“ပန်းပွင့်လေးရေ
ငါ့ကိုမင်းရင်ခွင်ထဲထွေးပွေ့ထားလိုက်စမ်းပါကွာ”
မိုးစက်လေးကဆို၏။
သက်ပြင်းချရင်း
စံပယ်ပွင့်လေးကြွေ၏။
(ရာဘင်ဒြာနသ်တဂိုး)
၇ တန်းလောက်က ဖတ်ခဲ့ရတဲ့ တဂိုးကဗျာစာအုပ်ထဲက မှတ်မိသလောက်စာပိုဒ်လေးတစ်ပိုဒ်ပါ။ ကိုယ်မသိလိုက် ဘဲ ကိုယ့်အတွက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်အနစ်နာခံခဲ့ရသူတွေ အများကြီးရှိနေနိုင်တယ်။ ကိုယ့်အလိုဆန္ဒက အပြစ်ကင်း ပြီး ဖြူစင်တယ်လို့ယူဆနိုင်ရင်တောင် အဲ့အလိုဆန္ဒအတွက်ပေးဆပ်မှုဟာ မထင်မှတ်ဘဲကြီးသွားတတ်ပါတယ်။ တကယ် ပေးဆပ်တဲ့သူဟာ အသံကျယ်ကျယ်လောင်လောင်မမြည်တတ်တာ သဘာဝပဲလား။ မပေးဆပ်တာထက်စာရင် ပေးလိုက် တာကောင်းတာပေါ့။ အသံကျယ်ကျယ်လောင်လောင်နဲ့ ပေးတာထက်စာရင် တိတ်တိတ်ဆိတ်ဆိတ်ပေးတာက ကောင်း တာပေါ့။ ဦးဝင်းဖေရဲ့ မျက်မှန်ဝတ္ထုထဲကလူတွေ အများကြီး။ သင့်မျက်မှန်ကို ကိုယ်တိုင်ရိုက်ချိုးပစ်ချင်စိတ် ဖြစ်ဖူးသလား။ အသံတိတ်တိတ်ဆိတ်ဆိတ်ပေးတာတောင် စိတ်ထဲမှာအသံတွေကျယ်လောင်နေရင် ငြိမ်းချမ်းဦးမယ်မထင်ဘူး။ ပေးဆပ် တယ်လို့မခံစားတဲ့ ပေးလိုက်ခြင်းမျိုးက သိပ်ကျက်သရေရှိတယ်။ စိတ်ထဲမှာ လုပ်ရပ်အပေါ်ကျေနပ်မှုကလွဲရင် တခြားဘာမှ မကျန်ခဲ့တဲ့ စွန့်လွှတ်မှုပေါ့။ နောက်ဆုံးကျတော့ သက်ရှိတွေပျားပန်းခတ်နေတဲ့ လောကကြီးထဲမှာ တကယ်အဆက်အဆံ လုပ်နေရတာ ကိုယ့်ကိုယ်ကိုယ် ဆိုတာမြင်လာရတာပဲ။ တစ်ယောက်ချင်းလာခဲ့ရတာပါပဲ။
ပေးသူတွေက ငါပေးနေတယ် ဆိုတဲ့ အတ္တအခြေခံသဘာဝကို မကြေငြာသင့်ပေမယ့် ယူသူတွေဘက်က သူပေးခဲ့ တယ်ဆိုတာကို မေ့လျော့တာကျတော့လည်းမမျှတပြန်ဘူး။ တစ်ခွန်းထဲပြောရရင်တော့ “ကျေးဇူး” ပါပဲ။ သူ့ကျေးဇူးကို သိပါ လို့ ရေးရင် အဖန်တစ်ရာထပ်နေတဲ့စကားကြီးမို့ပျင်းစရာကောင်းနေလိမ့်မယ်။ တကယ်တော့ တော်တော်တွေးစရာကောင်း ပါတယ်။ ကျေးဇူးဆိုတာ ကိုယ့်ကိုသူများကကူညီမှု ဆိုတာလောက်ပဲတွေးထားရင် သိပ်ကိုဘောင်ကျဉ်းသွားမှာပါ။ ကျေးဇူး ဆိုတာ အကျိုးကိုဖြစ်စေသော အကြောင်းပါပဲ။ ရေနွေးနှင့် ကော်ဖီမှုန့်တို့ပြုသောကျေးဇူးဖြင့် ကော်ဖီတစ်ခွက်ကိုရ၏။ ကော်ဖီတစ်ခွက်ပြုသောကျေးဇူးဖြင့် အစာအာဟာရကိုရ၏။ အစာအာဟာရ၏ ကျေးဇူးဖြင့် ပြုမှုလှုပ်ရှားသွားလာ စသဖြင့်။ ကျေးဇူးဆိုတာ အကြောင်းအရင်းအထာက်အပံ့ပါပဲ။ ကျေးဇူးကိုသိခြင်းဟာ အကျိုးနှင့်ဆက်စပ်သော အကြောင်းကိုသိခြင်း ပါပဲ။ အကြောင်းအကျိုးကို သိခြင်းဟာ ပညာဉာဏ်သဘောပါပဲ။ မသိမှုရဲ့ဆန့်ကျင်ဘက်ပါပဲ။ မောဟကိုလွန်မြောက်ခြင်းပဲ။ အဖန်တလဲလဲဆင်ခြင်အပ်သော သတိဖြင့်နေထိုင်ခြင်းပဲ။ ကျေးဇူးကိုသိခြင်းရဲ့သဘောဟာ အဲ့လိုကျယ်ပြန့်သွားပါတယ်။ ဘာဆက်လုပ်ရမလဲဆိုတာ ပြတ်သားသွားစေနိုင်ပါတယ်။ နောင်တနဲ့ ဝေဝါးခြင်းကို အနိုင်ယူသွားနိုင်တယ်။ မိုးစက်လေး ဟာ စံပယ်ပွင့်လေးပေါ် လက်လွတ်ခြေလွတ်ခုန်ဆင်းတော့မှာမဟုတ်ဘူး။
ဆိုတော့ကာ ကျေးဇူးကိုသိခြင်းဟာ ပညာဉာဏ်ရဲ့သဘောဆိုပေမယ့် လူအန္ဓတွေရဲ့သဘာဝအရ မကြုံဖူး မဖြစ်ဖူးတဲ့ကိစ္စကို ထိုးထွင်းသိမြင်ဖို့ဆိုတာခက်ပြန်တယ်။ ရေခဲမုန့်မစားဖူးသူကို ရေခဲမုန့်အရသာဘယ်လိုရှင်းပြရှင်းပြ နားမလည်နိုင် မသိနိုင်ပါဘူး။ ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတောင်မှတ်မိပါသေးရဲ့။ သူငယ်ချင်းတစ်ဦးရဲ့မောင် တစ်ယောက်ကို ဆယ်တန်းအင်္ဂလိပ်စာသင်ပေးရင်း Unit 11 ကိုရောက်တော့ ခြင်တွေအကြောင်းသင်ရတာပေါ့။ ခြင်ရဲ့ သားလောင်းပိုးလောက်လန်းတွေဟာ ရေထဲမှာနေတယ်ကွ။ သူတို့စားတာက အကောင်ငယ်လေးတွေ ရေညှိပင်လေးတွေတဲ့ကွ။ အဲ့မှာ microscopic ဆိုတဲ့စာလုံးက အရမ်းသေးတယ်လို့ဆိုလိုတာကွ။ သာမန်မျက်စိနဲ့မမြင်နိုင်ဘူး။ အဏု ကြည့်မှန်ပြောင်းနဲ့ကြည့်မှမြင်နိုင်တာမျိုးပေါ့ကွ။ ဒီလိုအာဘောင်အာရင်းသန်သန်ပြောနေမိတယ်။ ပြီးရင် ထုံးစံအတိုင်း ကြီးတဲ့အကောင်ကငယ်တဲ့အကောင်ကိုစားတယ်ဆိုတာသဘာဝပဲကွ။ လောကကြီးရဲ့တကယ့်သရုပ်သကန်က ကြီးနိုင်ငယ်ညှင်းဝါဒပဲကွ။ အဲ့သလို ကလေးကိုစကားလုံးအကြီးကြီးတွေနဲ့ ပစ်ပေါက်ဖို့လမ်းကြောင်းကိုရွေးနေတုန်း သူပြန်မေးတဲ့ စကားကြောင့် လန့်နိုးသွားရတယ်။ သူမေးတာက အဲ့အကောင်လေးတွေအပင်လေးတွေကို