မိုးခိုသူများ
၁။
ဘတ်စ်ကားပေါ်ကဆင်းဆင်းချင်း မိုးကရွာချသည်။ လမ်းလျှောက်ဖို့ကဝေးသေးသည်။
ထီးကမပါ။ ဘတ်စ်ကားဂိတ်အောက်ထဲပြေးဝင်၍ မိုးခိုလိုက်ရသည်။
မိုးရွာမည်မထင်မိချေ။ ပါလာသော ရှံသဘက်လေးကို ခေါင်းပေါ်သို့တင်မိလျှင်ပင်
မိုးကားသည်းသည်းမည်းမည်းရွာလာတော့သည်။ မိန်းမပျိုလေးခမျာ ကင်ပွန်းခြုံများ
ဘေးမှ သစ်ရိပ်တစ်ခုအောက်သို့ဝင်ကာ မိုးခိုလိုက်ရသည်။
ပုံမှန်အဝတ်အစားလဲပြီးသောအခါ စပိုက်ဒါမန်းသည် တံစက်မြိတ်တစ်ခုအောက်ဝင်ကာ
မိုးခိုနေလိုက် သည်။ လွန်ခဲ့သော ၅မိနစ်ခန့်ကမှ ဤနေရာတစ်ဝိုက်တွင်
ပင့်ကူလူသားအသွင်ဖြင့်သူလှုပ်ရှားခဲ့သေးသည်။ သူ ပစ်လွှတ်သွယ်တန်းခဲ့သော
ပင့်ကူကြိုးများကား လတ်လတ်ဆတ်ဆတ်ကျန်ရှိနေသေးသည်။ ထိုကြိုးတန်းများ ပေါ်၌
မိုးစက်များသီးနေသည်မှာ လှ၏။
“ကေသီ့အိမ်ကိုကျွန်တော်ရောက်သွားတယ်။ ပြန်ခါနီးမှာမိုးကရွာချလာတယ်။
ကျွန်တော့်မှာထီးပါမလာ ဘူး။ ဒါကြောင့်ကျွန်တော်သူနဲ့ တစ်ညအိပ်ခဲ့တယ်” ဟု
အပြစ်ဝန်ခံသူကဆို၏။ ဘုန်းတော်ကြီးက ကရုဏာသက် စွာဖြင့်
ဘုရားသခင်ခွင့်လွှတ်ပါစေကြောင်းဆုတောင်း၏။ “အခုရောသားမှာထီးပါလာသလား”ဟု
ဘုန်းတော်ကြီး က ကြင်နာစွာမေးသည်။ အပြစ်ဝန်ခံသူကခေါင်းခါပြ၏။ အပြင်လောက၏
လျှပ်ရောင်တန်းများသည် ခန့်ညားသောပြတင်းတံခါးများမှတဆင့် ဝင်းပြက်လာချေပြီ။
“ဒါဆိုဒီညဘုရားကျောင်းမှာ ဘုရားသခင်နဲ့ တစ်ည အိပ်ရင်း မိုးခိုလိုက်ပါ” ဟု
ဘုန်းတော်ကြီးက မိန့်လေ၏။
“ထီး ၁၀ ချောင်း . . ဟုတ်လား” ဟု
အရောင်းစာရေးမလေးက နားမလည်ဟန်ဖြင့်မေးသည်။ “ ထီး ၁၀ ချောင်းမလိုပါဘူးရှင်။
ဦးထုပ် ၁၀ လုံးဆိုလည်း ရတာပဲမဟုတ်ဘူးလား” ဟု သူမက အတွန့်တက်သည်။
“ကျွန်တော့်မှာ Hair Style ဆယ်မျိုးရှိတယ်။ ဦးထုပ်ဆောင်းရင်
ကေပျက်သွားလိမ့်မယ်။ ထီး ၁၀ ချောင်းသာ မြန်မြန်ပေးပါဗျာ။ မိုးက ရွာလာပြီ”
ဒဿဂီရိက ပြုံးပြုံးကြီးဆိုလိုက်လေ၏။ ညဈေးတန်းတွင်လူကျလာချိန်ကျမှ
မိုးကရွာချသည်။ စာအုပ်ဟောင်းများကို ပလတ်စတစ်အကြည်နှင့်ဖြန့်ဖုံးပြီး
အနားရှိအဆောက်အဦလှေကားရင်း တွင် မိုးခိုနေလိုက်ရသည်။
သူသေချာမဖုံးအုပ်မိခဲ့သဖြင့် မိုးလေဝသဗေဒင်စာအုပ်မှာ မိုးရေစိုရွှဲနေချေပြီ။
ဇွန်ဘီအဘိုးကြီးသည် သတင်းစာဖတ်ရင်းလမ်းလျှောက်လာသည်။
ပဲစေ့စိမ်းလုံးများနှင့် ပစ်ခတ်သဖြင့် သူ့သတင်းစာပျက်စီးသွား၏။
