပေမယ့် လူဟာ အချက်အလက်ရဲ့စေညွှန်း ရာ လက်တံအတိုင်းစနစ်တကျသွားနေရအောင်သက်မဲ့မှမဟုတ်တာ။ သက်မဲ့နဲ့သက်ရှိနဲ့ဘာကွာသလဲ အော်ဂဲနစ်နဲ့ အင်အော်ဂဲနစ်နဲ့ဘာကွာသလဲ မေဝါသေချာမဖြေတတ်ဘူး။ ဒါပေမယ့် ကွာတာတော့ ကွာတာပဲမဟုတ်လား။ အသက်ပဲ ခေါ်ခေါ် စိတ်ပဲခေါ်ခေါ် ဝိဉာဉ်ပဲခေါ်ခေါ် ကြိုက်သလိုခေါ် အဲ့ဒါလေးတော့ရှိနေတာပဲ။ စိတ်ခံစားမှုဆိုတာ ဦးနှောက်ထဲက ကမ်မီကယ်တွေ ဟော်မုန်းတွေကြောင့်ပါလို့ဘယ်လိုပြောပြော အဲဒါတွေကိုအကုန်သိထားတဲ့သူတောင် ကိုယ့်မိန်းမ တခြားကောင်နဲ့ဖောက်ပြန်နေရင် စိတ်တိုမိမှာပဲ။ ဟာငါတော့ အက်ဒရီနယ်လင်လယ်ဗယ်တွေမြင့်တက်လာပြီ လို့သိတာကနောက်မှ ဆွဲထိုးမိ အော်ဟစ်မိမှာက အရင်ပဲ။ ဆိုတော့ မေဝါကတော့ အသက်ရှိနေခြင်းကိုယုံတယ်။ တစ်နည်း စိတ်ဆိုတာရှိနေခြင်းကို ကျေနပ်တယ်။ ပြီးတော့ စိတ်ကူးဉာဏ်ကွန့်မြူးတယ်ဆိုတာ ဒေတာအချက်အလက်ပေါ်အားပြု ထားတဲ့ တည်ဆောက်မှုတစ်ခုပါပဲဆိုတဲ့ အဆိုကိုက တည်ဆောက်မှုတစ်ခုပဲ။ အခြားသိမှုတစ်ခုအပေါ်ကိုထပ်ပြီး အဲ့အဆိုကိုပြုလုပ်ထားတာပဲ။ အခြေခံမူလအရာဆိုတာ ဘာလဲလို့ သေချာမသိပေမယ့် နီးနီးနားနားမှာ ကိုယ့်ရဲ့ လွတ်လပ်စွာတွေးချင်ရာတွေးနေခွင့်လေးကိုတော့ အဆုံးရှုံးမခံနိုင်ဘူး။ ကိုဂျွန်း ပြောသလို ရှင်သန်မှုဟာ မလွတ်လပ်ဘူး ဘောင်တွေကြားထဲမှာပိတ်မိနေတယ်၊ ဘယ်လိုချဲ့ထုတ်ထုတ်မလွတ်မြောက် နိုင်ဘူးဆိုတာ ဟုတ်ပေမယ့် စိတ်ကူးထဲက ပုန်ကန်မှုကတော့ ဒိုင်မင်းရှင်းတွေနဲ့ လွတ်နေတယ်ထင်တာပဲ။ ပျော်စရာ ကောင်းတာဆိုလို့ ဒါပဲရှိတာပါလေ။ အချက်အလက်နဲ့မကိုက်ညီလို့ မတွေးခေါ်ရဘူးဆိုတာ သိပ်အာဏာရှင်မဆန်ဘူးလား။ --- အခုပဲကြည့် မိုးရေထဲဗွက်ပေလို့ စိတ်ညစ်နေတဲ့မိန်းကလေးဟာ မိုးတစက်စက်ကျနေတာကိုပြတင်းပေါက်ကနေ အရသာ ခံကြည့်ရင်း ပျော်နေပြန်ပြီမလား။ မေဝါငေးနေတုန်း ညီလတ်တစ်ယောက် လမ်းလျှောက်ပြန်လာတာကို လှမ်းမြင် လိုက်ရတယ်။ အဲ့လိုမြင်ရင်း ဖျတ်ခနဲဆို ညီလတ်ပြောပြဖူးတဲ့ သူတို့နှစ်ယောက်ရဲ့အကြောင်းအရာတစ်ခုကိုလည်း သတိရ သွားတယ်။ ညီလတ်နဲ့မေဝါတို့က ကျောင်းတုန်းထဲက တခန်းထဲအတူတူတက်ခဲ့ကြတာလေ။ ၉ တန်းတုန်းကတဲ့။ ညီလတ် ကအခန်းထဲကို အစောကြီးရောက်နေတာတဲ့။ ဆောင်းတွင်းအချိန်ကြီးပေါ့။ နှင်းတွေမြူတွေပါ ထူးထူးခြားခြား ဝေနေတာတဲ့။ အပေါ်ထပ်ဝရန်တာကနေ မတ်တပ်ရပ်ငေးနေတာကို နာရီဝက်နီးပါးပဲတဲ့။ အခြားကျောင်းသား တစ်ယောက်မှရောက်မလာသေးဘူးတဲ့။ အဲ့အချိန်မှာ မေဝါက ဘုရားပန်း တွေကိုင်ပြီး လမ်းလျှောက်လာတာကို နှင်းတွေမြူတွေကြားမြင်လိုက်ရတော့ ကြည်နူးသွားတာတဲ့။ မေဝါ အခန်းထဲလာတော့မယ်ဆိုတာလည်းသိတယ် ဘုရားပန်း အိုးကို မမီလို့ ခုံခုပြီးညီလတ်ကိုယူခိုင်းဦးမယ်ဆိုတာလည်း ကြိုသိနေတယ်။ အဲ့လိုကြိုသိတဲ့အတိုင်းလည်း တကယ်ဖြစ်လာ တယ်။ အဲ့အချိန်လေးကို ဘဝရဲ့အရသာအရှိဆုံးအချိန်လို့မှတ်ယူထားသလို အဲ့အချိန်က ဝေနေတဲ့နှင်းတွေကလည်း အလှ ဆုံးပဲတဲ့။ ညီလတ်က မေဝါ့ကိုနောက်ပိုင်းကျမှ ပြန်ပြောဖူးတာ မေဝါသတိရသွားတယ်။ အခုလည်း ညီလတ်လမ်းလျှောက် ပြန်လာတာ မြင်ရတယ်။ တိုက်ခန်းလှေကားကိုတက်လာမှာ မှန်းဆနေလို့ရတယ်။ အခန်းတံခါးကိုဖွင့်မယ့်အချိန်ကို သေချာ သိနေတယ်။ အဲ့ခံစားချက်ကို မေဝါအခုနားလည်သွားတယ်။ ၉ တန်းတုန်းကအဖြစ်အပျက်ကိုပြောတုန်းက မေဝါက ညီလတ် ကိုနောက်သေးတယ်။ နင်ငါ့ကို အဲ့ထဲကကြိုက်နေတာမဟုတ်လား လို့။ ညီလတ်ဖြေတာကိုလည်း သတိရတယ်။ ချစ်တယ် မချစ်တယ်ဆိုတာ မရှိပါဘူးတဲ့။ ရွေးခြယ်မှုပါပဲတဲ့။ ဒါပေမယ့် တစ်ယောက်ထဲရှိနေတဲ့အခန်းထဲကို နောက်ထပ် လူတစ်ယောက်သေချာပေါက်ရောက်လာမယ် အဲ့လူကလည်း ကိုယ်ရှိနေခြင်းကိုလက်ခံနိုင်မယ့်လူဆိုတာ သိနေတယ်။ အဲ့လိုသိနေခြင်းက တကယ်ပျော်စရာပါပဲတဲ့။ မေဝါအဲ့တုန်းက အဲ့အဖြေကိုမကျေနပ်ပေမယ့် အခုလက်ခံနိုင်သလိုပဲ။ --- အခန်းတံခါးကို ဖွင့်ပြီး ညီလတ်ဝင်လာတယ်။ မိုရေစိုနေတဲ့ မိုးကာကိုချွတ်နေတုန်း “ ကို ပြန်ရောက်လာပြီလား” လို့ မေဝါက နှုတ်ဆက်လိုက်တယ်။ နင်နဲ့ငါနဲ့ အပြောများတဲ့ သူတို့နှစ်ယောက်ကြား ကို လို့ နာမ်စားသုံးပြီးခေါ်လိုက်တော့ ညီလတ် ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဘာပါလိမ့်ဟ ဆိုပြီး စူးစမ်းတဲ့အကြည့်မျိုးနဲ့ကြည့်နေတယ်။ မေဝါကတော့ ကြည်ကြည်နူးနူးနဲ့ပဲ ပြုံးရယ်ပြနေပါတယ်။ မေဝါဟာ ပြုံးရယ်နေခြင်းဟာ မျက်နှာကြွက်သားတွေ ဆွဲကျုံ့ပစ်လိုက်ခြင်းပဲလို့ တွေးဖြစ်အောင်တွေးလိုက်မိပေမယ့် အဲ့လိုအတွေးမျိုးဆိုတာ တကယ့်ဘဝရဲ့လှုပ်ရှားမှု အဖြစ်အပျက်တွေကြားမှာ လွယ်လွယ်ပျောက်ပျက်သွားတာပဲမဟုတ်လား။ တကယ့်ဘဝ ဟုတ်မဟုတ် မသေချာသည့်တိုင်အောင် တကယ့်ဘဝလို့ လက်ခံနိုင်ဖွယ်ရှိသော တကယ့်ဘဝပေါ့လေ။ မှူးနေဝန်း

