Tuesday, December 22, 2015

ဝက်စုတ်လေး

ဝက်စုတ်လေး


ကျွန်တော်သည် ၀က်စုတ်လေးကို သိပါသည်။ ၀က်စုတ်လေးကလည်း ကျွန်တော့်ကို သိပါသည်။ သိသည် ဆိုသည်မှာကို အနည်းငယ်တွေးကြည့်ချင်ပါသည်။ အငြိမ့်မင်းသမီးတစ်ဦးက မျက်နှာချေမှုန့်ကို သိသော သိခြင်းမျိုးလော။ မုဆိုးက သားကောင်၏ သေကွင်းသေကွက်ကို သိခြင်းမျိုးလော။ ရော်ဂျာဖက်ဒါးရား က သူ့ဆီလာနေသည့် တင်းနစ်ဘောလုံး၏ လည်အား၊ အပျော့အပြင်းကို သိနေခြင်းမျိုးလော။ ပင့်ကူ တစ်ကောင်သည် သူ၏မွေးရာပါ ပိသုကာပညာရပ်ကို သိနေခြင်းမျိုးလော။ ချိန်ခွင်လျှာတစ်ခုသည် သူမည်သည့် ဘက်ကိုတိမ်းစောင်းရမည်ကို အာရုံခံသိနေခြင်းမျိုးလော။ အမျိုးမျိုးဖြစ်နိုင်ပါသည်။ သေချာတာကတော့ ကျွန်တော်တို့ သိကြပါသည်။

ဝက်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်ပါသည်။ ထိုထပ်ပိုပြီး မမြင်စေချင်ပါ။ ၀က်စုတ်လေးသည် ပါးဖောင်းတတ်၏။ ၀က်စုတ်လေးသည် မျက်လုံးအနည်းငယ်စွေ၏။ ၀က်စုတ်လေးသည် အ၀တ်ဖိနပ်လေးနှင့် လိုက်မည်ဟု ထင်၏။ ၀က်စုတ်လေးသည် ဆေးသောက်ရမှာကြောက်၏။ ၀က်စုတ်လေးသည် တံမြက်စည်းလှည်းရသည်ကို ကျွမ်းကျင်ဝါသနာပါ၏။ ၀က်စုတ်လေးသည် ကြင်နာသနား တတ်သူဖြစ်၏။ ၀က်စုတ်လေးသည် ပုခုံးပေါ်သစ်ရွက်လေးရုတ်တရက်ကြွေကျလာသည်ကိုပင် ထိတ်လန့်တတ်၏။ ၀က်စုတ်လေးသည် အငိုလွယ်သည်။ ၀က်စုတ်လေးသည် အရယ်လွယ်သည်။ ၀က်စုတ်လေးတွင် ထူးခြားသော ကိုယ်ခန္ဓာအမူအရာရှိ၏။ ၀က်စုတ်လေးသည် အလွန်ဘာသိဘာသာ နေတတ်သူဖြစ်၏။ ၀က်စုတ်လေးသည် စပ်စုလွန်းသူလည်းဖြစ်၏။ ၀က်စုတ်လေးသည် “သြော်” ဟု အသံရှည်ဆွဲကာပြောတတ်၏။ (ထိုအသံတွင်ရိုးသားမှုများသာ ပါသည်။) ၀က်စုတ်လေးသည် ကလေးဆန်၏။ ထို့ကြောင့် ၀က်စုတ်လေးကို လူကြီးဖြစ်ပြီဟုလည်း ဆိုနိုင်၏။ ၀က်စုတ်လေးသည် ပွင့်လင်းသင့်သည့်အခါတွင် မပွင့်လင်းတတ်။ ၀က်စုတ်လေးသည် မပြောသင့်သည့်အချိန်တွင်မူ တုတ်ထိုးအိုးပေါက်ပြောတတ်၏။ ၀က်စုတ်လေးကြောင့် ခက်ခဲရ၏။ ၀က်စုတ်လေးကြောင့်လွယ်ကူရ၏။ ၀က်စုတ်လေးကို ကျွန်တော်နားမလည်။ ထို့ကြောင့် ၀က်စုတ်လေးကို ကျွန်တော်နားလည်လာသည်။