သူဒေါသထွက်သွားချေပြီ။ သူ့ခြေလှမ်းများမြန်လာပြီ။ ထိုစဉ်မှာပင် မိုးစက်များ
ရုတ်တရက် သည်းထန်လာလေသည်။ ဇွန်ဘီအဘိုးကြီး အားငယ်ညိုးလျသွား၏။
သူဖျက်ဆီးရန်ရည်ရွယ် ထားသောမှိုပင်လေးတစ်ပင်ဆီသွားကာ မဝံ့မရဲဆို၏။ “ငါ
မိုးခိုပါရစေ”
နာမည်ကျော်မျက်လှည့်ဆရာဒိုင်နမိုက
လူအများကိုစုဝေးလိုက်သည်။ ပြီးလျှင်သူ့စွမ်းအားကို ထုတ်လွှင့် လိုက်သည်။
အားလုံး၏ဖုန်းများကို နံပတ်တစ်ခုထဲက တပြိုင်နက်တည်း ခေါ်နေသည်
အံ့သြဖွယ်တွေ့မြင်လိုက် ရသည်။ ဖုန်း Ring Tone သံများဆူညံသွား၏။ လူအများ
ဝမ်းသာရင်ခုန် ပျော်ရွှင်အူမြူး ကြည်နူးနွေးထွေး ဆွေးနွေးနေခိုက် မိုးကား
တပြိုက်ပြိုက်ရွာလာပြီ။ ခေါ်ဆိုနေသော အမည်မသိဖုန်းသံကို မိုးသံက
လွှမ်းမိုးသွား။ စုဝေးနေသောလူအုပ်ကြီး ရုတ်တရက်ကွဲထွက်သွား။
ခိုရာမဲ့ကွင်းပြင်လယ်မှာ မျက်လှည့်ဆရာတစ်ယောက်
သူ၏ပြာရီသောမျက်လုံးတစ်စုံနှင့်အတူ ကျန်ခဲ့။
အိပ်နေရင်းမှ
မျက်နှာပေါ်ရေစက်များကျလာသဖြင့် နံရံဘက်တိုးလိုက်ရသည်။
ခေါင်မိုးအပေါက်များမှ မိုးတစိမ့်စိမ့်ကျနေသည်။ အတန်ကြာသော်
နံရံမှဖြည်းဖြည်းချင်းစီးကျလာသောရေစီးကြောင်းက အရေပြားကို
လာရောက်တို့ထိပြန်သည်။ ကုတင်၏
တစ်ဖက်အစွန်းသို့လူးလှိမ့်ပြီးနေရာပြောင်းလိုက်သည်။ မိုးရေနှင့်မလွတ်။
ခုတင်ပေါ်ကနေအိပ်လျက်အနေအထားနဲ့ခိုဆင်းရင်း ခုတင်အောက်သို့ဝင်လိုက်သည်။
မှောင်၏။ တိတ်ဆိတ်၏။ ပိုမိုလုံခြုံသွားသလိုခံစားရ၏။ မိုးစက်များ၏
နှောက်ယှက်မှုလည်းမရှိ။ လက်ကျန်အိပ်မက်ကို ဆက်မက်ပစ်လိုက် သည်။
နာမည်ကျော်တိုက်စစ်မှူးသည် တစ်ဖက်အသင်းမှကစားသမားများကို
လှပစွာကျော်ဖြတ်လာလေပြီ။ ယခုအနေအထားတွင်
ဂိုးသမားနှင့်တစ်ယောက်ချင်းတွေ့နေပြီဖြစ်သည်။ နောက်တန်းကစားသမားများမှာ သူ၏
ပြေးအားကိုမလိုက်နိုင်သဖြင့် အဝေးမှာပြတ်ကျန်ခဲ့ကြပြီ။ သူသည်
အေးဆေးတည်ငြိမ်စွာဖြင့်ဂိုးသွင်းရန်အားယူ လိုက်စဉ်မှာပင်
မိုးကားရုတ်တရက်ရွာလာတော့၏။ ကန်ရန်အားယူထားသောခြေထောက်မှာ တန့်ခနဲရပ်သွား၏။
ဘောလုံးကိုကန်မည့်အစား ကွင်းထဲမှ အသည်းအသန် ပြေးထွက်ပြီး
မြေအောက်အဝတ်လဲခန်းထဲဝင်သွားတော့ သည်။ ကျန်ကစားသမားများ အံ့သြမင်သက်။
ကွင်းထဲမှပရိသတ် ကြက်သေသေ။ အောင်ပွဲခံတီးခတ်ရမည့် ဘင်ခရာစည်များ
မိုးစက်တွေအောက်မှာ ဆွံ့အနေ။