ပူနွေးနေဆဲလိမ္မော်သီးများ


ပူနွေးနေဆဲလိမ္မော်သီးများ ---မေဝါတစ်ယောက်ဒီနေ့အလုပ်ပြန်နောက်ကျတယ်။ ၄ ထပ်မြောက်ကွန်ဒိုကို ပျင်းတိပျင်းတွဲတက်လာပြီး တံခါးကို ဖွင့်လိုက်တော့ အခန်းဟာမှောင်နေဆဲပဲ။ မီးထွန်းမထားဘူး၊ ညီလတ်တစ်ယောက် ဘယ်ကိုများသွားပါလိမ့်လို့ တွေးမိတယ်။ ဒါနဲ့ အခန်းနံရံက မီးခလုပ်ကိုဖွင့်မယ်လို့လက်နဲ့စမ်းလိုက်တော့ ခလုပ်ကနံရံမှာမရှိဘူး။ ---ပြီးတော့မှ မေဝါသတိရသွားတယ်။ ဟုတ်သားပဲ။ ဒီအခန်းရဲ့မီးခလုပ်က ဘယ်ဘက်ခြမ်းမှာတပ်ထားတာပဲ။ သူမက ညာဘက်ခြမ်းကိုစမ်းလိုက်မိတာလေ။ တကယ်တော့ မေဝါတို့ဒီအခန်းကိုပြောင်းလာတာ နှစ်ပတ်လောက်ပဲရှိသေးတာကိုး။ အသားမကျသေးဘူး။ အရင်နေနေကျအခန်းမှာက မီးခလုပ်ဟာညာဘက်နံရံမှာ။ အဲ့ဒါကိုစိတ်ကစွဲနေ လက်ကလည်း အလွတ်ရနေပုံပဲ။ မေဝါတို့ဆိုတာက မေဝါနဲ့ ညီလတ် တို့ နှစ်ယောက်ပါ။ ဒီအခန်းက ညီလတ် ဦးလေးရဲ့အခန်း။ သူက တစ်ကိုယ်တည်းသမား လူပျိုကြီး။ အခုလည်းခရီးနှစ်လလောက်သွားမယ်တဲ့။ အခန်းလည်းလူစောင့်ရှိ အပြောင်းအလဲလေး လည်းဖြစ်အောင် လာနေပါလားဆိုတာနဲ့ မေဝါတို့ရောက်လာကြတာ။ ညီလတ်တစ်ယောက်စိတ်ပြေလက်ပျောက် ဖြစ်ပါစေ ဆိုတဲ့သဘောလည်းပါတာပေါ့။ ဒီနေရာက မြို့ထဲနဲ့နီးတယ်။ ရှုခင်းလည်းကောင်းတယ်။ မဆိုးဘူးပေါ့။ ---မေဝါအခန်းဝမှာ ရပ်စဉ်းစားနေပြီးမှ သတိရလာပြီး ဘယ်ဘက်ကမီးခလုပ်ကိုဖွင့်ဖို့ပြင်တယ်။ ဖွင့်မလို့ လုပ်ရင်း တစ်မျိုး တွေးမိပြန်တယ်။ အမှောင်ကအေးသလိုပဲ။ ပိုပြီးငြိမ်သက်တယ်လို့ခံစားရတယ်။ မီးဖွင့်လိုက်ရင် ပိုပူသွားမယ်လို့ ထင်နေ တယ်။ ပြီးတော့ အခန်းထဲကကုတင်မှာ ငြိမ်ငြိမ်လေးလှဲနေမယ်လို့ စိတ်ကူးပေါက်သွားတာကြောင့်လည်းပါတယ်။ အမှောင် ထဲ ဘာမှမလုပ်ဘဲ ဖုန်းတွေ ရေဒီယိုတွေ နားကြပ်တွေမပါဘဲ ငြိမ်ငြိမ်လေးလှဲနေတာမျိုးလေ။ ကိုယ့်အတွေးနဲ့ကိုယ် မေဝါ ပျော်သွားတယ်။ ည ၇ နာရီလောက်ပဲရှိသေးပေမယ့် အခန်းကမှောင်ပါတယ်။ ဆောင်းတွင်းဝင်ကာစဖြစ်နေပြီကိုး။ ဝိုးဝါးမြင် ရသမျှလေးအားကိုးပြီး အခန်းထဲကကုတင်ပေါ်ရောက်သွားတယ်။ ---ဘေးလွယ်အိတ်ကိုချ အပေါ်ကုတ်အင်္ကျီကိုချွတ်ပြီး လှဲနေလိုက်တယ်။ တစ်ကိုယ်လုံးကိုပျင်းကြောဆန့်ပြီး ဖျော့ဖျော့ လေးထားလိုက်တယ်။ ချမ်းသလိုလိုရှိပေမယ့် ဒီအဝတ်အစားတွေတနေကုန်ဝတ်ထားရတာ ငြီးစီစီကြီးပါ။ နာရီဝက်လောက် ငြိမ်နေပြီးရင်တော့ ရေချိုးမှလို့တွေးတယ်။ ငယ်ငယ်တုန်းက ညဘက်အိမ်မှာမီးပျက်ရင် ခုလိုအိပ်ရာထဲဝင်ခွေပြီး ငြိမ်နေရတဲ့ အရသာကို အတော်သဘောကျခဲ့တာ။ စကားပြောစရာမလိုဘဲ တွေးချင်ရာတွေးနေရတာ၊ အမှောင်ထဲဆိုပေမယ့် အနားမှာ ရင်းနှီးချစ်ခင်သူတွေရှိနေတယ်ဆိုတဲ့စိတ်က လုံခြုံမှုနဲ့ပျော်ရွှင်မှုကိုပေးနေပုံရပါတယ်။ အရွယ်ရောက်လာတော့ ဒီလိုလုပ်ဖို့ မေ့သွားတယ်။ ဟုတ်တယ်။ မေ့တယ်ဆိုတဲ့စကားလုံးကို တမင်ရွေးသုံးတာ။ ဘာမှမလုပ်တဲ့အလုပ်ကို လုပ်ရမယ့်အချိန် အသက်ကြီးလာလေ နည်းလာလေပဲ။ ခေတ်ရေစီးကြောင်းအရ မလုပ်လည်းဖြစ်တဲ့အလုပ်တွေကို အချိန်ပေးလိုက်ရတာ ကြောင့်လည်းပါမှာပေါ့။ ---တောင်တောင်အီအီလျှောက်တွေးရင်း မေဝါပျင်းလာတယ်။ ဘာမှမလုပ်တဲ့အလုပ်ကိုမလုပ်နိုင်တော့တဲ့အကြောင်းအရင်း တွေထဲမှာ ပျင်းတာလည်းပါလောက်တယ်။ မေဝါသူ့ဘာသာတွေးရင်းပြုံးမိတယ်။ လူတွေက လှုပ်လှုပ်ရွရွလုပ်ချင်စိတ် များ ကုန်ကြသလိုပဲ။ ကမ္ဘာကြီးတစ်ခုလုံးစိတ်လှုပ်ရှားနေကြတယ်။ သွေးခုန်နှုန်းမြန်နေတယ်။ ငြိမ်ပြီးမနေတတ်ကြတော့သလိုပဲ။ ကဲ ဒီတော့ ငါလည်းဘာထူးသလဲ ဆိုပြီး မေဝါရေချိုးဖို့ထတယ်။ အပြင်ထွက်တယ်။ ဝရန်တာဘက်ခဏတော့ ထွက်ငေးပါဦး မယ်လေဆိုပြီး ဧည့်ခန်းမီးကိုဖွင့်လိုက်တယ်။ ---လားလား။ ရုတ်တရက်မေဝါလန့်သွားတာ။ အော်တောင်အော်မိတော့မလို့။ ညီလတ်က ပြတင်းပေါက်နားကစာရေးခုံမှာ အကျအနကိုထိုင်နေတာပါလား။ သူကမေဝါ့ကိုလှည့်ကြည့်ပြီး ပြုံးတောင်ပြနေသေးတယ်။ “ကိုယ်တော်ရယ်။ အိမ်မှာရှိနေတာများ မီးလေးဘာလေးဖွင့်ပါဦးလား” - မေဝါကဗျစ်တောက်ဗျစ်တောက်ပြောပြီးအနားကို လာထိုင်တယ်။ လန့်သွားတာပဲ လို့ရေရွတ်ပြီး နဖူးပေါ်ကဆံပင်ကိုလေနဲ့မှုတ်တယ်။ သိတယ်မလား။ အောက်နှုတ်ခမ်းလေး ကို စူပြီးတော့ဖူးခနဲမှုတ်လိုက်တာ။ ညီလတ်က ဘာမှပြန်မပြောသေးဘဲ မီးငြိမ်းနေတဲ့ စီးကရက်လက်ကျန်ကိုမီးပြန်ညှိ နေတယ်။ တစ်ရှိုက်လောက်ဖွာပြီးမှ “နင်ပြန်လာတာ ငါသိပါတယ်”လို့ မပွင့်တပွင့်ပြောတယ်။ ---မေဝါဘာမှပြန်မပြောဘဲ အခန်းထဲကိုဟိုဟိုဒီဒီကြည့်နေတယ်။ စာရေးစားပွဲပေါ်မှာ လိမ္မော်သီးလေးငါးလုံးလောက်ရယ် လိမ္မော်သီးအမွှာအချို့ရယ် ရှိနေတယ်။ မနက်ကတည်းက ဒီအတိုင်းရှိနေတာ။ ထမင်းစားပွဲခုံပေါ်မှာလည်း ခြေရာလက်ရာ မပျက်ဘူး။ ညီလတ်ဘာမှစားထားပုံမရဘူး။ ကော်ဖီမစ်အခွံ နည်းနည်းတော့တွေ့တယ်။ တနေကုန်ထိုင်ပြီး ဆေးလိပ်နဲ့ ကော်ဖီနဲ့ပဲမှီဝဲနေပုံပဲ။ “နင်ဘာမှမစားရသေးဘူးမလား” လို့မေဝါကမေးလိုက်တော့ “အင်း လိမ္မော်သီးနည်းနည်းနဲ့ ပေါင်မုန့် တစ်လုံးတော့စားထားပါတယ်” တဲ့။ ထမင်းတွေရော ဟင်းတွေရောစီစဉ်ပေးခဲ့တာ တခုမှမတို့မထိ။ ---တကယ်က ညီလတ်ခုလိုဖြစ်နေတာကြာပြီ။ တစ်လနီးနီးပဲဆိုပါတော့လေ။ ညီလတ်က အပျော်တမ်းဓာတ်ပုံသမား။ အခု လို အိမ်ထဲကုတ်နေတယ်ဆိုတာ သူ့ဘဝမှာမရှိဘူး။ မိုးလင်းတာနဲ့ လမ်းပေါ်ထွက်နေတာ။ သူ့ပုံလေးတွေက အတိုင်းအတာ တစ်ခုထိအောင်မြင်ပါတယ်။ ခုလိုစပြီးဖြစ်တဲ့ညနေကို မေဝါမှတ်မိသေးတယ်။ အဲ့နေ့က မေဝါအလုပ်နားရက်။ အိမ်မှာ ရုပ်ရှင်ကားတစ်ကားထိုးပြီးကြည့်နေတုန်း ညီလတ်ပြန်ရောက်လာတယ်။ ပုံမှန်စံချိန်နဲ့ယှဉ်ရင်အစောကြီးပဲ။ မျက်နှာလည်း မကောင်းတာအသေအချာပဲ။ ဘာဖြစ်လာတာလဲ မေးတော့ အစပိုင်းကမဖြေဘူးရယ်။ ဟန်ဆောင်ပန်ဆောင်နဲ့ ဟာသတွေ တောင်လုပ်ပြနေသေးတယ်။ ဒါပေမယ့် မေဝါကမသိဘဲနေမလား။ ညစာစားရင်းနဲ့မှ ချော့မော့မေးရင်း သိလာရတာ။ ---ညီလတ်ဓာတ်ပုံသွားရိုက်တဲ့ဘက်က မြို့အစွန်ဘက်ကရှေးဟောင်းဘုရားတစ်ဆူဘက်မှာတဲ့။ အဲ့မှာ ဘုရားဖူးတွေကို ဈေးလိုက်ရောင်းတဲ့ ကလေးဈေးသည်လေးတွေ အများကြီးရှိသတဲ့။ မေဝါသဘောပေါက်ပါတယ်။ ဧည့်သည်တွေရောက် လာပြီဆိုတာနဲ့အလုအယက်ဝိုင်းပြီးဘုရားသမိုင်းတွေပြောပြ အချက်အလက်တွေရွတ်ပြပြီး ဈေးရောင်းဝမ်းစာရှာတဲ့ ကလေး တွေ။ အဲ့ထဲက လိမ္မော်သီးလေးတွေရောင်းတဲ့ကောင်မလေးဟာ အတော်ချက်ချက်ချာချာရှိသတဲ့။ ဆယ်နှစ်ကျော်ကျော် ဆံပင်ကြက်တောင်စည်းလေးနဲ့တဲ့။ ညီလတ်လည်း ရှုခင်းပုံတွေမျိုးစုံရိုက်နေရင်း အဲ့ကောင်မလေးကိုဓာတ်ပုံရိုက် လိုက်တယ်တဲ့။ သေချာချိန်ပြီးပြောပြီးရိုက်တာမဟုတ်ဘူး။ သူဈေးရောင်းနေတုန်း ပြောနေဆိုနေပုံအချို့ကို snapshot ရိုက်လိုက်တာပါ။ ဒါပေမယ့် ဘယ်ကနေဘယ်လိုသိသွားသလဲမပြောတတ်ဘူး။ ကောင်မလေးက သူ့ကိုရိုက်တဲ့ပုံကို ကြည့်ချင်ပါတယ်လို့ ညီလတ်ကိုလာပြောတော့တာကိုး။ ညီလတ်ကလည်း ကင်မရာထဲမှာပေါ်တဲ့ပုံကိုပြတော့ ကလေးမ လေးက အတော်သဘောကျသွားတဲ့ပုံပဲ။ သူလိုချင်တယ်တဲ့။ လိမ္မော်သီးနဲ့လဲမယ်တဲ့။ ညီလတ်ကရယ်ရယ်မောမောနဲ့ လိုချင်ရင် ပုံကူးပေးပါ့မယ်ပေါ့။ လက်ဆောင်ပေးပါ့မယ်ပေါ့။ နက်ဖြန်ပြန်လာတဲ့အခါ ယူလာခဲ့ပါ့မယ်ပြောတော့ ကလေးမ လေးက တွေတွေလေးဖြစ်သွားသတဲ့။ ဒီနေ့မရနိုင်ဘူးလား ဦးဦး လို့မေးတယ်။ အဲ့ဘုရားပေါ်မှာတရားထိုင်နေတဲ့ ဦးဇင်းတစ်ပါးကို ညွှန်ပြပြီး အဲ့ဒါ သူမရွာကဦးဇင်းဖြစ်ကြောင်း၊ ဒီညနေရွာကိုပြန်မှာမို့ သူမအမေဆီထည့်ပေးလိုက်ချင်တာ ဖြစ်ကြောင်း ဆိုလာပါတော့တယ်။ ---ဒီလိုဆိုတော့လည်း ဟုတ်ပေသားပဲလို့ ညီလတ်တွေးပါတယ်။ ကောင်မလေးကလည်း တကယ်ချစ်စရာ လိမ္မာရေးခြား ရှိတဲ့ကလေးလေးဆိုတော့ ဟုတ်ပြီ ဦးဦးကူးပေးမယ်။ အခုထမင်းသွားစားပြီး ကူးခဲ့မယ်။ ပြန်လာပေးမယ်။ ညနေမတိုင်ခင် လာပေးမယ်လို့ပြောတော့ ကလေးမလေးမျက်နှာကိုပြုံးသွားတာပဲတဲ့။ လိမ္မော်သီးတစ်ထုပ်အတင်းပေးတယ်။ အစကငြင်း နေပေမယ့် သူစိတ်မကောင်းဖြစ်မစိုးလို့ ညီလတ်ယူခဲ့တယ်။ ဒါနဲ့မြို့ထဲဘက်ပြန်ဝင် ထမင်းစားရင်း ပုံတွေကူးပေါ့လေ။ ပရင်တာက ကြောင်နေတာနဲ့ နည်းနည်းကြာတာထိုင်စောင့်နေရသေးတယ်။ စောင့်ရင်းနဲ့ လိမ္မော်သီးလေးတောင်မြုံ့နေ တာပေါ့။ တယ်ဟန်ကျတာပဲကိုး။ ပြီးတာနဲ့ ဘုရားဘက်ပြန်ထွက်လာတယ်။ ညီလတ်ရောက်တော့ လူနာတင်ကားတစ်စီး ဘုရားဝင်းထဲကထွက်လာတာတွေ့တယ်။ ဘာလည်းတော့မသိဘူးပေါ့။ ဘုရားပေါ်တက်ပြီးရှာတော့ လိမ္မော်သီးသည်လေး ကို မတွေ့ဘူး။ တခြားကလေးတွေလည်းပျောက်နေတယ်။ ---ဘုရားလူကြီးတစ်ယောက်ကိုမေးတော့မှ ညီလတ်ထိတ်ခနဲဖြစ်သွားရတယ်။ ခုနလူနာတင်ကားပေါ်မှာပါသွားတာ လိမ္မော် သီးရောင်းတဲ့ကောင်မလေးပဲတဲ့။ ဘာဖြစ်တာလဲ မေးတော့ လှေကားလက်ရမ်းပေါ်က အောက်ကိုပြုတ်ကျတာတဲ့။ ဒီနေ့ကျမှ ဘာဖြစ်တယ်မသိပါဘူး၊ ဆယ့်ငါးမိနစ် နာရီဝက်တစ်ခါလောက်ထွက်ထွက်ပြီး အဲ့လှေကားလက်ရမ်းပေါ်ထိုင်မျှော် နေတာတဲ့။ ဧည့်သည်ကားသံကြားတာနဲ့ထွက်ထွက်လာတာ။ ခုနကအဲ့ပေါ်မှာထိုင်နေရင်း ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျ သွားတာတဲ့။ ဘုရားက ပြန်တူးဖော်ထားတဲ့ရှေးဟောင်းဘုရားဆိုတော့ အောက်မှာ မြေကျင်းတွေ အုတ်ကျိုးအပဲ့တွေရှိ နေတာလေ။ ပြုတ်ကျတဲ့အမြင့်က လူတစ်ရပ်လောက်ပဲရှိတာပါ။ ဒါပေမယ့် ခေါင်းနဲ့အုတ်ခဲကျိုးတွေနဲ့ရိုက်မိသွားတယ်တဲ့။ ညီလတ်ဘာပြန်ပြောရမှန်းမသိတော့ဘူး။ ကောင်မလေးက သူ့ကိုထွက်ထွက်စောင့်နေတာများလားလို့တွေးမိတာနဲ့ စိတ်ထဲ မှာ ဂျွမ်းပြန်သွားတော့တာပဲ။ ချွေးစီးချွေးပေါက်တွေလည်းကျလာတယ်။ ---လှည့်ကြည့်လိုက်တော့ ခုနက ကောင်မလေးပြောတဲ့ရွာကဦးဇင်းဆိုတာတွေ့ရတယ်။ သူလည်း ဆွမ်းစားပြီးပြန်အလာ အခုမှ ပြဿနာကိုသိသွားပုံပဲ။ စိတ်မကောင်းလည်းဖြစ် ဘာလုပ်ရမှန်းလည်းမသိတဲ့ပုံပေါက်နေတယ်။ ညီလတ်က ဦးဇင်း ကို ဆေးရုံလိုက်မလား ပို့ပေးပါ့မယ်ပြောတော့ ဦးဇင်းကအံ့သြသွားပုံပဲ။ ကားမောင်းရင်း နည်းနည်းရှင်းပြတော့ ဦးဇင်းက ခေါင်းတစ်ညိတ်ညိတ်နဲ့။ ဒကာလေးပရောဂဆိုပြီး မစွဲပါနဲ့တဲ့။ ကံပေါ့ တဲ့။ ဒီလိုပဲပြောတယ်။ ဆေးရုံရောက်တော့ ဦးဇင်းက ကားပေါ်ကဆင်းတယ်။ ညီလတ်အစတုန်းက ဆေးရုံထဲထိလိုက်မလို့ပဲ။ ဒါပေမယ့် သူအရမ်းလေးကန်နေတယ်။ ဘာမှန်း မသိ ဝမ်းနည်းနေတယ်။ ဦးဇင်းကို လတ်တလောသုံးဖို့ဝတ္ထုအနည်းငယ်လှူလိုက်တယ်။ ပြီးမှ သတိရပြီး ကောင်မလေးရဲ့ ဓာတ်ပုံတွေထုတ်ပေးလိုက်တယ်။ သူ့အမေဖို့တဲ့ဘုရား လို့လျှောက်တော့ ဦးဇင်းက ဖျတ်ခနဲမျက်လွှာပင့်ပြီး ညီလတ်ကို ကြည့်သတဲ့။ အဲ့အကြည့်က တစ်မျိုးတစ်မည်ဖြစ်နေတယ်။ ညီလတ်လည်း သူပေးလိုက်တာမှန်လား မှားလားမဝေခွဲတတ်တော့ပါဘူး။ ဦးဇင်းက ပေးလိုက်ပါ့မယ်လို့ လေသံအေးအေးနဲ့မိန့်ပြီး ဆေးရုံထဲဝင်သွားတယ်။ နောက်နောက်ကျိကျိစိတ်တွေနဲ့ပဲညီလတ် အိမ်ပြန်လာရတာပါပဲ။ ---မေဝါလည်း စကြားတုန်းကအတော်စိတ်မကောင်းဖြစ်တယ်။ ဘာမှတော့မဆိုင်ဘူးပေါ့လေ။ ကိုယ်နဲ့ဘာမှမဆိုင်ပေမယ့် မဆိုင်ဘူးလို့လည်းပြောမရဆိုသလိုပေါ့။ နောက်နေ့နှစ်ယောက်သားဆေးရုံလိုက်သွားကြမလား တိုင်ပင်တယ်။ တကယ်လည်း သွားဖြစ်ရော ညီလတ်အခြေအနေကပိုဆိုးသွားတော့တာပဲ။ ကောင်မလေးကဆုံးသွားပြီ။ ခေါင်းကိုထိတာ အပြင် လည်ပင်းရိုးပါကျိုးသွားတယ်လို့ပြောတယ်။ အဲ့နေ့နောက်ပိုင်းကစပြီး ညီလတ်အပြင်မထွက်တော့ဘူး။ အိမ်ထဲမှာပဲ ကုတ်နေတယ်။ အဲ မနက်ဆိုရင်တော့ ဈေးဆိုင်မှာလိမ္မော်သီးဝယ်ပြီးပြန်တက်လာတယ်။ ဒါပဲ။ သူတအားစွဲလန်းပြီး စိတ်ဖိစီး နေတယ်။ မေဝါလည်းအစက နှစ်သိမ့်ပါသေးတယ်။ နောက်ကြာလာတော့ စကားအစမဖော်ပေးဘဲ အလိုက်သင့်ပဲ နေနေတာ ခုထိ။ ---ခုလက်ရှိအခန်းကိုပြောင်းလာကာစကတော့ ညီလတ်ရွှင်ရွှင်လန်းလန်းရှိလာသေးတယ်လို့ယူဆရတယ်။ နောက်ပိုင်းမှာ ခုလို ပြတင်းပေါက်ဘေးတနေကုန်ထိုင်နေတော့တာပါပဲ။ “ဟိုမှာကြည့်စမ်း” ညီလတ်က မေဝါ့ကို ပြောတယ်။ အသံကြားမှ မေဝါလည်းတွေးနေတာရပ်သွားတော့တယ်။ သူညွှန်ပြရာကြည့်လိုက်တော့ လမ်းမီးဝါဝါအောက်မှာ ထိုင်နေတဲ့လူတစ်ချို့။ အေးအေးလူလူပုံစံနဲ့ ကားတွေသွားတာငေးနေကြတယ်။ “ငါတို့လည်းသွားထိုင်ကြမလား” လို့မေဝါကမေးတော့ ညီလတ် က ခေါင်းခါတယ်။ မဟုတ်ပါဘူးတဲ့။ လူတွေကိုပြတာမဟုတ်ဘူး။ လမ်းမီးဝါဝါလေးကိုပြတာတဲ့။ လမ်းမီးဝါဝါလေးက တိုင်အမြင့်ထက်မှာ လိမ္မော်သီးလေးချိတ်ထားသလိုပဲတဲ့။ လင်းနေတဲ့လိမ္မော်သီးလေးပေါ့တဲ့။ ---“ညီလတ်၊ နင်ဒီလောက်ကတော့ လွန်ပြီထင်တယ်ဟာ” လို့ မေဝါ ခပ်ညည်းညည်းပြောမိတယ်။ “နင်က စက်သွားစိတ် လေးတစ်ခုပါပဲ။ နင်အထစ်အငေါ့လေးဖြစ်ရုံနဲ့ လောကကြီးတစ်ခုလုံးမလည်ပတ်နိုင်တော့ဘူးထင်နေတာလား။ အခုဟာက နင်နဲ့တကယ်ဆိုင်တယ်လို့ နင်ယုံလို့လား။ တကယ်ရော အယုံအကြည်ရှိလို့လား” - မေဝါက တွေးတွေးဆဆပြောတယ်။ “နင်နဲ့ဆိုင်တယ်ဆိုတဲ့ ယုံကြည်မှုက တကယ်ရောသေချာလို့လားဟာ” ---ညီလတ် စဉ်းစားနေပုံရတယ်။ စကားလုံးရွေးနေပုံပဲ။ ပြီးမှ ဖျတ်ခနဲသတိရသွားပုံနဲ့ပြောလာတယ်။ “နင့်လိုပေါ့ဟာ။ မီးဖွင့်ရမယ်မှန်းသိပေမယ့် အမှောင်ထဲမှာ ငြိမ်နေချင်တာမျိုးပေါ့” တဲ့။ ---ဘာဆိုင်လဲ လို့မေဝါတွေးမိတယ်။ ကိုယ်က အမှောင်ထဲခွေနေတာနဲ့ သူအခုလိုအစွဲအလမ်းလွန်ပြီး ကျောက်ရုပ်လို သေနေတာ တူလို့လား။ ကိုယ်က ကိုယ့်သာယာမှုအတွက် သူက သူ့ဘာသာညှင်းဆဲနေတာမဟုတ်ဘူးလား။ ဒီလိုချေပ မိတော့ ညီလတ်က ပြန်ပြောတယ်။ “ဘာပဲဖြစ်ဖြစ်ရှောင်ပြေးတဲ့စိတ်ကတော့ တူတူပါပဲ။ နင်လည်းပုံမှန်လုပ်ရိုးလုပ်စဉ်ထဲက ရှောင်ပြေးတာဖြစ်သလို ငါလည်း ပုံမှန်လူနေမှုဘဝရဲ့ ခံစားချက်ကရှောင်ပေးတာပါပဲ။ အမြဲစီးနေတဲ့ဖိနပ်ကိုမစီးဘဲ မတော်တဲ့ဖိနပ်ကိုပြောင်းစီးကြည့်တာပါပဲ။ ရှောင်ပေးတဲ့နေရာဟာ အမြဲသာယာမှုပေးတဲ့နေရာဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ဟာ။ အချိုတွေစားနေသူအဖို့ အစပ်လေး အငန်လေးဟာလည်း အရသာတစ်မျိုးပဲမလား။ ငါလည်း ငြီးငွေ့မှုတစ်ခုကိုတိုက်ထုတ်ဖို့ ကံအားလျော်စွာရလာတဲ့ အကြောင်းပြချက်နဲ့ အခွင့်အရေးကိုအပြည့်အဝယူနေတာလည်းမဖြစ်နိုင်ဘူးလား။ ယုံကြည်မှုက သေချာစရာမလိုဘူးလေ မေဝါရဲ့။ ယုံဖို့ပဲ လိုတာ။ မယုံတာထက်စာရင် ယုံနေတာကောင်းတယ်။ ကိုယ့်ကိုယ်ကိုလှည့်စားတယ်ပဲပြောပြော ယုံနေခြင်းအားဖြင့် လက်ရှိအချိန်မှာ စွမ်းအင်ပြည့်ရှင်သန်နိုင်မယ်မဟုတ်လား။ နင်ဟာ စိတ်ဓာတ်ကျနေတာဖြစ်ရင်ဖြစ်မယ် ပျော်နေတာဖြစ်ရင် ဖြစ်မယ် တခုခုကိုတပ်မက်ဆာလောင်နေတာဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် နင်ဖြစ်နေတာကို နင်ယုံဖို့လောက်တော့ အနည်းဆုံးလိုအပ်တယ်ထင်တာပဲဟာ။” ---မေဝါဘာပြောရမှန်းမသိဘူး။ ရေချိုးတယ်။ ညစာအတူစားတယ်။ ဒီညတော့ ညီလတ်တစ်ယောက်မေဝါကို ထွေးပွေ့ထား ပုံက အရင်ရက်တွေထက်ပိုအသက်ပါလာတယ်လို့ ခံစားရတယ်။ မနက် မေဝါအလုပ်သွားချိန်အထိ ညီလတ်မနိုးသေးဘူး။ သူခုလို နှစ်နှစ်ခြိုက်ခြိုက်မအိပ်တာကြာပါပြီ။ အိပ်ပါစေဆိုပြီး မေဝါမနှိုးဘဲထားခဲ့တယ်။ ---ဒီညနေတော့ မေဝါ ရုံးဆင်းတာစောတယ်။ အခန်းထဲဝင်တော့ သတိတရနဲ့ဘက်ဘက်ခြမ်းကမီးခလုပ်ကို နှိပ်ပြီး ဖွင့်ဝင် ခဲ့တယ်။ မနေ့ကလိုဖြစ်မှာစိုးလို့ ညီလတ်ကိုအခန်းစေ့လိုက်ရှာသေးတယ်။ မတွေ့ဘူး။ စာကြည့်စားပွဲပေါ်မှာ စာတိုလေးတစ်စောင်နဲ့ ဒီနေ့မှဝယ်ထားတဲ့လိမ္မော်သီးအချို့ကိုတွေ့ရတယ်။ စာထဲမှာ ရေးထားတာက (လှေကားလက်ရမ်း ပေါ်ကပြုတ်ကျသေသွားတဲ့ကောင်မလေးကို ငါထပ်ပြီးတွန်းချလိုက်ပါပြီ။ သူမရှိတော့ပါဘူး။ နင့်ကိုငါချစ်တာကို ငါယုံတယ်။ သေလည်း သေချာပါတယ်။ ညစာဝယ်ပြီးပြန်ခဲ့မယ်။စောင့်နေပါ) တဲ့။ မေဝါ နှစ်ခြိုက်စွာပြုံးမိတယ်။ ဆောင်းတွင်းနေဝင်တာ လှတယ်လေ။ လှပါတယ်။ လိမ္မော်သီးလေးတွေနဲ့ လိမ္မော်ရောင်နေခြည်နဲ့အလွန်လှနေတယ်။ ---အဆာပြေ လိမ္မော်သီးလေးတစ်လုံးလောက်စားမယ်ဆိုပြီး ကိုင်လိုက်တော့ နေရောင်ကြာကြာခံထားရလို့ထင်တယ်။ လိမ္မော်သီးလေးတွေက ပူပူနွေးနွေးလေးဖြစ်နေတယ်။ မှူးနေဝန်း 12:13AM, 2016 July18

