Tuesday, December 22, 2015

မြို့ဖြူ

မြို့ဖြူ


ဘယ်ကိုကြည့်ကြည့်
အချိန်တိုင်းဖြူနေတဲ့မြို့မို့လို့
မြို့ဖြူလို့ခေါ်တယ်။

ဒီမြို့ရှုခင်းကို ပန်းချီဆွဲမယ်ဆို
အောက်ခံအဖြူသားတစ်ခုရှိရုံနဲ့ လုံလောက်တယ်
ဒီမြို့ရာဇ၀င်ကို သီချင်းလုပ်ဆိုမယ်ဆို
အသံမထွက်ဘဲ ငြိမ်နေရုံနဲ့ဖြစ်ပြီ
ဒီမြို့အကြောင်း ရုပ်ရှင်ရိုက်မယ်ဆို
အသိဉာဏ်ကင်းမဲ့တဲ့ မျက်လုံးပုံရိပ်ကို
ပိတ်ကားပေါ်တင်ထားလိုက်ရုံပါပဲ
ဒီမြို့အကြောင်း ပြဌာန်းသင်ကြားမယ်ဆိုရင်တော့
စာသင်ခုံပေါ်မှာ မှောက်အိပ်နေလိုက်ရုံပေါ့
ဒီမြို့ကို ကဗျာရေးရမယ်ဆိုရင်ဖြင့်
မြို့ဖြူဆိုတဲ့ခေါင်းစဉ်ကိုမြင်တာနဲ့ ဆက်မဖတ်နဲ့တော့
အားလုံးအလိမ်အညာတွေချည်း ကြုံရလိမ့်မယ်။

တကယ်တော့ မြို့ဖြူဟာ
မှောင်မည်းနေတဲ့မြို့ပဲ
အမှောင်တွေကြားထဲ ဖြူရတာမလွယ်ဘူး
နေရောင်ခြည် ၀င်မတိုးရဲတဲ့ဒေသမှာမှ
မြို့လာဖြစ်ပြီး ငုတ်တုတ်မေ့နေရှာတယ်
မြို့ဖြူဟာပညာရှိတစ်ယောက်ဆိုရင်
သူ့မြို့သားတွေဟာ သုခမိန်ရဲ့ မုတ်ဆိတ်မွေးတွေဖြစ်တယ်
အကြောင်းမရှိဘဲ ဟန်ပြဆွဲဆန့်ခြင်းကို
ခဏခဏ ခံရတယ်
သဘာဝကျစွာကွေးကောက်လို့မရ
သဘာဝကျစွာရှုပ်ထွေးခွင့်လည်းမရ
မြို့သူမြို့သားတွေမှာ
ဘာသာစကားလည်းမရှိ
ယဉ်ကျေးမှုလည်း မရှိဘူးတဲ့
ဒါပေမယ့်
အားလုံးစာတတ်တယ်
အားလုံးသိမ်မွေ့တယ်။

လူတော်လူကောင်းများလွန်းလို့
တစ်နှစ်တစ်ခါ စုန်းပြူးလုပ်မယ့်သူကို ရွေးခြယ်ရတယ်
သူတို့အတွက်
စုန်းပြူးလုပ်ခွင့်ဟာ ထီဆုကြီးပေါက်တာပဲ
အကုသိုလ်တရားဟာ ရခဲလွန်းစွ
ငါတို့ ပွန်းပဲ့သွားတာ ဘယ်လောက်ကြည်နူးစရာကောင်းသလဲ။

ဒီမြို့ထဲဝင်လာတာနဲ့
သင့်မှာ နားရွက်ကြီးကြီးတစ်စုံရှိဖို့လိုမယ်
အသံအကျိုးအပဲ့လေးတွေကို ကောက်ရချင်တယ်ဆိုရင်ပေါ့
အသက်ကို ဖြည်းဖြည်းရှူဖို့တော့
ငါသတိပေးချင်တယ်
အသက်တစ်ခါရှိုက်လိုက်တိုင်း
ရှေ့ကိုခြေတစ်လှမ်းတိုးပေးရမယ်
အဆုတ်ထဲဝင်လာတာ လေတွေမဟုတ်ဘူး
ဘယ်ကမှန်းမသိတဲ့ကြိုးစ
မြို့စောင့်ပင့်ကူရဲ့ ဖင်ဟာ သိပ်အလုပ်လုပ်တယ်လို့
မင်းတို့လျှောက်တွေးခွင့်ရှိတယ်
ဒီမြို့မှာထူးခြားတာက
မင်းတို့ကို မှားခွင့်အပြည့်အ၀ပေးထားတာပဲ
အချုပ်အနှောင်ကင်းတယ်
မှားပြီးရင် မှန်လာမှာပါလို့
အားပေးသလိုလိုနဲ့ ဖိအားမပေးကြဘူး
အောင်မြင်တိုးတက်အကောင်းမြင် ဒဿနအားလုံးကိုပယ်တယ်
မှားပြီးရင်း မှားတော့လည်းဘာဖြစ်လဲ
အမှားဟာ ပျော်စရာကောင်းတယ်
ဒီမြို့ကလူတွေဟာ သိပ်ကိုပျော်ချင်နေကြတယ်။