နားလည်မှု

ငါပြောတာ မင်းယုံဖို့မလိုပါ
မင်းပြောတာလည်း ငါမယုံပါ
ငါတို့ခင်မင်နေကြမြဲသာ။

နေမျိုး

ဆရာနေမျိုး၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ၀က်စုတ်လေးနှင့်ကျွန်တော့် အတွက်မှာမူ ထိုကဗျာကို ပြောင်းပြန် လုပ်ပစ်ရမည်ဖြစ်သည်။

ယုံကြည်မှု

သူ့ကိုလည်း ငါနားမလည်ပါ
ငါ့ကိုလည်း သူနားမလည်ပါ
ငါတို့လက်တွဲကြမြဲသာ ။

ထိုသို့ပြောင်းပစ်ရမည်ဖြစ်၏။

ဝက်စုတ်လေးသည် တောင်တန်းတစ်ခုမဟုတ်ကြောင်းသိစေလိုပါသည်။ သူ့ကို ကျော်လွှားအောင်နိုင် ခြင်းဖြင့် ကျွန်တော်ဂုဏ်မယူလိုပါ။ ၀က်စုတ်လေးသည် ရေတွင်းပျက်တစ်ခုမဟုတ်ကြောင်း သိစေလိုပါသည်။ မိုက်ရူးရဲစွာ ခုန်ဆင်းခြင်းဖြင့် ကျွန်တော်အသက်အသေမခံနိုင်ပါ။ ၀က်စုတ်လေးသည် မြန်မာအငြိမ့်ဗီစီဒီ တစ်ချပ် မဟုတ်ကြောင်းသိစေလိုပါသည်။ မကြည့်ချင်သည့်နေရာကို အမြန်ရစ်ပစ်လိုက်ခြင်းဖြင့် သူ့ကို ကျွန်တော် မထီမဲ့မြင်မလုပ်လိုပါ။ ၀က်စုတ်လေးသည် စက္ကူစွန်မဟုတ်ကြောင်း သိစေလိုပါသည်။ လေစီးအဟုန် ထဲမှာ လွင့်လိုရာမျောနေခြင်းကို ကျွန်တော်လက်မခံလိုပါ။ ၀က်စုတ်လေးသည် စုဗူးတစ်ခုမဟုတ်ကြောင်း သိစေလိုပါသည်။ သေးငယ်သောဆန္ဒကို ချိုးနှိမ်ခြင်းဖြင့် ကြီးမားသောမျှော်လင့်ချက်ကို ထားခြင်း၊ ထိုမျှော်လင့် ချက်ပြည့်ဝသောအခါ မျက်နှာလွဲခဲပစ် ရိုက်ခွဲဖောက်ထုတ်ခြင်းဖြင့် သူ့အပေါ်ကျွန်တော်မရက်စက်နိုင်ပါ။ ၀က်စုတ်လေးသည် မှန်တစ်ချပ်မဟုတ်ကြောင်း သိစေလိုပါသည်။ မိမိကိုယ်တိုင်မဆုံးဖြတ်ရဘဲ သူများပြုံးတိုင်း လိုက်ပြုံး ၊ သူများမဲ့တိုင်း လိုက်မဲ့သော ဘ၀မျိုး သူ့ကိုကျွန်တော်မဖြစ်စေလိုပါ။