Tuesday, December 22, 2015

ဝက်စုတ်လေး

ဝက်စုတ်လေး


ကျွန်တော်သည် ၀က်စုတ်လေးကို သိပါသည်။ ၀က်စုတ်လေးကလည်း ကျွန်တော့်ကို သိပါသည်။ သိသည် ဆိုသည်မှာကို အနည်းငယ်တွေးကြည့်ချင်ပါသည်။ အငြိမ့်မင်းသမီးတစ်ဦးက မျက်နှာချေမှုန့်ကို သိသော သိခြင်းမျိုးလော။ မုဆိုးက သားကောင်၏ သေကွင်းသေကွက်ကို သိခြင်းမျိုးလော။ ရော်ဂျာဖက်ဒါးရား က သူ့ဆီလာနေသည့် တင်းနစ်ဘောလုံး၏ လည်အား၊ အပျော့အပြင်းကို သိနေခြင်းမျိုးလော။ ပင့်ကူ တစ်ကောင်သည် သူ၏မွေးရာပါ ပိသုကာပညာရပ်ကို သိနေခြင်းမျိုးလော။ ချိန်ခွင်လျှာတစ်ခုသည် သူမည်သည့် ဘက်ကိုတိမ်းစောင်းရမည်ကို အာရုံခံသိနေခြင်းမျိုးလော။ အမျိုးမျိုးဖြစ်နိုင်ပါသည်။ သေချာတာကတော့ ကျွန်တော်တို့ သိကြပါသည်။

ဝက်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်ပါသည်။ ထိုထပ်ပိုပြီး မမြင်စေချင်ပါ။ ၀က်စုတ်လေးသည် ပါးဖောင်းတတ်၏။ ၀က်စုတ်လေးသည် မျက်လုံးအနည်းငယ်စွေ၏။ ၀က်စုတ်လေးသည် အ၀တ်ဖိနပ်လေးနှင့် လိုက်မည်ဟု ထင်၏။ ၀က်စုတ်လေးသည် ဆေးသောက်ရမှာကြောက်၏။ ၀က်စုတ်လေးသည် တံမြက်စည်းလှည်းရသည်ကို ကျွမ်းကျင်ဝါသနာပါ၏။ ၀က်စုတ်လေးသည် ကြင်နာသနား တတ်သူဖြစ်၏။ ၀က်စုတ်လေးသည် ပုခုံးပေါ်သစ်ရွက်လေးရုတ်တရက်ကြွေကျလာသည်ကိုပင် ထိတ်လန့်တတ်၏။ ၀က်စုတ်လေးသည် အငိုလွယ်သည်။ ၀က်စုတ်လေးသည် အရယ်လွယ်သည်။ ၀က်စုတ်လေးတွင် ထူးခြားသော ကိုယ်ခန္ဓာအမူအရာရှိ၏။ ၀က်စုတ်လေးသည် အလွန်ဘာသိဘာသာ နေတတ်သူဖြစ်၏။ ၀က်စုတ်လေးသည် စပ်စုလွန်းသူလည်းဖြစ်၏။ ၀က်စုတ်လေးသည် “သြော်” ဟု အသံရှည်ဆွဲကာပြောတတ်၏။ (ထိုအသံတွင်ရိုးသားမှုများသာ ပါသည်။) ၀က်စုတ်လေးသည် ကလေးဆန်၏။ ထို့ကြောင့် ၀က်စုတ်လေးကို လူကြီးဖြစ်ပြီဟုလည်း ဆိုနိုင်၏။ ၀က်စုတ်လေးသည် ပွင့်လင်းသင့်သည့်အခါတွင် မပွင့်လင်းတတ်။ ၀က်စုတ်လေးသည် မပြောသင့်သည့်အချိန်တွင်မူ တုတ်ထိုးအိုးပေါက်ပြောတတ်၏။ ၀က်စုတ်လေးကြောင့် ခက်ခဲရ၏။ ၀က်စုတ်လေးကြောင့်လွယ်ကူရ၏။ ၀က်စုတ်လေးကို ကျွန်တော်နားမလည်။ ထို့ကြောင့် ၀က်စုတ်လေးကို ကျွန်တော်နားလည်လာသည်။

နားလည်မှု

ငါပြောတာ မင်းယုံဖို့မလိုပါ
မင်းပြောတာလည်း ငါမယုံပါ
ငါတို့ခင်မင်နေကြမြဲသာ။

နေမျိုး

ဆရာနေမျိုး၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ၀က်စုတ်လေးနှင့်ကျွန်တော့် အတွက်မှာမူ ထိုကဗျာကို ပြောင်းပြန် လုပ်ပစ်ရမည်ဖြစ်သည်။

ယုံကြည်မှု

သူ့ကိုလည်း ငါနားမလည်ပါ
ငါ့ကိုလည်း သူနားမလည်ပါ
ငါတို့လက်တွဲကြမြဲသာ ။

ထိုသို့ပြောင်းပစ်ရမည်ဖြစ်၏။

ဝက်စုတ်လေးသည် တောင်တန်းတစ်ခုမဟုတ်ကြောင်းသိစေလိုပါသည်။ သူ့ကို ကျော်လွှားအောင်နိုင် ခြင်းဖြင့် ကျွန်တော်ဂုဏ်မယူလိုပါ။ ၀က်စုတ်လေးသည် ရေတွင်းပျက်တစ်ခုမဟုတ်ကြောင်း သိစေလိုပါသည်။ မိုက်ရူးရဲစွာ ခုန်ဆင်းခြင်းဖြင့် ကျွန်တော်အသက်အသေမခံနိုင်ပါ။ ၀က်စုတ်လေးသည် မြန်မာအငြိမ့်ဗီစီဒီ တစ်ချပ် မဟုတ်ကြောင်းသိစေလိုပါသည်။ မကြည့်ချင်သည့်နေရာကို အမြန်ရစ်ပစ်လိုက်ခြင်းဖြင့် သူ့ကို ကျွန်တော် မထီမဲ့မြင်မလုပ်လိုပါ။ ၀က်စုတ်လေးသည် စက္ကူစွန်မဟုတ်ကြောင်း သိစေလိုပါသည်။ လေစီးအဟုန် ထဲမှာ လွင့်လိုရာမျောနေခြင်းကို ကျွန်တော်လက်မခံလိုပါ။ ၀က်စုတ်လေးသည် စုဗူးတစ်ခုမဟုတ်ကြောင်း သိစေလိုပါသည်။ သေးငယ်သောဆန္ဒကို ချိုးနှိမ်ခြင်းဖြင့် ကြီးမားသောမျှော်လင့်ချက်ကို ထားခြင်း၊ ထိုမျှော်လင့် ချက်ပြည့်ဝသောအခါ မျက်နှာလွဲခဲပစ် ရိုက်ခွဲဖောက်ထုတ်ခြင်းဖြင့် သူ့အပေါ်ကျွန်တော်မရက်စက်နိုင်ပါ။ ၀က်စုတ်လေးသည် မှန်တစ်ချပ်မဟုတ်ကြောင်း သိစေလိုပါသည်။ မိမိကိုယ်တိုင်မဆုံးဖြတ်ရဘဲ သူများပြုံးတိုင်း လိုက်ပြုံး ၊ သူများမဲ့တိုင်း လိုက်မဲ့သော ဘ၀မျိုး သူ့ကိုကျွန်တော်မဖြစ်စေလိုပါ။

ဒုတိယအကြိမ်ထပ်ဆိုပါမည်။ ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်ပါသည်။ “ဒီနေ့ ကောင်းကင်ကြီး ပိုလှနေသလိုပဲ” ဟုမပြောမိစေဖို့ ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်နေရပါမည်။ “Why me? Why me?” ဟု အော်ဟစ်မနေမိအောင်လည်း ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်နေသင့် ပါသည်။ “အဓိပတိလမ်းကခြေရာများ” သီချင်းကို Over-expression နှင့်မဆိုမိအောင်လည်း ၀က်စုတ်လေး သည် ၀က်စုတ်လေးသာ ဖြစ်နေရပါမည်။ “ရှုံးနိမ့်ခြင်းဟာ ၀ီစကီခွက်ရဲ့ နှုတ်ခမ်းဖျားမှာ” ကဲ့သို့သော စာသားများ မရေးဖွဲ့မိအောင်လည်း ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်နေရသင့်ပါသည်။ ကောက်ရိုးမီး ဆန္ဒများအတွက် ထွက်ပြေးလွတ်မြောက်ချင်စိတ်များမဖြစ်ပေါ်စေရန်လည်း ၀က်စုတ်လေးသည် ၀က်စုတ်လေး သာဖြစ်ရပါမည်။ ကျွန်တော်တို့တတွေ ရှပ်အင်္ကျီကြယ်သီးကိုအပြည့်တပ်နိုင်ဖို့၊ ဟုတ်ကဲ့ပါဆရာမဟု ချက်ခြင်း ပြန်ပြောနိုင်ဖို့ ၊ Br.bean ၏ ဟာသာကားသစ်ကို သူငယ်ချင်းများနှင့်အတူ ရယ်မောနိုင်ဖို့ ၊ အိမ်ရှေ့ မှာ လာလာနားတတ်သည့် “ချိုးလည်ပြောက်”လေးအချို့ကို ဆန်ကလေးများ ပက်ကျဲကျွေးမွေးနိုင်ဖို့ ၊ ခလုတ် တိုက်ချော်လဲသွားသော ကလေးတစ်ယောက်ကို မြန်မြန်ဆန်ဆန်ထူမ, ပေးလိုက်နိုင်ဖို့ ၊ စသည်စသည် တို့အတွက် ၀က်စုတ်လေးသည် ၀က်စုတ်လေးဖြစ်နေမှ ရပါလိမ့်မည်။ ကျွန်တော်သည် ၀က်စုတ်လေးကို သိရုံ သာ သိသည်မဟုတ်၊ ၀က်စုတ်လေး၏ ရှိခြင်း ၊ ဖြစ်ခြင်းကိုလည်း တန်ဖိုးထားပေးရပါမည်။

သို့သော် လက်အိတ်ကိုချွတ်ပြီးမှ မနက်ခင်းကို ကိုင်တွယ်သင့်ကြောင်း ၀က်စုတ်လေး သဘော ပေါက်သင့်သည်။ “ညအခါ လသာသာ ၊ ကစားမလား ၊ နားမလား” ဟု အလွတ်ရရုံနှင့်မပြီး ၊ ကစားမလား နားမလားဆိုတာကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချသင့်ကြောင်း ၀က်စုတ်လေး နားလည်သင့်သည်။ အချို့သော အခြေအနေများတွင် အခန်းထောင့်မှာကပ်ပြီး ပုန်းနေမည့်အစား အခန်းတံခါးကိုဆွဲဖွင့်ပြီး မျက်စိရဲရဲ ဖွင့်ကြည့်ဖို့ ၀က်စုတ်လေး သတ္တိမွေးသင့်သည်။ ပစ္စပ္ပန်တည့်တည့်မှာ တကယ်မနေနိုင်သေးသ၍ အနာဂတ်ကို မေ့လျော့ထားလို့မဖြစ်ကြောင်း ၀က်စုတ်လေး သတိထားသင့်သည်။ ရေစုန်မှာ မျှောလိုက်ခြင်းဟာ ရေစီးကို ဆန်တက်ခြင်းထက် အန္တရာယ်များကြောင်း ၀က်စုတ်လေးလေ့လာသင့်သည်။ မောစရာပန်းစရာများကို ဟာသ လုပ်ပစ်ခြင်းဖြင့် ဘ၀ကိုရင်ဆိုင်သင့်သည်မှာ မှန်သော်လည်း အရာတိုင်းကိုပေါ့ပေါ့ပါးပါးရယ်မောလိုက်ခြင်းဟာ လူသားတစ်ဦး၏ ဖြစ်တည်ခြင်းကိုယုတ်လျော့သွားစေနိုင်ကြောင်း ၀က်စုတ်လေး တွေးတောသင့်သည်။

