Tuesday, December 22, 2015

Mr.Bean ရဲ့အားလပ်ရက်

Mr.Bean ရဲ့အားလပ်ရက်


အပြေးအလွှားရိုက်လိုက်ရတဲ့ video camera ထဲ
ဖုန်းနံပတ်နောက်ဆုံးဂဏန်း၂ခုက ပါမလာ
လိုတဲ့နေရာမှာ (00) ကနေ (99)ထိ ချရေးလိုက်တယ်
Mr.Bean မှာ ဖြစ်နိုင်ချေ တစ်ရာရှိသွားတယ်။

ဖုန်းနံပတ်တွေဆက်ကြည့်တယ်
အမျိုးသမီးတစ်ယောက် (အလှပြင်ရင်းပြန်ဖြေ)
ကလေးလေးလက်ထဲရောက်သွား (ဖုန်းကိုရေထဲနှစ်ပစ်)
သေသူရဲ့အင်္ကျီထဲဖုန်းထမြည် (ဘုန်းတော်ကြီးကဖြေကြား)
ကောင်းကင်ဒိုက်ဗင်သမားတစ်ယောက် (လေတဟူးဟူးတိုးသံများနှင့်အတူ)
အိပ်ငိုက်နေတဲ့လုံခြုံရေးဝန်ထမ်း (ဟုတ်ကဲ့ဆရာဟုယောင်ယမ်းဖြေကြား)
အာလာဒင်မီးခွက်စောင့် (သူမီးခွက်ထဲပြန်ဝင်ချင်ပြီဟု ညည်းတွား)
ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း (စကားပြောဖော်မရှိတာကြာပြီတဲ့)။

သူဘေးကရထားအစင်းစင်းဖြတ်သန်းသွားတယ်
Mr.Bean က သူ့ခရီးစဉ်ကိုစွန့်လွှတ်ပြီး ဖုန်းခေါ်တယ်
သူရှာနေတဲ့သူကိုမတွေ့မချင်းခေါ်တယ်
သူခေါ်တဲ့ဖုန်းက ချိန်ကိုက်ဗုံးနဲ့ချိတ်ထားလို့ ပေါက်ကွဲသွား
သူခေါ်တဲ့ဖုန်းထဲ ငိုကြွေးသံများကြားနေရ
သူခေါ်တဲ့ဖုန်းကို ထိတ်လန့်မှုနဲ့အတူပြန်ဖြေတဲ့ ဟယ်လို
သူခေါ်တဲ့ဖုန်းများ၏ ဆာလောင်မှုနိမိတ်များ
သူခေါ်တဲ့ဖုန်းနဲ့အတူ ထပ်ခါထပ်ခါကြားရ။

စိတ်မလျှော့ဘဲ နောက်နံပတ်တစ်ခုထပ်နှိပ်တယ်
တစ်ဖက်ကပြန်ဖြေတယ်
သူက ဘုရားသခင်ပါတဲ့
ခင်ဗျားရှာနေတဲ့သူကိုသူသိပါတယ်တဲ့
သူကူညီပေးနိုင်တယ်တဲ့
Mr.Bean ရယ်တယ်
နောက်ကျိနေတဲ့စိတ်တွေကိုမေ့သွားပြီး သူရယ်တယ်
သူ့ကိုယ်သူ နောက်ပြောင်တတ်လှပြီထင်တာ
သူ့ထက် အစအနောက်သန်သူနဲ့လာတွေ့ရတယ်
ဘုရားသခင်ဆိုတာ
ဖုန်းအခေါ်ကိုစောင့်နေမယ့်သူမဟုတ်
ကိုယ်တိုင်စတင်ခေါ်ဆိုမယ့်သူပဲ ဖြစ်ရမယ်လေ
ဒီလောက်တော့ Mr.Bean သိပါတယ်။


မှူးနေ၀န်း

No comments:

Post a Comment