ကျနော်တို့က သာမန်အတိုင်း မမြင်နိုင်ဘူးလားတဲ့။ ဟုတ်တယ်လေကွာ လို့ပြန်ဖြေတော့ ဒါဆိုအဲ့ဒီ့ပိုးလောက်လန်းတွေက ရောမြင်နိုင်ရဲ့လားတဲ့။ သူတို့ဘယ်လိုမြင်လဲတဲ့။ ကိုယ့်မှာ ဘာဖြေရမှန်းမသိတော့ဘူး။ သူတို့ကအနီးကပ်နေလို့မြင်ရတာပါလို့ဖြေလိုက်ရင်လည်း ဒါဆိုကျနော်တို့ရေထဲငုံ့ကြည့်ရင်ရော မြင်ရမှာလားလို့ ဒီအကောင်လေးကမေးတော့မှာသိနေတယ်။ နောက်ဆုံးမှ အကောင်အရွယ်ချင်း သိပ်မကွာတော့မြင်ရနိုင်တယ်ကွလို့ ရွှီးလိုက်ရတယ်။ ပြီးမှပြန်တွေးမိတယ်။ ကိုယ်တို့တွေလည်း တကယ်ပဲ မနီးရိုးစွဲ နီးစပ်သူတွေသာမြင်နိုင်ကြတာပါပဲ။ ဒါတွေပဲမြင်ပြီး ဒါတွေနဲ့ပဲနှိုင်းယှဉ်ဆုံးဖြတ်နေရတာပါပဲ။ ဆရာအောင်သင်းရဲ့ သူတောင်းစားတစ်ယောက်ဟာ ရှင်ဘုရင်ကိုဘယ်တော့မှ မနာလိုမဖြစ်ဘူးဆိုတဲ့ စကားကြီးပြန်ကြားယောင်ပြီး ရယ်နေမိပါတော့တယ်။
တကယ်တော့ လောကဟာမျက်လှည့်ပွဲဖြစ်ပြီး ကိုယ်တိုင်ကအဲ့ပွဲကိုလာကြည့်သူနဲ့တူပါတယ်။ မြင်ဖူးတဲ့အကွက် တွေကိုလည်း ဘာကြောင့်အဲ့လိုဖြစ်သွားပါလိမ့်ဆိုတဲ့လျှို့ဝှက်ချက်ကိုမသိတော့ ခဏခဏပြန်ကြည့်နေရတာပဲ။ ထပ်ကာ ထပ်ကာကျေကျေနပ်နပ်အလှည့်စားခံနေကြတာပါ။ မမြင်ဖူးတဲ့ပြကွက်တွေကျတော့ အံ့သြထိတ်လန့်မှုနဲ့ ကြည့်ကြပြန်ရော။ မသိမှုဟာ မျက်လှည့်ပွဲမှာစီးမျောနေဖို့တစ်ခုထဲသောလိုအပ်ချက်ပဲ။ အတွေ့အကြုံဟာ ရှည်လျားတဲ့ပွဲခင်းကာလအတွင်း အရေးမပါလှပါဘူး။ လူဟာလွယ်လွယ်မေ့ကြတယ်။ မေ့တတ်တယ်ဆိုတာကိုတောင် မေ့ကြတယ်။ မျက်လှည့်ပြကွက်တွေ ဟာ လှည့်စားနေမှန်းသိနေရင်တောင် ပွဲထဲကရုန်းထွက်ဖို့မလွယ်သေးဘူး။ ဘေးမှာအဖော်တွေရှိနေသေးတယ်မလား။ ပြကွက်တွေဟာ လှည့်စားခြင်းမျှပဲဆိုတာလည်း သတိထားမိလာတယ်၊ အဲ့ပြကွက်ကိုဘယ်လိုဘယ်ပုံပြုလုပ်သလဲဆိုတာ ကိုလည်း သိသွားတယ်ဆိုရင်တော့ ပွဲခင်းထဲကထွက်ဖို့သေချာသလောက်ရှိသွားပြီ။ လှည့်စားမှုကိုလုံးဝမလိုချင်တော့ဘူး ဆိုရင်တော့ သင်ဟာမျက်လှည့်ပွဲအပြင်ဘက်ကိုရောက်သွားလောက်ပါပြီ။ စာသိ၊ ငါသိ၊ ပညာသိ ဆိုတာ အဲ့လိုကွာသွား တာဖြစ်ပါတယ်။ မသိတာထက်စာရင် သိတာကတော့ကောင်းပါတယ်။ အချက်အလက်စုဆောင်းတာမဟုတ်ပါဘူး။ သိမှု ဖြစ်ပါတယ်။ Knowledge မဟုတ်ပါဘူး Realization ဖြစ်ပါတယ်။ Knowledge ကတော့ အကိုင်အတွယ်မတတ်ရင် အန္တရာယ်တစ်ခုတောင်ပြန်ဖြစ်သွားနိုင်တာကိုး။ Knowledge ကို မှန်ကန်စွာကိုင်တွယ်အသုံးချတတ်မှသာ ပညာလို့ဆိုလို့ရ မှာပေါ့။ ပညာနဲ့အထပ်ထပ်အဖန်ဖန်ပွားများနေထိုင်ခြင်းကသာ ဉာဏ်အလင်းပွင့်မှု Enlightment အထိဦးတည်သွားမှာပါ။ အဲ့ဒီ့အခါမှာတော့ မျက်လှည့်ပွဲရဲ့အပြင်ဘက်မှာ အေးအေးလူလူလမ်းလျှောက်နေလို့ရပါပြီ။ ဘယ်သူက ငါတို့ကိုမျက်လှည့် ပြနေသလဲ လို့တော့မမေးပါနဲ့။ မျက်လှည့်ဆရာဟာ ကိုယ့်ကြောင့်ဖြစ်လာတာပါ။ ကိုယ်တိုင်ပိုက်ဆံအကုန်ခံဝယ်ခဲ့တဲ့ ပွဲလက်မှတ်တွေ အိပ်ခန်းဒေါင့်မှာပုံနေပါလိမ့်မယ်။
မျက်လှည့်ပွဲကိုစဉ်းစားမိတော့ ဆရာတစ်ယောက်ပြောဖူးတဲ့စကားကိုပြန်သတိရလာပြန်ပါတယ်။ မှတ်မှတ်ရရ ကိုယ်သင်ခဲ့ရတဲ့ဆရာတွေထဲမှာ 2nd year တုန်းက ဆရာတစ်ယောက်ပြောတဲ့ စကားတစ်ခွန်းကိုအရမ်းနှစ်သက်ပြီးမှတ်မိနေတယ်။ Biochemistry သင်ရင်း မော်လီကျူးတွေရဲ့ အသေးစိတ်အလုပ်လုပ်ရာမှတဆင့် ဆဲတစ်လုံးချင်း၊ ဆဲတစ်လုံးချင်း ကနေကြွက်သားတစ်မျှင်ချင်း အဲဒီကမှ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့လှုပ်ရှားမှု ၊ အဲဒီ့လှုပ်ရှားမှုတွေကို အစီအစဉ်တကျ တွဲစပ်လိုက်မှ ကိုယ်တို့ရဲ့ အမူအရာတွေ ၊ ကိုင်တွယ်သွားလာမှုတွေ၊ သိမြင်ခံစားမှုတွေ . . ဒီလိုဖြစ်လာတာကိုး။ အသေးဆုံးလေးတွေက စပြီးမှ ကြီးကြီးမားမားတွေဖြစ်လာတာကိုး။ ဆရာက ဥပမာတစ်ခုပြောပါတယ်။ နီယွန်မီးလုံးတွေနဲ့စီထားတဲ့ဆိုင်းဘုတ်တွေကိုကြည့်လိုက်တဲ့။ ဆိုကြပါစို့ မင်္ဂလာပါ ဆိုတဲ့စာလုံးလေးရွေ့လျားနေတဲ့ LED ဆိုင်းဘုတ်တစ်ခုပေါ့လေ။ ခြုံငုံကြည့်တဲ့ အမြင်အရတော့ မင်္ဂလာဆိုတဲ့စကားလုံးလေး ရွေ့လျားနေတာပါပဲ။ တကယ်တမ်းမီးလုံးတစ်ခုခြင်း လိုက်ကြည့်ရင် မီးပွင့်နေတာနဲ့ မီးပိတ်နေတာပဲ။ ဒီသဘော၂မျိုးပဲရှိတယ်တဲ့။ ဆိုတော့ကာ ခန္ဓာကိုယ်ကြီးကိုဘယ်လိုကြည့် ကြည့် ဖြစ်ခြင်းနဲ့ပျက်ခြင်းပဲတဲ့။ Anabolism နဲ့ Catabolism ပဲတဲ့။ ကွန်ပြူတာစနစ်မှာ Code အရ 1 နဲ့ 0 ပဲထားသလိုမျိုးပဲပေါ့တဲ့။ တကယ်တမ်းက တကိုယ်လုံးဟာ reaction မျိုးစုံနဲ့ပေါက်ကွဲနေတဲ့ ဓာတုအစိုင်အခဲကြီးပဲတဲ့။ ကိုယ့်ခေါင်းထဲ အဲ့စကားဟာ အလင်းလက်သလိုပဲပွင့်နေတာ ခုထိပဲ။ တစ်ခုချင်းကို အမှန်အတိုင်းမြင်မှုနဲ့ ခြုံငုံပြီးထင်ရဟန်အသွင်သဏ္ဍာန်ကိုတွေ့ရခြင်းက အဲ့လိုကွာတာကိုး။ မင်္ဂလာရှိသလားကြည့်လိုက်တော့ မင်္ဂလာမရှိပါပေါ့။ သည်လိုပဲဆိုရမလား။
သီတဂူဆရာတော်ကြီးတရားတစ်ပုဒ်မှာ ပညာဆိုတာဘာလဲဆိုတော့ မြန်မြန်ပြောရရင် အသေးစိတ်နိုင်ခြင်းပဲတဲ့။ ပညာကြီးလေလေအသေးစိတ်ပိုသိလေပဲတဲ့။ ယူနစ်ကိုဘယ်လောက်အထိသေးနိုင်မလဲ။ ကျနော်တို့ကြိုးစားကြည့်ကြမယ်။ ထုထည်တစ်ခုဆို 3D ပေါ့။ ဧရိယာတစ်ခုဆို 2D ပေါ့။ မျဉ်းတစ်ကြောင်းဆို 1D ပေါ့။ ဒါဆိုပွိုင့်လေး တစ်စက်ဆိုရင် zero dimension ပေါ့။ ဒါဆို zero dimension က ကျန်တဲ့ဒိုင်မန်းရှင်းတွေပေါက်ဖွားလာသလား။ သုညကိုဘယ်လိုပဲ ပွားပွား သုညကတက်လာစရာမရှိပါဘူး။ အမှန်တော့ သုညက လောကအလွန်မှာရှိတဲ့ဖြစ်တည်ချက် တစ်ခုပါပဲ။ လောကဝန်းကျင်ကိုတော့ အနုတ်တွေ အပေါင်းတွေ ယူနစ်အကြီးအသေးတွေနဲ့ တည်ဆောက်ရပါတယ်။ အမျိုးမျိုးသော သိပ္ပံနယ်ပယ်တွေမှာ ယူနစ်မျိုးစုံပါနေပါတယ်။ ယူနစ်ဆိုတာ ကိုယ့်မျက်စိတစ်ဆုံး ဉာဏ်တစ်ဆုံး မှန်းဆ တွက်ချက်ရတဲ့ကိစ္စပါ။ အသေးဆုံးပမာဏဆိုတာ မရှိသလို အကြီးဆုံးပမာဏဆိုတာလည်းမရှိပြန်ဘူး။ လက်တွေ့အသုံးချ နယ်ပယ်မှာလည်း သိဖို့မလိုဘူးကိုး။ ဒီတော့မသိကျိုးကျွံပြုပြီး ပုစ္ဆာတွေကို ခပ်တည်တည်တွက်နေကြရတာပါပဲ။ တကယ့် တကယ်ပြီးပြည့်စုံအောင်ရှင်းပြဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ယူနစ်တွေရဲ့အဆုံးမရှိခြင်းဟာ သံသရာရဲ့အစမထင်ခြင်းသဘော နဲ့ ဆင်တူပါတယ်။ သံသရာဟာ သုညကပေါက်ဖွားလာခဲ့တာမဟုတ်ပါဘူး။ Law of conservation of energy အရ သုည ကနေ ဘယ်လိုမှထပ်ပွားလာစရာအကြောင်းမရှိပါဘူး။ အဘိုးတို့ခေတ်တုန်းက ဓာတ်ပြားစက်ကြီးပေါ်မှာ အပ်တုံးတုံးကြီး ဟာ တဂျစ်ဂျစ်ခြစ်နေဆဲပဲပေါ့။ သံသရာရဲ့သီချင်းဟာ တိုးလိုက်ကျယ်လိုက်ဖြစ်နေခဲ့ပါတယ်။