ရောမကိုရောက်လျှင် ရောမလိုကျင့်ရမည် ဟူသော စကားရှိ၏။ ရေခဲတုံးလေးသည် ရေနွေးကို သိချင် သောကြောင့် ရေနွေးအိုးထဲခုန်ဆင်းရင်း ရေနွေးဖြစ်သွား၏။ မြစ်များသည် ပင်လယ်ကိုသိချင်သောကြောင့် ပင်လယ်ရှိရာကိုလာရင်း ပင်လယ်ဖြစ်ကုန်ကြ၏။ သစ်ရွက်ဝါသည် မြေကြီးကိုသိချင်သောကြောင့် မြေကြီးပေါ် လဲလျောင်းရင်း ကြာသော် မြေကြီးဖြစ်သွား၏။ အမှောင်သည် နေရောင်ကိုသိချင်သောကြောင့် အိမ်တံခါးကို ဆွဲဖွင့်လိုက်ရာ သူသည်လည်း အလင်းဖြစ်သွား၏။ ကျွန်တော်သည်လည်း ၀က်စုတ်လေးကို သိပါသည်။ ၀က်စုတ်လေးသည်လည်း ကျွန်တော့်ကို သိပါသည်။ သို့သော် အထက်ပါအကြောင်းအရာများနှင့်ကွဲလွဲစွာ ကျွန်တော်သည်လည်း ၀က်စုတ်လေးဖြစ်မသွားသလို ၊ ၀က်စုတ်လေးသည်လည်း ကျွန်တော်ဖြစ်မသွားခဲ့ပါ။ ကျွန်တော်သည် ကျွန်တော်ပင်ဖြစ်သလို၊ ၀က်စုတ်လေးသည်လည်း ၀က်စုတ်လေးဖြစ်မြဲဖြစ်လျက်ပင်ရှိပါသည်။ ကျွန်တော်တို့သည် တစ်ယောက်နှင့်တစ်ယောက်ဆွဲငင်ခြင်းကို ၀ါသနာမပါကြပါ။ ထို့အတူ တွန်းကန်ခြင်း လည်းမပြုလုပ်လိုပါ။ လွတ်လပ်စွာသီးခြားဖြစ်တည်ခြင်းဖြင့် ကျွန်တော်နှင့်ဝက်စုတ်လေးတို့ သိကြပါသည်။ ၀က်စုတ်လေး၏ ဖြစ်တည်မှုသည် မည်သူတစ်ဦးတစ်ယောက်၏ လက်အောက်ခံမဟုတ်သော ဖြစ်တည်မှုသာ ဖြစ်သင့်သလို ကျွန်တော်၏ လွတ်လပ်ခွင့်သည်လည်း ၀က်စုတ်လေးကအနှောက်အယှက်ပေးခြင်းဖြင့် ပျက်စီး မသွားသင့်ဟု ကျွန်တော်ထင်ပါသည်။ မလှုပ်ရှားနိုင်အောင် တုတ်ထားသောကြိုးများအလိုမရှိပါ။ မယိမ်းယိုင် သွားအောင် ထိန်းကိုင်ထားသောကြိုးများကိုသာ အလိုရှိပါသည်။ ၀က်စုတ်လေးလည်း ထိုအတိုင်းပင်ဖြစ်မည် ထင်ပါသည်။ ဤသို့ဖြင့် ၀က်စုတ်လေးနှင့်ကျွန်တော်သည် တစ်ယောက်တည်းဖြစ်သွားပါတော့သည်။

ခန်းစီးကိုဆွဲမလိုက်သည့်အခါ လေညှင်းသည် လူးလွန့်တိုးဝှေ့လာ၏။ ထိုလေညှင်းတွင် ၀က်စုတ်လေး ပါလာပါသည်။ ညဘက်တွင်တစ်ယောက်တည်းလမ်းလျှောက်ရင်း ညီညီညာညာလင်းနေသောလမ်းဘေးမီးများ ကို ငေးမောမိ၏။ ထိုအလင်းရောင်မှိန်ပျပျထဲတွင် ၀က်စုတ်လေးရှိပါသည်။ ရေချိုးခေါင်းလျှော်ပြီးသောအခါ ဆံပင်မှ ရေများကိုခါထုတ်လိုက်၏။ ထွက်လာသောရေမှုန်ရေမွှားလေးများထဲတွင် ၀က်စုတ်လေးလွင့်ဝဲနေသည်။ ဘောပင်အဖုံးလေးကို နှုတ်ခမ်းမှာတေ့ရင်း တရွှီရွှီမှုတ်ကြည့်လိုက်သည်။ ထိုအသံထဲတွင် ၀က်စုတ်လေးစီးဆင်း လာပါသည်။ အရာရာတိုင်းထဲတွင် ၀က်စုတ်လေးရှိနေ၏။ သို့သော်အရာရာတိုင်းသည် ၀က်စုတ်လေးမဟုတ်။ ၀က်စုတ်လေးသည်သာလျှင် ၀က်စုတ်လေးဖြစ်ပါသည်။ ၀က်စုတ်လေးသည်ယခုအချိန်အထိ အိပ်ချင်လာပြီ ဆိုလျှင် မျက်လုံးနှစ်ဖက်ကို လက်ခုံနှစ်ခုနှင့် ပွတ်တတ်တုန်းဖြစ်ပါသည်။ ၀က်စုတ်လေးသည်ယခုအချိန်အထိ “လာသေးတယ်” ဟု ကျွန်တော်က ဆိုလျှင် “သာအေးရယ်” ဟုပြန်ပြောတတ်တုန်းပင်ဖြစ်ပါသည်။ ၀က်စုတ်လေးသည် ယခုအချိန်အထိ နှုတ်ခမ်းလေးထော်ကာ စကားပြောတတ်တုန်းဖြစ်ပါသည်။ ရိုးသားစွာ ၀န်ခံရလျှင် ၀က်စုတ်လေးပြောင်းလဲသွားမည်ကို ကျွန်တော်မလိုလားပါ။ သို့သော် ၀က်စုတ်လေးကို ပို၍ သစ်လွင်လာစေချင်သည်။ ပို၍ခိုင်မာလာစေချင်သည်။ ပို၍ ပျော့ပျောင်းလာစေချင်သည်။ ပို၍ရှင်းလင်း လာစေချင်သည်။ သစ်လွင်ခြင်း၊ခိုင်မာခြင်း၊ပျော့ပျောင်းခြင်း၊ရှင်းလင်းခြင်းတို့သည်ကား ပြောင်းလဲခြင်းမဟုတ် တုံလော။ ဟုတ်ပေ၏။ ယင်းတို့သည်လည်းပြောင်းလဲခြင်းများသာဖြစ်ပါသည်။ သို့ဆိုလျှင် ၀က်စုတ်လေးကို မပြောင်းလဲစေလိုပါဟူသော ကျွန်တော့်အဆိုသည် မှားယွင်းသွားပေပြီ။ ထိုသို့ဆိုလျှင် ရိုသားစွာဝန်ခံရလျှင် ဟူသော အသုံးအနှုန်းသည်လည်း မှားယွင်းသွားပေပြီ။ ဖြစ်နိုင်ပါသည်။ ကျွန်တော် မရိုးသားပါ။ ၀က်စုတ်လေး အပေါ်တွင် ရိုးသားစွာပင် မရိုးသားလိုပါ။

ဝက်စုတ်လေးကိုကျွန်တော်သိကြောင်း၊ ၀က်စုတ်လေးက ကျွန်တော့်ကိုသိကြောင်း အထပ်ထပ်အခါခါ ဆိုခဲ့ပြီးပါပြီ။ စိတ်ဝင်စားစရာကောင်းသောအချက်တစ်ခုရှိပါသည်။ တစ်ခါတစ်ရံတွင် သိခြင်းတရားသည် ချစ်ခြင်း တရားနှင့် ထပ်တူထပ်မျှနီးပါး ခွဲခြားမရတတ်ခြင်းပင်ဖြစ်ပါသည်။ To know all is to forgive all , အားလုံးသိခြင်းဟာ အားလုံးခွင့်လွှတ်ဖို့ ဟူသောစကားတစ်ခွန်းရှိပါသည်။ ၀က်စုတ်လေးသည်လည်းကောင်း၊ ကျွန်တော်သည်လည်းကောင်း အပြန်အလှန် အားလုံး(နီးပါး)ကိုသိဖို့ ကြိုးစားသွားကြလိမ့်မည်ဟု မျှော်လင့်နေမိပါတော့သည်။ ။



မှူးနေ၀န်း

ဖြစ်စဉ်ပြအရေးအသား

ဖြစ်စဉ်ပြအရေးအသား


တံခါးကိုဆွဲပိတ်။ အခန်းထဲမှာသော့မေ့ကျန်။ ပြူတင်းပေါက်ကနေ ကျော်တက်။ အထဲကို ပြန်ဝင်သော့ကိုယူ။ ပြူတင်းတံခါးကို ပြန်ပိတ်။
တံခါးကိုဖွင့်ပြီးထွက်။ အထဲမှာ လက်ဆွဲအိတ်က ကျန်ခဲ့။ တံခါးကိုသော့နဲ့ပြန်ဖွင့်။ ပြန်ဝင်ပြီး လဲကျနေတဲ့ လက်ဆွဲအိတ်ကို ကုန်းကောက်ယူ အင်္ကျီအိတ်ထဲက ဖုန်းက လျှောပြီးထွက်ကျ။ ခွက်ခနဲပဲ။ အလန့်တကြားစမ်းသပ်ကြည့်။ power ကမလာတော့။ လက်ပတ်နာရီကို တစ်ချက်ကြည့်ရင်း စားပွဲပေါ်ပြန်ထိုင်။ မှောင်နေ ။ မီးအုပ်ဆောင်းဖွင့်ပြီး ဖုန်းကာဗာကိုဆွဲဖွင့်။ ဘက်ထရီကို ဖြုတ်။
ဟိုကလိ ဒီကလိလုပ်။ ပြန်တပ်။ power ဖွင့်တော့ပြန်လာ။ အိုကေပြီ။ လက်ဆွဲအိတ်ကို မမေ့မလျော့ ဆွဲပြီး အပြင်ထွက်။ ဟော မီးအုပ်ဆောင်းကို ပိတ်ဖို့မေ့ပြန်ပြီ။ အကြာကြီးထွန်းမထားခဲ့ချင်ဘူး။ အထဲပြန်ဝင်။ မီးပိတ်။ စိတ်ထဲသေချာသွားအောင် မီးဖိုထဲဝင်ပြီး အကုန်ပြန်စစ်။ ရေပိုက်ခေါင်းတွေကို သေချာကြပ်။ မီးခံသေတ္တာကို ဆောင့်ဆွဲကြည့်။ စိတ်ကျေနပ်စွာ သက်ပြင်းမှုတ်ထုတ်ရင်း အပြင်ပြန်ထွက်။ ထွက်မလို့ဆဲဆဲမှာ မှန်ကြည့်ဖို့စိတ်ကူးရ။ ခေါင်းကို ပိရိနေအောင်ပြန်ဖြီး။ နက်ကတိုင်ကို သေချာစည်း။ ပါးစပ်ကို လက်ဝါးနဲ့ ကာပြီး ဟား .. ဟား .. လို့လုပ်ကြည့်။ စပရေးနည်းနည်းထပ်ဖြန်း ။ ခြေဖျားဆတ်ခနဲထောက်ပြီး ရင်ကော့ပြုံး။ တံခါးကို ဖြေးညှင်းစွာပိတ်။ အပေါ်က CCTV ကင်မရာမှန်ကို အ၀တ်စနဲ့ ဖုန်သုတ်လိုက်။ လက်ဆွဲအိတ်ကို ဘယ်လက်မှာကိုင် ညာလက်ကို ဟန်ပါပါလွှဲပြီး လမ်းလျှောက်။ ရာသီဥတု သာယာ။ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်။ ကမ်းနားလမ်းကိုဖြတ်လျှောက်။ ရွက်သင်္ဘောတွေကို ငေးမော။ ဟိုးမှာ တံတားဟောင်းကြီး။ တံတားဟောင်းပေါ်မှာ တိတ်ဆိတ်စွာ စီးကရက်ဖွာရှိုက်။ တစ်လိပ်ကုန်သွား။ ပြုံး။ နောက်တစ်လိပ်ထပ်ကုန်။ ပိုပြုံးလာ။ သွေးကြောတွေဟာ မီးခိုးငွေ့တွေလိုပျော့ပျောင်းလာ။ တတိယ စီးကရက်ကို ဖွာရှိုက်။ စီးကရက်မီးဟာ တိုဝင်လာ။ အစီခံကို ရောက်လာ။ အစီခံဟာလောင်ကျွမ်းသွား။ သူကဖွာရှိုက်တုန်း။ အစီခံ ကုန်သွား။ သူ့နှုတ်ခမ်းကိုမီးစွဲကာ ကျွမ်းလောင်။ နှုတ်ခမ်းကိုလောင်ပြီး နှာခေါင်း။ ပြီးတော့မျက်စိ။ မျက်နှာပြင်တစ်ခုလုံး တငွေ့ငွေ့လောင်။ ပြီးတော့ တစ်ကိုယ်လုံးလောင်။ သူ့တစ်ကိုယ်လုံးပြာတွေဖြစ်သွား။သူ့ကိုယ်သူ ပြာတွေတောက်ချလိုက်။
လေတစ်ချက် ဝေ့တိုက်။ ပြာတွေ မြစ်ထဲကိုလွင့်ပါသွား။ မြစ်ရေနဲ့စီးမျောသွား။ မြစ်ရေဟာ နောက်ကျိစွာ စီးဆင်းသွား။ မြစ်အဆုံးမှာ ..
မြစ်အဆုံးမှာ .. ပင်လယ်မရှိဘူး။ ပြာပုံကြီး။