၂။
“သားအိမ်ခေါင်းကင်ဆာရဲ့ Risk factors တွေထဲမှာ Low Socioeconomical Status
ဆိုတာ ဘယ်လို ဆက်စပ်ရမလဲဆရာမ။ သိပ်မရှင်းလို့ပါ။
တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာတို့၊ အာဟာရမပြည့်ဝလို့ ကိုယ်ခံအား နည်းပြီး
ရောဂါဖြစ်လွယ်တာမျိုးတို့နဲ့ ဆက်စပ်ကြည့်ရမှာလား”
ကျောင်းသားတစ်ယောက်က မေးသည်။ ဆရာမက ဖြေရန်လည်ချောင်းရှင်းလိုက်သည်။
အာဝဇ္ဇန်းရွှင် သော၊ စာသင်ကောင်းသောဆရာမမို့ သူ့စကားကိုအားလုံးက
အာရုံစိုက်နေကြ၏။
“ဆရာမ ကိုယ်တွေ့ဖြစ်ရပ်လေးပြောပြဦးမယ်။
အဲ့တုန်းက ဘွဲ့လွန်အတွက်နိုင်ငံခြားသွားခဲ့တုန်းကပေါ့။ ကိုယ့်ဘာသာ
ဆေးခန်းဖွင့် အလုပ်လုပ် ပိုက်ဆံစုပြီးသွားရတာ။ ဘာစာမှကြိုဖတ်မသွားခဲ့ရဘူး။
ဟိုရောက်တော့ စာသင်ချိန်မှာ ရောဂါခေါင်းစဉ်တစ်ခုပေးတယ်။
ကိုယ်သိသလောက်ဖြေရတယ်။ ဆရာမဖြေလိုက်တယ်။ ဒါပေမယ့် စက်ရုပ်တစ်ရုပ်လိုပဲ။
စိတ်ထဲဘာခံစားမှုမှမရှိဘူး။ အဖြေစာရွက်တွေပြန်ဝေတော့လည်း စက်ရုပ်လို
တောင့်တောင့်ကြီးယူထားလိုက်တာပဲ။ အဲ့ခေါင်းစဉ်မှာ ဆရာမကအမှတ်ကောင်းတယ်။
ဆရာမစာရွက်ကို ဘေးမှာထိုင်တဲ့တစ်ယောက်က ခိုးကြည့်ပြီး -
မင်းအမှတ်ကောင်းတာပဲ- လို့လာပြောတယ်။ စပ်စပ်စုစုတော်”
ကျောင်းသားများရယ်ကြသည်။
“နောက်ထပ်ခေါင်းစဉ်တစ်ခု ထပ်ပေးတယ်။ အဲ့ရောဂါက
ဆရာမတို့နိုင်ငံမှာအဖြစ်နည်းတယ်။ ဆရာမ ကောင်းကောင်းမသိဘူး။
အဲ့စာရွက်မှာတော့ အမှတ်နည်းတယ်။ ဒီတစ်ခါလည်း အဲ့ဘေးကလူက လာကြည့်တာ ပဲ။ -
ဒီတစ်ခေါက်တော့ မင်းအမှတ်နည်းသွားပြီ - လို့ရယ်ကျဲကျဲလာပြောတယ်။ သူ
၂ခေါက်စလုံးအဲ့လိုလာလာ ပြောပေမယ့် ဆရာမ သူ့ကိုဘာမှပြန်မပြောမိဘူး။
ခပ်တည်တည်နဲ့မျက်စောင်းပဲထိုးပစ်ခဲ့တာ။ ပြီးတော့ ဆရာမ အမှတ်နည်းတာ
များတာနဲ့ပတ်သက်ပြီးလည်း ကိုယ်တိုင်ဝမ်းသာဝမ်းနည်းဘာမှရှိမနေဘူး။
စိတ်မဝင်စားနိုင်ဘူး။ လူက စက်ရုပ်တစ်ရုပ်လိုဖြစ်နေတာ။ အဲ့အချိန်ဆရာမ
စိတ်ထဲရှိနေတာက ဒီလကုန်အထိ ပိုက်ဆံလောက်ပါ့ မလား။
အိမ်ကိုလှမ်းမှာထားရင်ကောင်းမလား။ အချိန်ပိုင်းအလုပ်ရှာရင်ကောင်းမလား။
နေစရိတ် စားစရိတ် ကာမိအောင် ဘယ်လိုလုပ်ရမလဲ။ အဲ့ဒါပဲတွေးဖြစ်နေမိတယ်။
တခြားဘာကိုမှ စိတ်နှစ်လို့မရဘူး။ စိတ်ထဲထည့် လို့မရဘူး။ ပြောရရင်တော့
အဲဒီ့လို Low Socioeconomic အနေအထားမှာ . .”