ဒုတိယအကြိမ်ထပ်ဆိုပါမည်။ ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်ပါသည်။ “ဒီနေ့ ကောင်းကင်ကြီး ပိုလှနေသလိုပဲ” ဟုမပြောမိစေဖို့ ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်နေရပါမည်။ “Why me? Why me?” ဟု အော်ဟစ်မနေမိအောင်လည်း ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်နေသင့် ပါသည်။ “အဓိပတိလမ်းကခြေရာများ” သီချင်းကို Over-expression နှင့်မဆိုမိအောင်လည်း ၀က်စုတ်လေး သည် ၀က်စုတ်လေးသာ ဖြစ်နေရပါမည်။ “ရှုံးနိမ့်ခြင်းဟာ ၀ီစကီခွက်ရဲ့ နှုတ်ခမ်းဖျားမှာ” ကဲ့သို့သော စာသားများ မရေးဖွဲ့မိအောင်လည်း ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်နေရသင့်ပါသည်။ ကောက်ရိုးမီး ဆန္ဒများအတွက် ထွက်ပြေးလွတ်မြောက်ချင်စိတ်များမဖြစ်ပေါ်စေရန်လည်း ၀က်စုတ်လေးသည် ၀က်စုတ်လေး သာဖြစ်ရပါမည်။ ကျွန်တော်တို့တတွေ ရှပ်အင်္ကျီကြယ်သီးကိုအပြည့်တပ်နိုင်ဖို့၊ ဟုတ်ကဲ့ပါဆရာမဟု ချက်ခြင်း ပြန်ပြောနိုင်ဖို့ ၊ Br.bean ၏ ဟာသာကားသစ်ကို သူငယ်ချင်းများနှင့်အတူ ရယ်မောနိုင်ဖို့ ၊ အိမ်ရှေ့ မှာ လာလာနားတတ်သည့် “ချိုးလည်ပြောက်”လေးအချို့ကို ဆန်ကလေးများ ပက်ကျဲကျွေးမွေးနိုင်ဖို့ ၊ ခလုတ် တိုက်ချော်လဲသွားသော ကလေးတစ်ယောက်ကို မြန်မြန်ဆန်ဆန်ထူမ, ပေးလိုက်နိုင်ဖို့ ၊ စသည်စသည် တို့အတွက် ၀က်စုတ်လေးသည် ၀က်စုတ်လေးဖြစ်နေမှ ရပါလိမ့်မည်။ ကျွန်တော်သည် ၀က်စုတ်လေးကို သိရုံ သာ သိသည်မဟုတ်၊ ၀က်စုတ်လေး၏ ရှိခြင်း ၊ ဖြစ်ခြင်းကိုလည်း တန်ဖိုးထားပေးရပါမည်။

သို့သော် လက်အိတ်ကိုချွတ်ပြီးမှ မနက်ခင်းကို ကိုင်တွယ်သင့်ကြောင်း ၀က်စုတ်လေး သဘော ပေါက်သင့်သည်။ “ညအခါ လသာသာ ၊ ကစားမလား ၊ နားမလား” ဟု အလွတ်ရရုံနှင့်မပြီး ၊ ကစားမလား နားမလားဆိုတာကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချသင့်ကြောင်း ၀က်စုတ်လေး နားလည်သင့်သည်။ အချို့သော အခြေအနေများတွင် အခန်းထောင့်မှာကပ်ပြီး ပုန်းနေမည့်အစား အခန်းတံခါးကိုဆွဲဖွင့်ပြီး မျက်စိရဲရဲ ဖွင့်ကြည့်ဖို့ ၀က်စုတ်လေး သတ္တိမွေးသင့်သည်။ ပစ္စပ္ပန်တည့်တည့်မှာ တကယ်မနေနိုင်သေးသ၍ အနာဂတ်ကို မေ့လျော့ထားလို့မဖြစ်ကြောင်း ၀က်စုတ်လေး သတိထားသင့်သည်။ ရေစုန်မှာ မျှောလိုက်ခြင်းဟာ ရေစီးကို ဆန်တက်ခြင်းထက် အန္တရာယ်များကြောင်း ၀က်စုတ်လေးလေ့လာသင့်သည်။ မောစရာပန်းစရာများကို ဟာသ လုပ်ပစ်ခြင်းဖြင့် ဘ၀ကိုရင်ဆိုင်သင့်သည်မှာ မှန်သော်လည်း အရာတိုင်းကိုပေါ့ပေါ့ပါးပါးရယ်မောလိုက်ခြင်းဟာ လူသားတစ်ဦး၏ ဖြစ်တည်ခြင်းကိုယုတ်လျော့သွားစေနိုင်ကြောင်း ၀က်စုတ်လေး တွေးတောသင့်သည်။