မှူးနေ၀န်း

နှင်း (၁ - ၁၈ )

နှင်း - ၁

‌ဆောင်းရာသီက‌ပြောတယ်‌
-‌နေထိုးတိုင်းသာအရည်‌‌ပျော်‌စတမ်းဆို
ငါ့ရင်‌ထဲမှာ နင်‌မရှိတာကြာခဲ့ပြီ- တဲ့။




နှင်း -၂

နှင်းမှာ နာ့ဗ်‌‌ကြော‌တွေရှိတယ်‌
အဲဒီ့အမျှင်‌‌တွေနဲ့
သူ့အသားစ‌တွေကို ဆွဲကုပ်‌ထုပ်‌ပိုးထားတာ။

နှင်းခဲအထုံးတစ်‌ခုကိုယူပြီး
‌မြေ‌ခွေး‌တွေကို ပစ်‌‌ပေါက်‌တာမျိုးမလုပ်‌နဲ့။

‌မြေ‌ခွေးနာ မနာ ‌တော့မသိ
နှင်းက နာတယ်‌။





နှင်း-၃

သူငိုတယ်‌
ဒီ‌တောင်‌ကိုမ‌ကျော်‌နိုင်‌‌တော့ဘူး - သူ‌ပြောတယ်‌
အ‌နွေးထည်‌ထူထူဝတ်‌ပါ‌တော့ - သူမှာတယ်‌
1°C အပူချိန်‌နဲ့
နှင်းဟာဖျားခဲ့ပါပြီ။





နှင်း -၎

နှင်းဟာအပြာ‌ရောင်‌ရှိပါတယ်‌
နှင်းဟာအပြာ‌ရောင်‌ရှိပါတယ်‌
ကင်းဗက်‌စ‌,‌ပေါ် ‌ဆေးပြာ‌တွေသုတ်‌လိမ်းရင်း
ပန်းချီဆရာ‌လေးက‌ပြော‌နေတယ်‌။

ယုံ‌ပေးလိုက်‌ကြပါ
ယုံ‌ပေးသင့်‌ပါတယ်‌
သူ့နှုတ်‌ခမ်း‌တွေလည်းပြာ‌နေတယ်‌။





နှင်း -၅

မိုးပျံပူ‌ဖောင်းထဲ
ဟိုက်‌ဒရိုဂျင်‌နဲ့အတူ
နှင်းမှုန်‌အနည်းငယ်‌ထည့်‌လွှတ်‌‌ပေးလိုက်‌တယ်‌။

ဤကုသိုလ်‌‌ကြောင့်‌
အိမ်‌အမြန်‌ပြန်‌‌ရောက်‌ချင်‌ပါပြီ။




နှင်း -၆

ခလုပ်‌နှိပ်‌ရင်‌ နှင်း‌တွေကျလာမယ်‌။

သွားမထိနဲ့
‌သောက်‌ရူးမထနဲ့
ရိုမန်းတစ်‌မဆန်‌ချင်‌နဲ့
ဓာတ်‌လိုက်‌တတ်‌တယ်‌။




နှင်း -၇

တံခါးဟဟကြားထဲက
နှင်း‌တွေကျ‌နေတာမြင်‌ရတယ်‌။

‌သော့မခတ်‌ထား‌ပေမယ့်‌
ဖွင့်‌ဖို့‌သော့ကိုရှာ‌နေမိပါတယ်‌။





နှင်း -၈

ပုံပြင်‌ထဲက ယုန်‌မင်းက‌ပြောတယ်‌
-ဗိုက်‌ဆာ‌နေလား။ ငါ့အသားကိုစားပါ-
မီးပုံထဲခုန်‌ဆင်းတယ်‌။

ပုံပြင်‌ထဲကနှင်းက‌ပြောတယ်‌
-သိပ်‌ချမ်း‌နေလား။ ငါ့ကို‌လောင်‌စာလုပ်‌ပါ-
မီးပုံထဲခုန်‌ဆင်းတယ်‌။





နှင်း -၉

နှင်း‌တွေဟာလည်း
‌ဆောင်းခိုကြတယ်‌ထင်‌ရဲ့။

‌နွေဦး‌ရောက်‌ပြီ လို့ ‌ခေါင်း‌လောင်းထိုးလိုက်‌မှ
တုန်‌ယင်‌မှုနဲ့အတူ နှင်းကြွင်းများ‌ကြွေကျ။




နှင်း -၁၀

အ‌နွေးထည်‌၀တ်‌ထားသူတစ်‌‌ယောက်‌
အင်္ကျီမရှိသူတစ်‌‌ယောက်‌။

အံ့သြဖွယ်‌
စိတ်‌ပျက်‌ဖွယ်‌
အ‌နွေးထည်‌‌ပေါ်မှာပဲ
နှင်းများတင်‌ကျန်‌‌နေခဲ့တယ်‌။




နှင်း - ၁၁

ဖန်မီးအိမ်ကား
မျက်နှာနီမြန်းလျှက်
ချွေးစို့တုန်ရီစွာ
နှင်းလား ဟု နူးညံ့စွာမေးသောအခါ . .
. .
သူမသည် မျက်လွှာကိုချလိုက်၏။



နှင်း - ၁၂

မနက်က နှင်းလမ်းခြေရာများ
ညနေတွင်ပျောက်သွားပြီ
စမ်းချောင်းသည် ကြည်မြဲကြည်လျှက်
လမ်းများသည် နီမြဲနီလျှက်။


နှင်း - ၁၃

ယုံလားဟု မေးသော်လည်း
ချမ်းတယ်ဟုသာ ဖြေလိုက်မိ၏။

ဖြူရဲ့လားဟု မေးသောအခါတွင်မူ
ချစ်တယ်ဟုသာ ဖြေဖြစ်ပါလိမ့်မည်။


နှင်း - ၁၄

ဖာရိုးဘုရင်၏နှင်းများရောက်လာသည်
ပိရမစ်လို နှင်းတွေပုံနေ၏။
နီရိုးဘုရင်၏ နှင်းများကြွချီလာပြီ
မီးပုံများအလိုလျောက်ငြိမ်းသွား၏။

အညတရနှင်းလေးကား မြက်ဖျားတွင်ငြိမ်နေသည်
သင်တို့တွေအရည်မပျော်တတ်သေးဘူးလားဟုမေးရင်း
နေရောင်အောက်တွင် ၀င်းလက်သွားတော့၏။


နှင်း - ၁၅

နှင်းသည်
ထူးခြားစွာပင် ဆူညံနေသည်။

ဟိုတစ်ဖက်မှာပွဲတော်ရှိမည်အထင်ဖြင့်
ရှေ့ကိုခြေတစ်လှမ်းတိုးသောအခါ
နှင်းသည် ခပ်စိမ်းစိမ်းပြုံးပြလိုက်သည်။










နှင်း - ၁၆

ချမ်းလွန်း၍ထင်သည်
သံလျက်ဓားသွားလည်းကွေးပြီ
သေနတ်ပြောင်းဝလည်းအေးပြီ
CCTV ကင်မရာကိုနှင်းများဖုံးနေတုန်း
ရာဇဝင်သတ်မှတ်ချက်တွေခဏမေ့ပြီး
မရှက်မကြောက်ပွေ့ဖက်နမ်းရှုတ်နိုင်ကြပြီ။







နှင်း - ၁၇

ဒန်ဖလားထဲ အကြွေစေ့တွေများလားကွယ်
- ကျေးဇူးပါခင်ဗျာ ကျေးဇူးပါခင်ဗျာ -
မျက်မမြင်အဘိုးကြီးရေရွတ်တယ်
ကျီစားသန်သူ နှင်းစက်ရယ်။





နှင်း - ၁၈

- အိမ်ပြင်မှာအိပ်နေတဲ့ ခွေးလေးတွေပေါ်ခုန်မဆင်းရဘူး
ပန်းပွင့်လေးတွေပေါ် ညင်ညင်သာသာဆင်း -
ဟု နှင်းမေမေ က နှင်းသမီးလေးကိုပြော၏။
- စိတ်ထားကောင်းရင် နောင်ဘဝကျ
ပဲရစ်မြို့မှာဝေတဲ့နှင်းတွေ ဖြစ်ရလိမ့်မယ် -
နှင်းမေမေက နှင်းတောသူမလေးကို အားပေးလေသည်။



မှူးနေဝန်း

ည (၁ - ၁၀ )



ည - ၁


....... ည
အငြိုးတကြီး ညှိုးရော်သွားခဲ့ရ
ညစ်ညစ်ညမ်းညမ်းနဲ့ ညှင်သာလာခဲ့ရ
နူးညံ့ခြင်းတွေ ဆူညံလာခဲ့ကြ
ညောင်စောင်းထက်မှာ ငြိတွယ်ခြင်းတွေစ
ငြင်းရင်း ငြင်းရင်းနဲ့
ငြိမ်ငြိမ်သက်သက် ညပ်ပါသွားခဲ့ရ
ကိုင်းညွှတ်လာတဲ့ည။




ည - ၂


လမ်းမကြီးတွေ အလန့်တကြားချိုးကွေ့သွားပုံ
လည်ပတ်နေတဲ့ချိန်းကြိုးပေါ်မှာ
ဓာတ်တိုင်အဟောင်းတွေ သမ်းဝေပုံ
ဂျင်းဘောင်းဘီတွေ ကြေမွခဲ့ပုံ
ပြီးတော့
အဲဒီ့ဂျင်းဘောင်းဘီရဲ့ ခေါက်ထားတဲ့အောက်အနားထဲက
သဲမှုန့်များ ပုရွက်ဆိတ်များ ထွက်ကျလာခဲ့ပုံ။



ည - ၃


သိုးဖြူများလည်း အိပ်ကြ
သိုးမည်းများလည်း အိပ်ကြ
နိုးထလာသော မြေခွေးတစ်ကောင်
သက်ပြင်းချ ၊ ခေါင်းတဆတ်ဆတ်ညိတ်
တောနက်ထဲ တိတ်ဆိတ်စွာပြန်ဝင်သွား ။



ည - ၎


တံခါးကိုဂျက်ချ
အိပ်ယာထဲဝင် မျက်လုံးမှိတ်
မျက်လုံးပြန်ဖွင့်
တံခါးဂျက်ကိုဖွင့်ပြီး အပြင်ဘက်ကိုချောင်းကြည့်
တံခါးဂျက်ကိုပြန်ချ။



ည -၅


အဘွား
အိပ်နေတာ အရမ်းငြိမ်
အိမ်မြောင်စုတ်ထိုးသံကျယ်လောင်စွာ
ငါက အခန်းထောင့်မှာ။



ည - ၆


အားးးး!!
အိပ်မက်ဆိုးက လန့်နိုးလာ
မျက်လုံးစည်းအ၀တ်နက်ကို ဆွဲခွာ
ဟော
ထုတ်တန်းပေါ်မှာ လျှာတစ်လစ်နဲ့မြွေတစ်ကောင်။



ည - ၇


လက်သန်း
ဟုတ်ပြီ လှုပ်ကြည့်စမ်း
လှုပ်ပြီ ဒါဆို လက်ငါးချောင်းလုံးလှုပ်ကြည့်
အင်း တံတောင်ဆစ်ကိုကွေးကြည့်
အားစိုက်ပြီးလက်ကိုဆွဲ,မ ကြည့်
ဘုန်းခနဲပြန်ကျလာ
ကြောက်တယ် ကြောက်တယ်
ပြန်မ   လက်တစ်ခုလုံးကိုပြန်မ
ရပြီ
နိုးပြီ
ရေ .. ရေ ။



ည - ၈


မီဒူဆာ
ဒီဘက်လှည့်ပြီး ကိုယ့်ကိုကြည့်စမ်းကွာ
မင်းဆံနွယ်လေးတွေ ပျော့ပျောင်းနေလိုက်တာ ။



ည- ၉


ဗုဒ္ဒမျက်နှာတော် အေးချမ်းငြိမ်သက်
ဆီမီးလျှံညွန့် လူးလွန့်ထိုးလျှက်
ငါတို့တွေက ယပ်တဖျတ်ဖျတ်။



ည -၁၀


ကုတ်အင်္ကျီက အ၀တ်တန်းပေါ်မှာ ချိတ်နဲ့ဆွဲထားတယ်
ညာဘက်အောက်အိတ်ထဲမှာ ပိုက်ဆံအိတ်ရှိတယ်
ဘယ်ဘက် အောက်အိတ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်
အတွင်းအိတ်ကပ်ထဲမှာ နှင်းဆီတစ်ပွင့်ရှိတယ်
အခန်းမီးခလုပ်က ဗီရိုဘေးမှာ
ဓာတ်မီးသေးသေးလေးက ဗီရိုအံဆွဲထဲမှာ
ဒါနဲ့
တံခါးအကွယ်မှာ ပုန်းနေတဲ့မိတ်တွေ
နာမည် ဘယ်လိုခေါ်ပါသလဲ ။