ကျောင်းသားများ ဝါးခနဲ ထပြီးရယ်ကြပြန်သည်။ ဆရာမလည်း ရယ်ရယ်မောမောနှင့်ဆက်ပြော၏။
“တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့ညက ဆရာမဖျားတယ်။ ရာသီဥတုအပြောင်းအလဲနဲ့
stress တွေကြောင့် လည်းပါတာပေါ့လေ။ အဆောင်ကအခန်းထဲမှာ တစ်ယောက်ထဲ။
ဘယ်သူမှလည်းအသိမရှိဘူး။ အကယ်၍ အရမ်းအဖျားတက်လာရင်
ငါဆေးရုံကိုဘယ်လိုသွားရမလဲလို့တွေးနေတယ်။ ဆေးရုံလည်းဘယ်နားရှိမှန်းမသိ။
စိတ်ထဲကလျှောက်ပြီးတွေးနေမိတယ်။ အခုအချိန်ငါသေသွားရင်
သူတို့ငါသေတာကိုသိတောင်သိပါ့မလား။ ငါ့ကို ဘယ်လိုအသုဘချမလဲမသိဘူးနော်။
အဲ့လိုတွေလျှောက်တွေးနေမိတယ်။ ဆိုလိုတာက စားဖို့နေဖို့ကိစ္စကို
တသီးတသန့်ခေါင်းထဲထည့်စဉ်းစားနေရလောက်တဲ့ အခြေအနေကိုရောက်နေပြီဆိုရင်
တခြားဘာကိုမှ စိတ်ဝင် စားဖို့မလွယ်တော့ဘူး။ ဘာမှအာရုံမလာတော့ဘူး။
ဆရာမတို့တောင် ခေတ္တခဏအခက်အခဲကြုံနေရတယ်ဆို နေ့စဉ်
တစ်နေ့လုပ်မှတစ်နေ့စားနေရတဲ့ဘဝတွေမှာ ပုံမှန်အချိန်ကနေ ဖဲ့ပြီး
တခြားတခုခုကို စိတ်ထဲထည့်ဖို့ လုပ်ဖို့ဆိုတာ အရမ်းခက်သွားပြီ။
တော်ရုံတန်ရုံ ပျော်ရွှင်စရာပဲဖြစ်ဖြစ် စိတ်ညစ်စရာပဲဖြစ်ဖြစ် သူတို့ကို
ခံစားမိ လောက်အောင် မတိုးဝင်နိုင်တော့ဘူး။ Rape အလုပ်ခံရပေမယ့်
လူမသိသူမသိငိုရင်းပြီးသွားတာတွေ၊ အလုပ်ရှင်က
ကျွန်လိုခိုင်းစားဆက်ဆံသမျှမကျေနပ်ချက်ကို
မထုံတက်တေးမျက်နှာထားနဲ့ရင်ဆိုင်ရင်း နာကျင် ဖို့မေ့လျော့ခဲ့ရတာတွေ . .