ရောမကိုရောက်လျှင် ရောမလိုကျင့်ရမည် ဟူသော စကားရှိ၏။ ရေခဲတုံးလေးသည် ရေနွေးကို သိချင် သောကြောင့် ရေနွေးအိုးထဲခုန်ဆင်းရင်း ရေနွေးဖြစ်သွား၏။ မြစ်များသည် ပင်လယ်ကိုသိချင်သောကြောင့် ပင်လယ်ရှိရာကိုလာရင်း ပင်လယ်ဖြစ်ကုန်ကြ၏။ သစ်ရွက်ဝါသည် မြေကြီးကိုသိချင်သောကြောင့် မြေကြီးပေါ် လဲလျောင်းရင်း ကြာသော် မြေကြီးဖြစ်သွား၏။ အမှောင်သည် နေရောင်ကိုသိချင်သောကြောင့် အိမ်တံခါးကို ဆွဲဖွင့်လိုက်ရာ သူသည်လည်း အလင်းဖြစ်သွား၏။ ကျွန်တော်သည်လည်း ၀က်စုတ်လေးကို သိပါသည်။ ၀က်စုတ်လေးသည်လည်း ကျွန်တော့်ကို သိပါသည်။ သို့သော် အထက်ပါအကြောင်းအရာများနှင့်ကွဲလွဲစွာ ကျွန်တော်သည်လည်း ၀က်စုတ်လေးဖြစ်မသွားသလို ၊ ၀က်စုတ်လေးသည်လည်း ကျွန်တော်ဖြစ်မသွားခဲ့ပါ။ ကျွန်တော်သည် ကျွန်တော်ပင်ဖြစ်သလို၊ ၀က်စုတ်လေးသည်လည်း ၀က်စုတ်လေးဖြစ်မြဲဖြစ်လျက်ပင်ရှိပါသည်။ ကျွန်တော်တို့သည် တစ်ယောက်နှင့်တစ်ယောက်ဆွဲငင်ခြင်းကို ၀ါသနာမပါကြပါ။ ထို့အတူ တွန်းကန်ခြင်း လည်းမပြုလုပ်လိုပါ။ လွတ်လပ်စွာသီးခြားဖြစ်တည်ခြင်းဖြင့် ကျွန်တော်နှင့်ဝက်စုတ်လေးတို့ သိကြပါသည်။ ၀က်စုတ်လေး၏ ဖြစ်တည်မှုသည် မည်သူတစ်ဦးတစ်ယောက်၏ လက်အောက်ခံမဟုတ်သော ဖြစ်တည်မှုသာ ဖြစ်သင့်သလို ကျွန်တော်၏ လွတ်လပ်ခွင့်သည်လည်း ၀က်စုတ်လေးကအနှောက်အယှက်ပေးခြင်းဖြင့် ပျက်စီး မသွားသင့်ဟု ကျွန်တော်ထင်ပါသည်။ မလှုပ်ရှားနိုင်အောင် တုတ်ထားသောကြိုးများအလိုမရှိပါ။ မယိမ်းယိုင် သွားအောင် ထိန်းကိုင်ထားသောကြိုးများကိုသာ အလိုရှိပါသည်။ ၀က်စုတ်လေးလည်း ထိုအတိုင်းပင်ဖြစ်မည် ထင်ပါသည်။ ဤသို့ဖြင့် ၀က်စုတ်လေးနှင့်ကျွန်တော်သည် တစ်ယောက်တည်းဖြစ်သွားပါတော့သည်။