ဒီတော့ နေထိုင်ရှင်သန်ရခြင်းဆိုတာ ရုပ်ရှင်ပိတ်ကားပေါ်ကလှုပ်ရှားနေတဲ့ရုပ်ပုံလွှာတွေနဲ့ သဘောတရားတူနေ ရပြီပေါ့။ ရုပ်သေဖလင်တစ်ကွက်ခြင်းကိုခပ်မြန်မြန်ရစ်လိုက်တဲ့အခါမှာ ပုံရိပ်တွေဟာလှုပ်ရှားလာသယောင်ဖြစ်ပြီပေါ့။ အဲ့ဒီ့ ပုံရိပ်တွေက သူ့ကိုယ်သူအစစ်အမှန်ထင်လာတဲ့အခါ ရုပ်ရှင်ဆိုတာကိုမေ့သွားပြီး ကျည်ဆံအစစ်ထည့်ထားတဲ့ သေနတ်နဲ့ ချိန်ချင်လည်းချိန်လာကြမယ်။ ဒါရိုက်တာရဲ့စည်းမျဉ်းကိုလွန်ဆန်ပြီး စိတ်လိုက်မာန်ပါတွေလုပ်လာကြမယ်။ ဇာတ်ကွက်တွေ ကကြမ်းတမ်းခက်ထန်လာမယ်။ အကုန်လုံးမင်းသားတွေချည်းဖြစ်ချင်လာမယ်။ မေ့လျော့ခြင်း ကျေးဇူးအထောက်အပံ့ကို မသိခြင်းရဲ့နောက်ဆက်တွဲအဖြစ် နေပျော်စရာမကောင်းတဲ့အရပ်ဒေသတစ်ခုဖြစ်အောင် ဖန်တီးလိုက်ကြပါလိမ့်မယ်။ ပျော်စရာဆိုတာဘာလဲလို့အချင်းချင်းလက်တို့မေးလာရမယ်။ ပျော်စရာလို့ထင်တာတွေကိုစမ်းသပ်လာကြမယ်။ ဒီလိုနဲ့ လူတွေမှာ အလုပ်အပိုတွေများလာကြပြန်တယ်။ အဖွဲ့အစည်းနဲ့နေရခြင်းရဲ့နောက်ဆက်တွဲကိစ္စတွေပေါ့။ သက်သာချင် တယ် ဇိမ်ကျချင်တယ် အောင်မြင်ချင်တယ် လောကဓံရှစ်ပါးရဲ့ အဆိုး၎ပါးကိုဖယ်ပြီးအကောင်း ၄ ပါးကိုပဲလိုချင်တော့ တယ်။ ဆန္ဒနောက်ကိုလိုက်ရင်း အထပ်ထပ်တီထွင်ရတယ် ငြီးငွေ့မှုကိုဖြေဖျောက်ရတယ်။ မဆုံးနိုင်တော့ပါဘူး။ ကိုယ်တို့ကြည့်နေတဲ့ရုပ်ရှင်ကားတော်တော်များများမှာတော့ အခက်အခဲရဲ့အထွတ်အထိပ်ကိုလွန်ပြီး ပြန်လည်ပြေလျော့ သွားတဲ့အခါ Happy ending တွေနဲ့ ဆုံးလေ့ရှိပါတယ်။ ယုတ္တိတန်သည် မတန်သည်ဖြစ်စေ အနည်းဆုံးတော့ ရုပ်ရှင် ကြည့်သူကိုစိတ်သက်သာရာရစေတာပေါ့လေ။ အဲ့ဒီ့အတွက် သရုပ်ဆောင်တွေရဲ့ပျော်ရွှင်မှုကို အမူအရာအမျိုးမျိုး နဲ့ဖော်ပြကြပါတယ်။ သူတို့ပျော်သွားပုံကိုကြည့်ရင်း ကိုယ်ပါလှိုက်လှိုက်လှဲလှဲကြည်နူးရပါတယ်။ အဲ့လို ပျော်ရွှင်ပုံအမူအရာ တွေမျိုးစုံထဲမှာ The pursuit of happyness ထဲက