မှူးနေ၀န်း

မီးပွိုင့်

မီးပွိုင့်


ကျွန်တော်သည် ကားဟွန်းကို စိတ်မရှည်စွာအကြာကြီးဖိထားလိုက်
ပါသည်။ ဘေးမှာထိုင်နေသော သမီးလေး ကတော့ သူ၏ Tablet ကိုထုတ်ကာ ဂိမ်းကစားနေသည်။ ကျယ်လောင်ရှည်လျားစွာထွက်ပေါ်နေသော ကားဟွန်းသံကို ကြားမိပုံမပေါ်ပါ။ ကျွန်တော်ပင် ကိုယ့်အသံနှင့်ကိုယ်နားအူလာသဖြင့် ဟွန်းကိုဖိထားသောလက်ကိုပြန်ကြွလိုက်ရသည်။ ကျွန်တော့်ရှေ့မှာ ပိတ်နေသောကားတန်းကြီးကို ဟွန်းသံနှင့်တွန်းထုတ်၍မရမှန်း ကျွန်တော်သိပြီးသားဖြစ်ပါသည်။

ဤမီးပွိုင့်သည် ယာဉ်ပိတ်ဆို့မှုမကြာခဏဖြစ်လေ့ရှိသော နေရာတစ်ခုဖြစ်ပါသည်။ မြို့တော်၏ဗဟိုချက်ပိုင်းတွင် တည်ရှိနေသည့်အပြင် လမ်းတည်ဆောက်ပုံများမှာလည်း လမ်းသွယ်များလမ်းခွဲများဖြင့် အလွန်ရှုပ်ထွေးလှသည်။ အရင် က သည်နေရာကိုဖြတ်သန်းသွားလာဖူးခဲ့သော်လည်း သည်နေ့ကျမှ ပိုမိုရှုပ်ထွေးပိတ်ဆို့နေသလားဟုပင် ထင်မိသည်။ သမီးလေးကတော့ ကားတွေဘယ်လိုပဲပိတ်ဆို့ပိတ်ဆို့ ဘယ်လောက်ပဲအချိန်ကြာကြာ သိပ်ဂရုစိုက်နေဟန်မရှိဘဲ သူ့ဂိမ်းကို သာ သည်းသည်းမည်းမည်းဆော့နေသည်။ သမီးလေးဆော့နေသောဂိမ်းမှာ ကားမောင်းသည့်ဂိမ်းဖြစ်ပါသည်။ ကျယ်ပြန့် ခမ်းနားသောလမ်းမကြီးပေါ်မှာ သမီးလေး၏ကားသည် အခြားကားများကိုကျော်တက်ပြေးလွှားနေပါသည်။ တခါတလေ အနောက်မှကပ်ပါလာပြီး ဟန့်တားရန်ကြိုးစားသော ရဲကားများကိုလည်း သေနတ်နှင့်ပစ်၍ဖြစ်စေ ကားဘော်ဒီချင်းယှဉ်ကာ လမ်းဘေးသို့တိုက်ချ၍ဖြစ်စေ ကျန်ရစ်နေခဲ့အောင်လုပ်ရပါသေးသည်။ သမီးလေးသည် အချိုးအကွေ့များကိုအလျင်အမြန် ကွေ့ရခြင်း၊ ကျော်တက်ရခြင်း၊ အတားအဆီးများကိုရှောင်တိမ်းရခြင်း၊ ရဲကားများကိုတိုက်ခိုက်ရခြင်း စသောအမှုများကို စိတ်ဇောထက်သန်စွာပြုလျက်ရှိပါသည်။

သိပ်မကြာမီမှာပင် သမီးလေး၏ကားသည် လမ်းဘေးအဆောက်အဦတစ်ခုကိုဝင်တိုက်မိကာ မီးများလောင်ကျွမ်း သွားပါတော့သည်။ “ဟာ . . ဂိမ်းခါနီးမှကွာ”ဟု သမီးလေးကမချင့်မရဲရေရွတ်ပါသည်။ ကျွန်တော်က တစ်ခုခုပြောရန်ပြင်ဆဲ မှာပင် ကျွန်တော့်နောက်က ကားများ၏ စူးစူးရှရှဟွန်းတီးသံများကိုကြားလိုက်ရပါသည်။ ဟုတ်​ပေ၏။ ကျွန်တော့်ရှေ့က ကားတန်းကြီးက တရွေ့ရွေ့ထွက်ခွာစပြုနေပါပြီ။ ကျွန်တော်သတိမထားမိလိုက်ခြင်းဖြစ်သည်။ ကားကိုရှေ့ကားနှင့် အမီ ကပ်လိုက်နိုင်ရန်မောင်းထွက်လိုက်သည်။

ကားတန်းကြီးမှာရွေ့လျားနေသည်ဆိုသော်လည်း စက်ဘီးနင်းနေသလောက်မျှသာရှိပါသည်။ ကားစီးကြောင်းထဲ အလိုက်သင့်မောင်းနေရင်း ၀ဲယာမှအဆောက်အဦများ မြင်ကွင်းများကိုငေးနေမိပါသည်။ လူသွားလမ်းပေါ်မှာလည်း လူတွေ အပြည့်အနှက်လှုပ်ရှားနေကြမြဲဖြစ်ပါသည်။ အဆောက်အဦများ၏ မှန်တံခါးများအတွင်းမှာလည်း တရွရွလှုပ်ရှားနေသော လူများကိုတွေ့နေရပါသည်။ တခါတလေမှာလည်း ပြူတင်းပေါက်များမှတဆင့် ငေးမောတွေဝေနေသောမျက်လုံးအစုံနှင့် အထီးကျန်နေသူများ၏ မလှုပ်မယှက်ပုံရိပ်များကိုလည်း တွေ့ရတတ်ပါသည်။ သမီးလေးကတော့ ဂိမ်းကစားခြင်းကိုနားပြီး လိမ္မော်သီးအမွှာလေးများကို စားနေသည်။
ထိုအချိန်မှာပင်ဖုန်းကမြည်လာပါသည်။ ကျွန်တော်၏ဇနီးသည်ဆီမှ ဖြစ်ပါသည်။

“ဟဲလို ..”
“ဟဲလို အေး မိန်းမရေ။ ကိုနဲ့သမီးလေး ကားပိတ်နေလို့ဟေ့”
“သြော ဟုတ်လား။ ကြာလိုက်တာ ။ အခုရော”
“အခုတော့ပြန်မောင်းလို့ရနေပြီ ။ တရွေ့ရွေ့ပါပဲ”
“မေမေ သမီးရဲ့ဂါးဂါးကို အစာကျွေးပြီးပြီလား ။ သမီးကတော့အခုလိမ္မော်သီးစားနေတယ်။ ချိုတယ်”
ကျွန်တော်တို့စကားပြောနေစဉ်သမီးလေးက ဘေးမှဝင်အော်ပါသည်။ ဂါးဂါးဆိုသည်မှာ သမီးလေး၏အချစ်တော် ကစားဖော်ကြောင်ကြီးဖြစ်ပါသည်။
“ဟေ . . အေး သမီးလေး။ ခုနကတင်ကျွေးထားပါတယ်ရှင်”
ဇနီးသည်က ရယ်ရယ်မောမောပြန်ဖြေပါသည်။
“အေး မိန်းမရေ ဖြေးဖြေးမောင်းနေရတယ်ကွာ။ မရောက်သေးပါဘူး။ ရောက်ရင်ဖုန်းဆက်လိုက်မယ်လေ”
ကျွန်တော်ကဖြတ်ပြောသည်။ ကားကိုလည်းထိန်းမောင်းရင်း အရှေ့ကိုကြည့်လိုက်တော့ ကျွန်တော်တို့ကားက မီးပွိုင့်ကိုလွန်မြောက်တော့မည်ဖြစ်သည်။
“အင်းအင်း။ ရောက်ရင်ဖုန်းဆက်လိုက်ဦးနော်။ ပြီးတော့ . . .”

ဇနီးသည်၏ စကားတစ်ဝက်မှာပင် ကျယ်လောင်စူးရှသော ခရာမှုတ်သံကိုကြားလိုက်ရပြီး မီးပွိုင့်သည် အစိမ်းမှ အနီသို့တစ်ဖန်ပြန်ပြောင်းသွားပါတော့သည်။
“ဟာ ပြန်နီသွားပြန်ပြီမိန်းမရေ။ မီးပွိုင့်လွတ်ခါနီးမှကွာ”
ကျွန်တော်က မချင့်မရဲပြောလိုက်ပါသည်။
“အင်းအင်း ။ စိတ်ရှည်ရှည်နဲ့စောင့်ပါရှင်။ ရောက်မှသာဖုန်းဆက်လိုက်တော့နော်

ဇနီးသည်က ထိုသို့ပြောပြီး ဖုန်းကိုပြန်ချသွားသည်။ ယခုအချိန်မှာတော့ ကျွန်တော်တို့၏ကားလေးအတွင်း ပြန်လည်တိတ်ဆိတ်ခြောက်ကပ်သွားပါပြီ။ မကျေမချမ်းစိတ်ဖြင့် ဘာလုပ်ရမှန်းမသိဘဲကျွန်တော်ကျန်ခဲ့သည်။ ဘေးမှ ကားသမားများကို စောင်းငဲ့ကြည့်မိတော့ သူတို့လည်းအတော်စိတ်ပျက်နေပုံရပါသည်။ နီရဲနေသောမီးပွိုင့်မျက်နှာပြင်အ၀ိုင်း လေးကိုသာ ကျွန်တော်ဘုကြည့်ကြည့်နေမိသည်။ ဤမီးနီသည် ရဲရဲတောက်လွန်းလှသည်။ လျှပ်စစ်မီးသီးနီသည်နှင့်မတူဘဲ သံကိုရဲရဲနီအောင်မီးဖုတ်ထားသည့်အရောင်မျိုးပင်ဟု ပေါက်ပေါက်ရှာရှာတွေးမိသည်။ မီးနီကိုကြည့်ရသည်မှာ ၀င်ခွင့်မပေး နိုင်ဘူးဟု စိတ်ဆိုးမာန်ဆိုးပြောနေသည့် ဂိတ်စောင့်ကြီး၏မျက်နှာကိုကြည့်နေရသလို အားငယ်ချင်စရာ စိတ်ညစ်စရာ ကောင်းလှပါသည်။

မီးနီကိုစိုက်ကြည့်နေမိသဖြင့် ကျွန်တော့်မျက်လုံးများေ၀၀ါးလာပြီး ညောင်းညာလာသည်။ စိတ်ကိုလျှော့ကာ ထိုင်ခုံ ကိုနောက်သို့လှန်ချပြီး ပြေလျော့လျော့အနေအထားမျိုးဖြင့်မှီလှဲနေလိုက်သည်။ ကားခေါင်မိုးကိုပြူးကြောင်ကြောင် ကြည့်နေမိရာမှ မျက်လုံးကိုခပ်ဖွဖွပိတ်ထားလိုက်သည်။ စောင့်ဆိုင်းရုံအပြင် အခြားနည်းလည်းမရှိပါချေ။

“ဟာ သွားပြန်ပြီကွာ”
သမီးလေး၏ ကျယ်ကျယ်လောင်လောင်အော်ဟစ်သံကြောင့် ကျွန်တော်ဆတ်ခနဲဖြစ်သွားသည်။ အိုး . .။ ကျွန်တော်မှေးခနဲအိပ်ပျော်သွားခဲ့သည်ပဲ။ နာရီကိုကြည့်လိုက်တော့ ၁နာရီကျော်ကျော်လောက်ကိုအိပ်ပျော်သွားခဲ့ခြင်းပင်။ မီးပွိုင့်မှာမူ ထိတ်လန့်အံသြဖွယ်ကောင်းစွာပင် နီမြဲနီလျှက်။ အိပ်ပျော်သွားသည့်အချိန်အတွင်းမှာများ မီးစိမ်းသွားတာ မသိလိုက်လို့လားဟု ဘေးဘီဝဲယာကိုကြည့်လိုက်တော့လည်း ကားတန်းကြီးမှာခုနကပုံစံအတိုင်း အနေအထားမပျက် ရပ်တန့်လျှက်။ ကျွန်တော် အတော်အံ့သြသွားရသည်။အမှန်ဆို မီးပွိုင့်နှင့်ကျွန်တော့အကြားတွင်ရှေ့မှခံနေသည်မှာ ကား ၂ စီးမျှသာဖြစ်သည်။ နောက်တစ်ခါစိမ်းလိုက်ရုံမျှဖြင့်ကျွန်တော်တို့မီးပွိုင့်မှ သေချာပေါက်လွန်မြောက်လာမည်ဖြစ်သည်။ ယခု လို ၁နာရီကျော်ကြာအောင်ဆက်တိုက်နီထားသောမီးပွိုင့်ကို တစ်ခါမှမမြင်ဖူးပါ။ တခြားနေရာများတွင်လည်းရှိမည်မထင်ပါ။ စည်းကမ်းဖောက်ဖျက်ပြီးမီးနီဖြတ်မောင်းရင်ရောမရနိုင်ဘူးလားဟုတောင် တွေးမိသည်။ ထိုအတွေးကို ချက်ချင်းပင် ပြန်လည်စွန့်လွှတ်လိုက်ရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကန့်လန့်ဖြတ်ယာဉ်ကြောမှကားတန်းကြီးသည် ကျွန်တော်တို့ ကားများရှေ့မှ အဆက်မပြတ်ဖြတ်သန်းရွေ့လျားနေသောကြောင့်ပင်ဖြစ်သည်။ လုံးဝမရပ်မနား။