တစ်ခုသော စားသောက်ဆိုင်မှာ
ဒီနှစ်အတွက်စုန်းပြူးကို မင်းတို့တွေ့ရလိမ့်မယ်
သူဟာ ဘန်ဂျမင်ဘော့တွန်ဖြစ်တယ်
နှုတ်ခမ်းကိုအောက်သို့ကွေးချတဲ့နည်းနဲ့ ပြုံးပြမယ်
ခင်ဗျားနာရီ ပြောင်းပြန်လည်နေတုန်းပဲလားလို့မေးတော့
သူက ဘာမှပြန်မဖြေဘူး
ပင်လယ်တွေမဆံ့အင်္ဂါပဲ မြစ်ထဲတိုးဝင်တယ်
ဘ၀တွေမရည်ရွယ်ဘဲ ပါးဖောင်းရတယ်
ရေခဲတောင်ထိပ်မှာ အာလူးဘုသီးကြီးသီးတယ်
လျှံကျတဲ့နှာခေါင်းသွေးတောင် အထဲကိုပြန်ဝင်တယ်
နှင်းမှုန်တွေကတော့ မြေကြီးပေါ်မှာပုံနေတယ်။

ပြောဖို့မေ့တော့မလို့
ဒီတစ်မြို့လုံး ဖြူနေရတဲ့အကြောင်းက
နှင်းတွေကြောင့်လို ခန့်မှန်းကြတယ်
ဘယ်ကရောက်လာမှန်းမသိတဲ့ နှင်းတွေလေ
အခုမှ ဗိုက်ထဲကထွက်လာတဲ့ကလေးရဲ့လက်သီးဆုပ်ထဲမှာတောင်
နှင်းမှုန်တွေ ပါလာတယ်
နှင်းတွေကြောင့် ဖြူစင်လှပတဲ့ဗွက်အိုင်တွေဖြစ်သွားတယ်
ငါ့ကော်ဇောကိုပြေးပြီး လျှာနဲ့လျက်ပစ်လိုက်တယ်
ငါ့ခြေရာဟာ အေးမြပြီး အရသာရှိလွန်းလို့။

မျက်စိမရှိတဲ့အမှုန်တွေ မမြင်မကန်းဝင်ဆောင့်ပြီး
မျက်စိအတွက်အလင်းရောင်တွေ ထွက်လာသတဲ့
ရယ်စရာဟာသများ ခပ်ယူသောက်သုံး၍မကုန်
ထို့ကြောင့်လူတိုင်း ကြမ်း  မာ  ၀  ဖျိုး  ကြတယ်
လူတိုင်းထောင်မတ်နေကြတယ်
အချို့ကမျှော်စင်လို
အချို့က ခြင်ဆေးခွေထောက်တိုင်လို
အချို့က သင်္ချိုင်းမှတ်တိုင်လို
ငါဘယ်တော့သေမလဲဆိုတာ
ရှင်သန်နေတုန်းမှာ
ရှင်သန်နေတယ်လို့ ယူဆရတုန်းမှာ
ရှင်သန်နေတယ်လို့ အများပြောသံ နားစွန်နားဖျားကြားရတုန်းမှာ
အရသာရှိရှိတွေးရမယ်
တစိမ့်စိမ့်တွေးရမယ်
အထွတ်အထိပ် ကျဉ်တက် စိုရွှမ်းနေအောင် တွေးရမယ်။

လေတိုက်လိုက်မှ
အ၀တ်ကြိုးတန်းက လှုပ်သွားတယ်
အဲ့ကြိုးတန်းမှာ မျက်ခွံတွေကိုချိတ်ပြီးလှမ်းထားတာ
သိန်းငှက်ဟာ အစာကို ဖမ်းကုပ်ထားပြီးမှ
ဠင်းတလို မှိုင်နေရှာ
သူ့နှုတ်သီးကို တက်ခွချုပ်ထားတဲ့ ရေခဲစိုင်ကိုကြည့်ပြီး
သစ်တောက်ငှက်ခဏ ဖြစ်ချင်နေမှာ
လူသေအလောင်းများ စောင်ခြုံကွေးနေရ
လမ်းမီးတိုင်များ ပိန်တာရိုးငပေါတွေဖြစ်လို့
ဒါနဲ့
မျက်ခွံဆိုတာ
မျက်လုံးမရှိလဲ
ပုတ်ခတ်ပုတ်ခတ်လုပ်တတ်တာမျိုး။