ဒီလိုကိစ္စတွေအများကြီး ရှိနေတယ်။ သူတို့ခေါင်းထဲက စားဝတ်နေမှု နဲ့ ဘယ်လို
အသက်ဆက်ရမလဲဆိုတဲ့ အတွေးကို လွှမ်းမိုးနိုင်စွမ်းမရှိတော့ဘူး”
ဆရာမ၏ စကားမှာ အားလုံးမျောပါဝင်စားနေမိသည်။ ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာလို
ခန္ဓာကိုယ်၏ private part မှာ ဖြစ်ပွားတတ်တဲ့ရောဂါမျိုးတွေဆို
ပိုပြီးဆိုးကြောင်း၊ ပုံမှန်လူတွေတောင် လိင်အင်္ဂါ တစ်ဝိုက်
အနာရောဂါထူးခြားမှုတစ်ခုခုဖြစ်လျှင် ချက်ချင်းကုသမှုခံယူကြတာရှားကြောင်း၊
သူတို့လိုအခြေအနေ တွေမှာဆို ကုသမှုလာရောက်ခံယူပြီဆိုလျှင်
နေမရထိုင်မရလောက်အောင် ရောဂါဝေဒနာဆိုးရွားခြင်းကြောင့် သာဖြစ်ကြောင်း ဆရာမက
ဆက်လက်၍ပြောသွား၏။ ဆရာမ၏ အဖြေကိုကျောင်းသားများလည်း ကျေနပ်သွား ကြသည်။
“ကဲ ဒါဆိုတော်လောက်ပါပြီ။ ပြန်လို့ရပါပြီ။ အပြင်မှာတော့ မိုးကျနေတယ်။
စောင့်ရင်လည်းစောင့်ကြ ပေါ့။ ဆရာမကတော့ ဂျူတီရှိလို့သွားပြီ”
ဆရာမက ပြောပြောဆိုဆိုနှင့် ထထွက်သွားသည်။ ကျောင်းသားအချို့ကတော့
မိုးကာများဝတ်ကြပြီ။ အချို့ကတော့ ထီးများဖွင့်ကြပြီ။ အချို့ကတော့
ပြန်ရန်အချိန်စောသေးသည်ကြောင့်လား ၊ မိုးစိုမခံချင်လို့လား မသိ။
စာသင်ခန်းထဲမှာပင် ငြိမ်သက်စွာထိုင်ရင်း မိုးအတိတ်ကို စောင့်နေကြလေသည်။
၃။
ညိုမောင်းအက်ကွဲနေသောကမ္ဘာမြေသားပေါ်မှာ
ဇီဝအသက်ဓာတ်ပြန်လည်ဖြစ်ထွန်းရာသဲလွန်စ တစ်ခု အဖြစ်
အစိမ်းရောင်အပင်ငယ်လေးကို တွေ့ရှိပြီးနောက် စက်ရုပ်မလေး အိဗ်သည် Deactivate
အခြေအနေဖြင့် အာကာသယာဉ်ကြီးဆီသို့ သတင်းထုတ်လွှင့်နေချေပြီ။ အမှိုက်သိမ်းသော
ဝေါအီး စက်ရုပ်လေးက ချစ်စရာကောင်းသော စက်ရုပ်မလေး၏ ငြိမ်သက်နေခြင်းမှာ
ဖျားနာလွမ်းဆွတ်နေပုံရ၏။ ထိုစဉ်မိုးများရွာလာ ပြန်သည်။ သိပ္ပံခေတ်လွန်၏
စက်ယန္တရားဆန်သောမိုးစက်များဖြစ်သောကြောင့် ကြောက်ဖွယ်ကောင်းနေနိုင် ပါသည်။
ဝေါအီးသည် ထီးတစ်ချောင်းကိုထုတ်၍ စက်ရုပ်မလေး အိဗ်ပေါ်သို့
ဆောင်းပေးလိုက်သည်။ သူကတော့ မိုးစက်များအောက်မှာရွှဲရွှဲစိုလျှက် ငိုင်နေ၏။
ဆည်းဆာ၏ ဝင်လုဆဲနေရောင်အောက်တွင် မိုးဖွဲများပြေးဆင်းလာပုံ၊
စက်ရုပ်မလေးအိဗ်၏ ချောမွတ် ဖြူစင်သော အသွင်အပြင်နှင့် ထီးဆောင်းပေးထားသော
ဝေါအီး၏ လက်ကလေးညောင်းညာပြီးတုန်ခါနေပုံ . .၊ ထိုမြင်ကွင်း အဝေးမှ
ကြည့်ရှုလိုက်ရသောအခါ အလွန်လှပနေပါတော့သည်။
မှူးနေဝန်း
No comments:
Post a Comment