“ဖေကြီး။ နိုးသွားတာလား။ သမီးလည်းစောင့်ရတာကြာလွန်းလို့ အပျင်းပြေဂိမ်းပြန်ဆော့နေတာ။ ဖေကြီးကလည်း အိပ်နေတော့စကားပြောလို့လည်းမရ။ ဂိမ်းကလည်းအောင်ခါနီးလေးကျမှ ၀င်ဝင်တိုက်မိနေတာ ။ အဲ့နေရာမှာပဲ ခဏခဏ။ အော်လိုက်မိတာ ဆောရီးနော်။”
သမီးလေးက ကျွန်တော့်ကိုပြောနေပါသည်။ “ရပါတယ် သမီးရယ်” ဟု ကျွန်တော်က ပြောပြီး ပတ်ဝန်းကျင် အခြေအနေကိုကြည့်ရန်ကားအောက်ဆင်းဖို့ဆုံးဖြတ်လိုက်သည်။ သို့သော် . . ။ ကားတံခါးကိုဖွင့်မရပါချေ။ လော့ခ် ချ ထားသလားသေချာပြန်ကြည့်သည်။ ဖွင့်မရ။ တုတ်တုတ်မျှမလှုပ်။ ကျွန်တော့်ဘေးကတံခါးပဲတစ်ခုခုဖြစ်လို့များလားဆိုပြီး ကျန်သောတံခါးပေါက်များကိုဖွင့်သည်။ မရ။ လုံးဝမရ။ ကျွန်တော်သွေးရူးသွေးတန်းကြိုးစားနေရင်း နဘေးကားများထဲရှိ လူများဆီမှအကြည့်များကို သတိထားမိလိုက်ပါသည်။ သူတို့သည် ကျွန်တော့်ကိုကြည့်နေခြင်း ဖြစ်ပါသည်။ သူတို့အကြည့်ကို ကျွန်တော်သဘောပေါက်ပါသည်။ “ကားတံခါးတွေဖွင့်လို့မရတော့တာ အခုမှသိရသလား အရူးရဲ့။ ဖွင့်လို့ရမှဖြင့် အခုအချိန်ဆို ငါတို့အားလုံးကားထဲမှာဘာလို့ထိုင်နေပါ့မလဲ” ဆိုသည့်အဓိပ္ပာယ်ပင်ဖြစ်ပါသည်။

ကျွန်တော်ဇောချွေးများပြန်လာပါသည်။ ဘာတွေဖြစ်ကုန်တာလဲ။ နားမလည်နိုင်တော့ပါ။ ၁နာရီကျော် တောက်လျှောက်သွားနေသော ယာဉ်တန်းကြီးကိုလည်းအံ့သြနေသည်။ ဒီလောက်များတဲ့ကားတွေဖြတ်သန်းလို့ မကုန်တော့ဘူးလား။ သူတို့တွေက ဘယ်ကနေဘယ်ကိုသွားနေတဲ့ခရီးသွားတွေလဲ။ ဘယ်လိုခရီးသွားတွေလဲ။ မေးခွန်းတွေတ၀ီဝီဖြစ်နေသည်။ ရုတ်တရက်သတိရသွားပြီး ဖုန်းကိုကောက်ကိုင်လိုက်ပါသည်။ “ No Service ဖြစ်နေတယ် ဖေကြီး” ဟု သမီးလေးကဖြတ်ပြောသည်။ ကျွန်တော်ကြည့်လိုက်တော့လည်းဟုတ်နေသည်။ မည်သို့မျှခေါ်မရ။ ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲ သမီးလေး၏ဦးခေါင်းလေးကိုသာ ခပ်ဖွဖွပွတ်သပ်ပေးနေပါတော့သည်။

ကျွန်တော်တို့အဖြစ်အပျက်ကို အကျဉ်းချုံ့ပြောရလျှင် ထိုနေ့ညအထိမီးပွိုင့်ဆက်နီနေပါသည်။ အစပိုင်းကာလ များတွင် ကျွန်တော့်စိတ်များမှာ ဂယောက်ဂယက်ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှအနည်ထိုင်လာခဲ့သည်။ အနည်မထိုင်လို့လည်းမရ။ နောက်တစ်နေ့အထိ ကျွန်တော်တို့မီးနီမိနေဆဲဖြစ်ပါသည်။ ကျွန်တော်တို့၏ အိမ်များနှင့်လည်း အဆက်အသွယ်မရခဲ့ပါ။ ရှေ့မှဖြတ်စီးနေသောကားတန်းကြီးမှာလည်း မကုန်ဆုံးသေးပါ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးပြီး တစ်လပြီးတစ်လကျော်ဖြတ်လာခဲ့သည်။ ရာသီတွေပြောင်းလဲသွားကြသည်။ ကျွန်တော်တို့ကားမှန်ရှေ့တွင် ဆီးနှင်းဖတ် များ ကျရောက်လာသောကြောင့် ရေသုတ်တံနှင့်ရှင်းခဲ့ရသည့်ကာလများရှိလာသလို ကျွန်တော်တို့ကားစက်ဖုံးပေါ်သို့ မျက်စိလည်လမ်းမှားလာသော ဥသြငှက်ကလေးများ လာနားသည်ကိုလည်း မြင်ဖူးခဲ့ပါပြီ။ ကျွန်တော်တို့သည် ယခုအခြေ အနေတွင် နေသားကျလာပြီဖြစ်သလို ကားနီးနားချင်းများနှင့်လည်းအသိအကျွမ်းဖြစ်လာခဲ့ပါပြီ။ ကားတံခါးများဖွင့်လို့မရ သော်လည်း ကားမှန်များချ၍ ပြောဆိုဆက်သွယ်လို့တော့ရသဖြင့် ကံကောင်းသည်ဟုသာ မှတ်ယူရပါတော့မည်။

ကျွန်တော်၏ညာဘက်ကကားမှာ ထီလက်မှတ်ရောင်းသည့်ကားဖြစ်ပါသည်။ သူ၏ ထီလက်မှတ်များကတော့ ပုပ်သိုးကုန်ပြီပေါ့။ သူတို့ဆီမှာသီချင်းခွေအတော်များများပါသဖြင့် ကျွန်တော်တို့အပျင်းပြေနားထောင်နိုင်ပါသည်။ ဘယ်ဘက်မှာရှိသည့်ကားကတော့ ကျောင်းဖယ်ရီကားလေးတစ်စင်းဖြစ်ပါသည်။ သူတို့ကားမှာ လိုက်ထရပ်ကားလေး ဖြစ်ပါသည်။ နောက်ခန်းကတော့ တံခါးမရှိသဖြင့် မီးပွိုင့်မိပြီးနောက်တစ်ရက်မှာပင် လိုက်ပါစီးနင်းကြသော ကျောင်းသား ကျောင်းသူလေးများမှာ ကားပေါ်မှဆင်းပြီးရောက်ရာပေါက်ရာသို့လျှောက်သွားကြပါသည်။ အချို့မှာ ကျွန်တော်တို့ရှေ့က ဖြတ်သန်းနေသောကားကြုံများဖြင့်ပါသွားပါသည်။ အချို့မှာနီးရာစတိုးဆိုင်များတွင်ဝင်ရောက်လုပ်ကိုင်ကြကာ အချို့မှာ သွားရင်းသွားရင်းနှင့် အခြားမြို့များသို့ပင်ရောက်သွားသည်ဟု သတင်းကြားရပါသည်။ ကျွန်တော်တို့ရှေ့ကကားမှာတော့ ကန့်သတ်အလေးချိန်ထက် မတန်တဆ ပိုမိုသယ်ဆောင်လာသော ကုန်ကားကြီးတစ်စင်းဖြစ်ပါသည်။ ထိုကားစီမှ အရှုံးပေါ် ပါပြီ ဆိုသည့်အသံကိုခဏခဏကြားရပါသည်။ ကျွန်တော့်အနောက်ရှိကားကတော့ ရုပ်ရှင်လက်မှတ်ရောင်းသည့်ကား ဖြစ်ပါသည်။ သူတို့ကားပေါ်ရှိ ရုပ်ရှင်ကားပိုစတာကို ယခုအချိန်ထိပြောင်းလဲနိုင်ခြင်းမရှိသေးပါချေ။

ကျွန်တော်သည် မီးပွိုင့်မိနေသည့်ကာလအတွင်း ချောင်းဆိုးသွေးပါ ၂ခါ၊ အိပ်မက်ဆိုးမက်ခြင်း ၆ခါ နှင့် ၃ခါတိတိ ရှိုက်ကြီးတငင်ငိုကြွေးဖူးပါသည်။ ကျွန်တော်၏ သမီးငယ်လေးသည်လည်း အရွယ်ရောက်လာကာ လှသွေးကြွယ်လျှက်ရှိပါ ပြီ။ ကားနီးနားချင်းများထဲတွင် သူ့အလှဂုဏ်သည်ကြော်ကြားပါသည်။ သမီးလှအတွက် အဖေတစ်ယောက်အနေနှင့်ဂုဏ်ယူ ရသကဲ့သို့ စိုးရိမ်ပူပန်ရသည်များလည်းရှိပါသည်။ ယခုမူသမီးသည် ပိတ်မိနေသောကားများထဲ၌ရှေ့ဆုံးတန်းမှာရောက်နေ သော မာစီဒီးကားနက်ကလေးအတွင်းမှ ကောင်လေးတစ်ယောက်နှင့်မေတ္တာမျှနေကြပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ထက်ပိုမိုအခွင့်အလမ်းကောင်းသောအနေအထားမှာရှိသဖြင့် သူတို့ကိစ္စကိုတားဖြစ်ရန် အကြောင်းမရှိပါချေ။

တစ်နေ့မှာမူ ကျွန်တော်သည် သမီးလေး၏ Tabletကိုယူ၍ သူဆော့နေကျ ကားမောင်းသည့် ဂိမ်းကိုဆော့မိနေ၏။ ကားမမောင်းရသည်မှာကြာ၍ ဂိမ်းထဲကကားကိုမောင်းရသည်မှာပင် ကျွန်တော့အတွက်အလွန်အရသာရှိလှပါပြီ။ သမီးလေးကတော့ ကားနောက်ခုံမှာလဲလျောင်းနေပါသည်။ ထိုအချိန်မှာပင် ၀ီစီမှုတ်သံတစ်ခုကိုထူးဆန်းဖွယ်ကြားလိုက် ရပါသည်။ “ဘုရားရေ . . ” ဟုပင် ကျွန်တော်ယောင်ယမ်းရွတ်ဆိုလိုက်မိသည်။ မီးစိမ်းသွားပါပြီ။ ဖြတ်သန်းနေသော ယာဉ်တန်းကြီးရပ်တန့်သွားပါပြီ။ ကားများအားလုံး မင်သက်အံ့သြနေကြမှန်းသိသာလှပါသည်။ ၀ီစီသံနောက်တစ်ခု ထပ်ထွက်လာသည်။ ကားတွေမြန်မြန်ထွက်ကြဖို့နှိုးဆော်နေခြင်းဖြစ်ပေ၏ ။ ကျွန်တော်တို့ဘေးက ကားများလည်း စက်နှိုးသံတညံညံထွက်လာကြသည်။ အချို့ကားများဆိုတော်တော်နှင့်နှိုးမရ။ ကျွန်တော်လည်း ကားစက်နှိုးဖို့ပြင်လိုက် ပါသည်။

ထိုအချိန်မှာပင် သမီးလေးက သူမောင်းမည်ဟုပြောလာပါသည်။
“သမီးမောင်းတတ်လို့လား”
“အော်တိုဂီယာမို့လား။ သမီးမောင်းပါရစေဖေကြီး။ သိပ်မခက်လောက်ပါဘူး။ ဖေကြီးလည်း ဒီဂိမ်းကို အရင်က ဆော့ဖူးတာမှမဟုတ်တာ”
သမီးလေးက ကျွန်တော့်ကိုထိုသို့ပြန်ပြောပြီး ကားစက်ကိုနှိုးလိုက်ပါသည်။ တစ်ချက်တည်းနှင့်နိုးသွားသည်။ ကျွန်တော်လည်းဘာမှမပြောတော့ဘဲ ဂိမ်းကိုသာ ဆက်ကစားနေလိုက်သည်။ “ သမီးဂိမ်းခါနီးတိုင်းဝင်တိုက်နေကျ နေရာ ရှိတယ်။ ဖေကြီးအဲ့နေရာကို အောင်အောင်ဆော့ပေးနော်” ဟု သမီးလေးက ပြုံးရွှင်စွာ ပြောလာသည်။ ကျွန်တော်တို့ ကားလေးသည် မီးပွိုင့်ကိုတကယ်လွန်မြောက်လာခဲ့ပါပြီ။ မယုံနိုင်လောက်ဖွယ် အခြေအနေကို ကျွန်တော်သည်အံ့သြ နေခြင်းမပြုတော့ဘဲ ဂိမ်းကိုသာငုံ့၍ ကစားနေမိပါတော့သည်။ ဂိမ်းထဲမှ ကျွန်တော့်ကားလေးသည် လျှင်မြန်စွာပြေးလွှားနေသလို ကျွန်တော်တို့စီးနင်းလာသောကားလေးမှာလည်း ခပ်မှန်မှန်သွားနေပါသည်။

“ဂိမ်းထဲမှာရော မီးပွိုင့်မိတတ်သလား” ဟု ကျွန်တော်သမီးလေးကို မမေးရသေးပါ။

မှူးနေဝန်း