ဒီမြို့မှာ
ဘယ်သူမှ တေးမဆို
ဘယ်သူမှ ယာမလုပ်
ဘယ်သူမှ ချောကလက်မစား
ဘယ်သူမှ အိပ်မက်မမက်
ဘယ်သူမှ မရူး
ဘယ်သူမှ နိုင်ငံမတော်
ဘယ်သူမှ အနုမပညာ
လူတိုင်း ကျစ်လစ်နေတယ်
လူတိုင်း စေးပျစ်နေတယ်
လူတိုင်း ကြပ်ထုပ်နေတယ်
လူတိုင်းအချိန်စီးတယ်
လူတိုင်း ပျဉ်းတွဲ လေးပင် မာတောင်နေတယ်။

အနံ့လေးလှမ်းကြားလိုက်ရုံနဲ့
နှာခေါင်း ဘတ်လတ်ဘတ်လတ်မလုပ်ချင်စမ်းနဲ့
တစ်မြို့လုံးရဲ့ ကြေးညှော်ဟာ ဆေးဘက်ဝင်တယ်
တန်ဖိုးကြီးတယ်
ဉာဏ်ရည်မြင့်မားပြီး အားကစားထူးချွန်စေတယ်
လက်ချင်းချိတ်ထားတဲ့ ဖို မ များ
နှင်းတောထဲဝင်ပြီး အိုပါဂမ်းနမ်းစတိုင်ကြတယ်
သစ်ကိုင်းထောင့်ချိုးတွေက တခွိခွိနဲ့
စုန်းအိုရွတ်တွ မုန်ယိုသလို
သွေးကြောတဂျုန်းဂျုန်း ပြေးသံအချို့ရှိတယ်
အစဉ်အလာလိုက်နာတဲ့ လျှပ်စီးဖြူတွေဟာ
တောင်ကုန်းထိပ်ကို လှမ်းပစ်ခတ်တယ်
ခေါင်းလောင်းတိုင်း အိပ်ပျော်နေတယ်
စွတ်ဖားလှည်းတိုင်း မြင့်မြတ်တယ်
အုတ်နံရံတိုင်း အသက်ကြီးတယ်။

အဒမ်နဲ့ ဧ၀တို့ စားဖို့ကျန်ခဲ့တဲ့ပန်းသီးဟာ
စပ်ဖြီးဖြီးဖြစ်နေတယ်
သူက နယူတန်ခေါင်းပေါ်ခုန်ချတယ်
ဒါပေမယ့် စတိဗ်ဂျော့က ဖြတ်လုပြီး တစ်ကိုက်ကိုက်တယ်
ဟေး Privacy ရှိသွားပြီကွ
လူသားဆန်လို့ရပြီ
အခွင့် - အလန်းရသွားပြီ
ဆံပင်ဖြူတိုင်း ဦးနှောက်မဖြူဘူး
ကြမ်းပြီးနွေးတဲ့ အ၀တ်အစားတွေဝတ်ရမယ်
နူးညံ့တဲ့အေးစက်မှုက ဆေးစွမ်းပြတော့မယ်။

ကြည့်စမ်း
အဖော်အချွတ်မယ်ရဲ့ ကြော်ငြာပိုစတာဟာ
နှင်းထုထဲမှာ မချမ်းဘူး
ရေခဲပန်းပုရုပ်တွေက မိတ်ကပ်အဖွေးသား
အစိုးရဟာ ရေစိုခံတယ်
မုန်တိုင်းကြား အိမ်အပြင်ကိုလှမ်းငေးလိုက်ပါတယ်
ကြည့်ရင်းကြည့်ရင်း တဂျွတ်ဂျွတ်အသံမြည်လာတယ်
လမ်းမကြီးတွေဟာ အရိုးချင်းဆက်အမွှာတွေပဲ
သစ်သီးတွေ လိုတာထက်ပိုလေးလံကုန်တယ်
ဒီမြို့မှာ
ကလေးတိုင်းနဖာကလော်တံ ဆောင်ထားရတယ်
လူကြီးတွေရဲ့ အိပ်ရာဝင်ပုံပြင်ဟာ
မထင်ရင်မထင်သလို နားထဲပိတ်ဆို့ခဲသွားတတ်တယ်
အကျယ်ကြီးပြောလေလေ
အသံအစိုင်အခဲကြီးလေလေ
နှင်းလုံးကြီး လိမ့်ဆင်းလာလေလေ
အရည်ပျော်ကျဖို့ ခက်လေလေ
အသက်မဲ့ရှင်သန်ခြင်းမှာ လှပတဲ့လက်ကိုင်ကွင်းပါတယ်
ကုတင်ခေါင်းရင်းကတိုင်မှာ
အလွယ်တကူချိတ်ထားလို့ရတယ်။