ခန်းစီးကိုဆွဲမလိုက်သည့်အခါ လေညှင်းသည် လူးလွန့်တိုးဝှေ့လာ၏။ ထိုလေညှင်းတွင် ၀က်စုတ်လေး ပါလာပါသည်။ ညဘက်တွင်တစ်ယောက်တည်းလမ်းလျှောက်ရင်း ညီညီညာညာလင်းနေသောလမ်းဘေးမီးများ ကို ငေးမောမိ၏။ ထိုအလင်းရောင်မှိန်ပျပျထဲတွင် ၀က်စုတ်လေးရှိပါသည်။ ရေချိုးခေါင်းလျှော်ပြီးသောအခါ ဆံပင်မှ ရေများကိုခါထုတ်လိုက်၏။ ထွက်လာသောရေမှုန်ရေမွှားလေးများထဲတွင် ၀က်စုတ်လေးလွင့်ဝဲနေသည်။ ဘောပင်အဖုံးလေးကို နှုတ်ခမ်းမှာတေ့ရင်း တရွှီရွှီမှုတ်ကြည့်လိုက်သည်။ ထိုအသံထဲတွင် ၀က်စုတ်လေးစီးဆင်း လာပါသည်။ အရာရာတိုင်းထဲတွင် ၀က်စုတ်လေးရှိနေ၏။ သို့သော်အရာရာတိုင်းသည် ၀က်စုတ်လေးမဟုတ်။ ၀က်စုတ်လေးသည်သာလျှင် ၀က်စုတ်လေးဖြစ်ပါသည်။ ၀က်စုတ်လေးသည်ယခုအချိန်အထိ အိပ်ချင်လာပြီ ဆိုလျှင် မျက်လုံးနှစ်ဖက်ကို လက်ခုံနှစ်ခုနှင့် ပွတ်တတ်တုန်းဖြစ်ပါသည်။ ၀က်စုတ်လေးသည်ယခုအချိန်အထိ “လာသေးတယ်” ဟု ကျွန်တော်က ဆိုလျှင် “သာအေးရယ်” ဟုပြန်ပြောတတ်တုန်းပင်ဖြစ်ပါသည်။ ၀က်စုတ်လေးသည် ယခုအချိန်အထိ နှုတ်ခမ်းလေးထော်ကာ စကားပြောတတ်တုန်းဖြစ်ပါသည်။ ရိုးသားစွာ ၀န်ခံရလျှင် ၀က်စုတ်လေးပြောင်းလဲသွားမည်ကို ကျွန်တော်မလိုလားပါ။ သို့သော် ၀က်စုတ်လေးကို ပို၍ သစ်လွင်လာစေချင်သည်။ ပို၍ခိုင်မာလာစေချင်သည်။ ပို၍ ပျော့ပျောင်းလာစေချင်သည်။ ပို၍ရှင်းလင်း လာစေချင်သည်။ သစ်လွင်ခြင်း၊ခိုင်မာခြင်း၊ပျော့ပျောင်းခြင်း၊ရှင်းလင်းခြင်းတို့သည်ကား ပြောင်းလဲခြင်းမဟုတ် တုံလော။ ဟုတ်ပေ၏။ ယင်းတို့သည်လည်းပြောင်းလဲခြင်းများသာဖြစ်ပါသည်။ သို့ဆိုလျှင် ၀က်စုတ်လေးကို မပြောင်းလဲစေလိုပါဟူသော ကျွန်တော့်အဆိုသည် မှားယွင်းသွားပေပြီ။ ထိုသို့ဆိုလျှင် ရိုသားစွာဝန်ခံရလျှင် ဟူသော အသုံးအနှုန်းသည်လည်း မှားယွင်းသွားပေပြီ။ ဖြစ်နိုင်ပါသည်။ ကျွန်တော် မရိုးသားပါ။ ၀က်စုတ်လေး အပေါ်တွင် ရိုးသားစွာပင် မရိုးသားလိုပါ။

ဝက်စုတ်လေးကိုကျွန်တော်သိကြောင်း၊ ၀က်စုတ်လေးက ကျွန်တော့်ကိုသိကြောင်း အထပ်ထပ်အခါခါ ဆိုခဲ့ပြီးပါပြီ။ စိတ်ဝင်စားစရာကောင်းသောအချက်တစ်ခုရှိပါသည်။ တစ်ခါတစ်ရံတွင် သိခြင်းတရားသည် ချစ်ခြင်း တရားနှင့် ထပ်တူထပ်မျှနီးပါး ခွဲခြားမရတတ်ခြင်းပင်ဖြစ်ပါသည်။ To know all is to forgive all , အားလုံးသိခြင်းဟာ အားလုံးခွင့်လွှတ်ဖို့ ဟူသောစကားတစ်ခွန်းရှိပါသည်။ ၀က်စုတ်လေးသည်လည်းကောင်း၊ ကျွန်တော်သည်လည်းကောင်း အပြန်အလှန် အားလုံး(နီးပါး)ကိုသိဖို့ ကြိုးစားသွားကြလိမ့်မည်ဟု မျှော်လင့်နေမိပါတော့သည်။ ။



မှူးနေ၀န်း

No comments:

Post a Comment