Tuesday, December 22, 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၅

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၅ 


အရာအားလုံး တစ်ခါသုံးဖြစ်သွားတယ်
တစ်ခါသုံးချစ်သူ
တစ်ခါသုံးဘုရား
တစ်ခါသုံးလွမ်းမောဖွယ် စီဒီပြား။

မုန်တိုင်းကိုလွန်ဆန်ပြီးနောက်
သူရဲကောင်းဘွဲ့ခံသူဟာ
သူ့ရဲ့ တစ်ခါသုံးပင်လယ်ကို လွှင့်ပစ်လိုက်တယ်။

- ဟေ့ ပြီးပြီလား ပြီးပြီလား ၊ ငါ့ကိစ္စပြီးပြီလား -
အမှိုက်ပုံးထဲက ပင်လယ်ကလှမ်းအော်တယ်
- ငါ့ဝဲဂယက်ကို မင်းယူသွားပြီလား -
ပင်လယ်ဟာ ပျော်ပျော်ကြီးသေသွားတယ်။

တစ်ခါသုံးသီချင်းသံကြောင့် လူကမကြား
တစ်ခါသုံးအမှိုက်ပုံ ကမ္ဘာထဲမှာ
လူဟာ သူ့ကိုယ်သူလွှင့်ပစ်ဖို့မေ့နေတာ
ကျောက်တောင်တန်းကိုပါးလျကုတ်ခြစ်ခဲ့သော
မာန်နတ်၏ လက်သည်းချွန်များပမာ။

မှူးနေဝန်း

No comments:

Post a Comment