တကယ်တော့မြို့သူမြို့သားတွေက
သူတို့မြို့ကိုသိပ်မုန်းတယ်
အဖန်တလဲလဲသေဆုံးခြင်းနဲ့
ထာဝရရှင်သန်ခြင်းရဲ့ ဆုံမှတ်တည့်တည့်မှာမှ
သူတို့မြို့ဟာ ငေါထွက်နေတယ်
ဖြစ်တည်မှုတွေ တဖျတ်ဖျတ်ခါလို့
ပြိုးပြိုးပြက်ပြက် ပြိုပျက်နေတယ်
ကိုယ့်မနက်ဖြန်ကို အသေးစိတ်သိနေရတယ်
သိပ်ကြီးမားတဲ့ ၀ဋ်ဒုက္ခပါပဲ
သူတို့အားလုံးရဲ့ မြီးညှောင့်ရိုးအစွန်းမှာ
မွေးရာပါ မီးလုံးတစ်ခုက လင်းနေလေရဲ့။

ဘယ်လှိုင်းအလျားကိုမျှ မစုပ်ယူဘဲ
ပြန်လည်တွန်းထုတ်ခဲ့ပါတယ်တဲ့
မြို့ဖြူဟာ တံတွေးပျစ်ခနဲတွေးထုတ်တယ်
သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်တယ်
အကာအရံနဲ့ အသက်အာမခံ မရှိပေမယ့်
ငါတို့ရဲ့ ဆက်ကြာဝဠာအမျောကြီးကို ချစ်မြတ်နိုးရမယ်
ကျွန်တော့်နာမည် ဟော်တွန်ပါလို့
ဆင်တစ်ကောင်က လာမိတ်ဆက်ရင်
အဲ့ဒီ့ဆင်ကို ပါးရိုက်ပစ်ရမယ်။

လည်ချောင်းထဲဝင်နေတဲ့ဖန်ကွဲစဟာ
မြိုကိုမြိုချရမယ့် ပြဿနာပါပဲ
မေ့လျော့ပေါက်ကွဲဆွံ့အခြင်း တြိဂံရဲ့
တွင်းဆက်ဗဟိုအမှတ်အသားဟာ
ဓမ္မ လို့ခေါ်တယ်
ဒိုင်မေးရှင်းမရှိတဲ့ အဲဒီ့အစက်အပျောက်လေးဟာ
တြိဂံထောင့်စွန်းတိုင်းကို ဖြတ်သန်းသွားမယ့်
နောက်ထပ်စက်ဝိုင်းတစ်ခုကို ပြန်လည်မွေးထုတ်ပြန်ရဲ့
ပြီးတော့ သူနဲ့မဆိုင်သလို ကိုယ်ရောင်ဖျောက်နေခဲ့
မြို့ဖြူဟာ အဆုံးအစမဲ့ ထောင့်ချိုးသံသရာနဲ့
ကျိုးပဲ့နေတဲ့ သီအိုရီကြားက လွတ်နေတဲ့ကွက်လပ်လေးပါပဲ
ဘယ်သူမှအမိန့်မပေးဘဲ အသက်ရှူနေရတယ်
ဘယ်ကမှန်းမသိတဲ့ကြိုးစဟာ ခန္ဓာကိုယ်ထဲနစ်ဝင်တယ်
မြီးညှောင့်ရိုးမီးသီးလေး နန်းကြိုးပြတ်သွားရင်
အဆင်သင့်ဝင်အစားထိုးလိုက်မယ်
လင်းနေတဲ့မီးသီးထဲ အမှုန်များတိုးတိုက်တယ်
ရယ်ရွှင်ဖွယ်လောကကြီးထဲ
အအေးစွမ်းအင်ဆိုတာ ရှိပါတယ်
သူကသိပ်ဖြူတယ်။

အမှောင်ကို ထိုးထွင်းသိမြင်သူသာ
မြို့ဖြူကိုလာလည်ခွင့်ရှိတာ
ပိန်းပိတ်အောင် မှောင်တယ်ဆိုတာလည်း
သိပ်မခက်လှပါ
လက်မကို လက်သီးဆုပ်ထဲ ထည့်ဖွက်လိုက်သလို
မျက်စိကို မျက်ခွံနဲ့ ကျစ်ကျစ်ပါအောင် ပိတ်ဆို့ထားလိုက်ရုံမျှသာ
ထိုအခါမှာတော့
ဘယ်ကိုကြည့်ကြည့်
ဘယ်အချိန်ကြည့်ကြည့်
ကြောက်မက်ဖွယ် ဖြူဆွတ်ခြင်းနဲ့
မြို့ဖြူတစ်ခုကို အသင်မြင်တွေ့ရတော့မှာပါ။


မှူးနေဝန်း
15.3.2014
10:45PM

No comments:

Post a Comment