Will Smith ရဲ့ ပျော်ရွှင်မှုအမူအရာဟာ မျက်လုံးထဲစွဲနေခဲ့တာပါပဲ။ အလွန်အမင်းဒုက္ခရောက်ပြီးနောက် မဆိုစလောက်အဆင်ပြေမယ့်လမ်းစလေးမြင်လိုက်ရချိန်မှာ မရယ်နိုင်မပြုံးနိုင်ဘဲ မျက်ရည်တွေလည်အံကြိတ်ပြီးပြန်လာရတဲ့ပုံစံလေးပေါ့။ ခဏခဏအရိုက်ခံခဲ့ရတဲ့ကလေးဟာ မရိုက်တော့ပါဘူးပြောလည်း စိတ်မချနိုင်သေးဘူး။ ကိုင်ထားတဲ့ တုတ်ကိုမဝံ့မရဲကြည့်နေရသလိုပေါ့။ ဒီသရုပ်ဆောင်ချက်ဟာ လွန်ခဲ့တဲ့ ၄နှစ်လောက်ထဲက Facebookပေါ်မှာဖတ်ဖူးတဲ့ကွန်မန့်လေးတစ်ခုကိုလည်း သတိရစေပါတယ်။ အပူချိန်ဆိုတာပဲရှိတယ်တဲ့ . . အအေးချိန်ဆိုတာမရှိဘူးတဲ့ . . အပူချိန်နည်းသွားတာကို အေးတယ်လို့ခေါ်တာပဲတဲ့ . . အဲ့လိုပဲ ဒုက္ခတရားလေး နည်းသွားချိန်ကို သုခလို့ခေါ်ရတာပဲတဲ့ . .။ ပျော်ရွှင်မှုကို သုခ လို့ အကြမ်းဖျင်းဘာသာပြန်မယ်ဆို ဝီလ်စမစ်ရဲ့ သရုပ်ဆောင်မှုဟာ အဲ့အယူအဆ မှန် မမှန် ကို သက်သေပြသွားတာပါ။ ဒီသဘောတရားလေးကို သေချာလက်ခံနိုင်ပြီ ဆိုရင်ကို ဘဝအပေါ်မကျေမနပ်ဖြစ်မှုတွေအတော်လျော့သွားနိုင်စရာရှိမယ်။ တခါတလေသတိလွတ်သွားချိန်ကလွဲရင် ကျန်တဲ့အချိန်တော်တော်များများ နေတတ်လာမယ်ထင်တာပဲ။
တကယ်လိုအပ်တာကတော့ ပထမသိဖို့ပေါ့၊ ကျေးဇူးအထောက်အပံ့ကိုသိရမယ်။ ဆက်စပ်မှုကိုသိရမယ်။ အမှန် အတိုင်းသိရမယ်။ ဒုတိယလိုအပ်တာက ဆန္ဒစွဲမပါဘဲ အမှန်အတိုင်းလက်ခံဖို့ပေါ့။ လက်မခံနိုင်သရွေ့စိုးစင်းမျှသော ငြိမ်းချမ်းမှုကိုတောင် ရမယ်မထင်ဘူး။ Attitude ကိုပြောင်းလဲပစ်ဖို့ဆိုတာ တကယ်တော့လည်းမလွယ်ဘူးကိုး။ ဗုဒ္ဓလက် ထက်က ဗုဒ္ဓနဲ့အယူဝါဒရင်ဆိုင်ယှဉ်ပြိုင်ခဲ့တဲ့သူတွေအများကြီး။ အတော်များများကသူတို့ဝါဒကိုမစွန့်လွှတ်ခဲ့ကြဘူး။ သူ့ ဂိုဏ်းသူ့အဖွဲ့နဲ့ဆက်ပြီးသွားကြတယ်။ ပါရမီမရင့်သန်သေးလို့ လို့တွေးရင်လည်းရပေမယ့် အဲ့ကိစ္စကိုခဏမေ့ပြီးစဉ်းစား ကြည့်ရင် သူတို့ရဲ့အမြင်ကိုမပြောင်းလဲချင်ကြတဲ့အချက်ပါပဲ။ တစ်နည်းလက်မခံနိုင်တာပါပဲ။ ပိဋကတ်စာပေတွေထဲမှာ တော်တော်သဘောကျဖို့ကောင်းတဲ့ လူ့ဂွစာကြီးတွေကို ခဏခဏတွေ့ရပါတယ်။ အမှတ်မိဆုံးကတော့ ဥပတိဿ နဲ့ ကောလိတ (နောင် လက်ယာတော်ရံနဲ့ လက်ဝဲတော်ရံဖြစ်လာမယ့် ကိုယ်တော်နှစ်ပါး) ရဲ့ ပရဗိုဇ်ဆရာကြီးပဲ။ တပည့်နှစ်ယောက်က သစ္စာတရားအမှန်ကိုဟောပြမယ့်သူတွေ့ပြီ ၊ဗုဒ္ဓဆီတပည့်ခံတော့မယ် ၊ ဆရာကြီးလည်း လိုက်ခဲ့ပါ လို့ခေါ်တယ်။ ဆရာကြီးကမလိုက်ဘူးတဲ့။ သူ့အရှိန်အဝါနဲ့ ဒီလိုလုပ်ရမှာမသင့်ဘူးတဲ့။ မာနခံနေတယ်။ ဒီတော့ တပည့်နှစ်ယောက်က ငတုံးတွေကြားထဲပျော်မနေပါနဲ့ လို့ ပြောတာပေါ့လေ။ အဲ့အခါ ဆရာကြီးဆိုသူပြန်ပေးတဲ့ ဆင်ခြေကို သိပ်သဘောကျတယ်။ တပည့်တို့ လောကမှာ ငတုံးများလား ပညာရှိများလား လို့မေးတော့ ငတုံးတွေများပါတယ်ပေါ့။ အေး ငတုံးတွေအများကြီး ငါ့ဆီကျန်ခဲ့လိမ့်မယ်။စိတ်မပူနဲ့တဲ့။ မင်းတို့ဘာသာသွား ဆိုပြီး နေခဲ့ပါတယ်။ အဲ့လူကြီးတွေဟာ လမ်းလွဲကိုလိုက်ခဲ့ကြပေမယ့် လောကသဘာကိုတော့ တော်တော်နောကြေတဲ့ အတွေးအခေါ်သမားတွေပဲ။ လွဲလို့သာလွဲတာ ခပ်အအတွေတော့ မဟုတ်တာသေချာတယ်။ နောက်တစ်နည်းပြောရရင်တော့ မအ ဘူးဆိုတာ အမျိုးမျိုး သောအကြားအမြင်တွေကိုစုဆောင်းထားနိုင်တယ် ဗဟုသုတရှိတယ်လို့ဆိုရပါမယ်။ ဗဟုသုတကိုအသုံးမချတတ်ရင် ကြောက်စရာကောင်းတယ်ဆိုတာ ဒါမျိုးကိုဆိုလိုတာပါ။ ဟာမန်းဟက်စ်ရဲ့ သိဒ္ဓတ္ထ ဝတ္ထုထဲမှာလည်း ဒီသဘောကိုရေးထား ပါတယ်။ သိဒ္ဓတ္ထ (ဘုရားလောင်းနဲ့နာမည်တူသတို့သား/ဝတ္ထုဇာတ်ကောင်)ဟာ ဗုဒ္ဓတရားကိုနာအပြီး သူ့လမ်းသူလျှောက် ဖို့ဆုံးဖြတ်ပြီးထွက်လာတဲ့နေရမှာ ဗုဒ္ဓက သိဒ္ဓတ္ထကို သင်သာပါးနပ်လိမ္မာသူတစ်ယောက်ပဲ၊ သတိထားပါ ၊ သင့်ရဲ့ ပါးနပ် လိမ္မာမှုဟာ အန္တရာယ်ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ တော်တော်တွေးစရာကောင်းတဲ့အချက်ပါ။
မိုးဆိုတာကတော့ ရွာမှာပါပဲ။ တဂိုးကဗျာထဲက စံပယ်ပွင့်တွေလည်း မိုးရေကြောင့်ကြွေသွားနိုင်သလို ပုရွက်ဆိတ် လေးတွေလည်း သေသွားနိုင်ပါတယ်။ ဒါပေမယ့် မိုးမရွာလို့မဖြစ်ပါဘူး။ နေရာတကာကို ကိုယ့်ကြောင့်များထိခိုက်ပျက်စီး သွားမလားလို့တွေးနေရင် မိုးတိမ်တွေလည်း မရွာဘဲအိပ်နေရပါလိမ့်မယ်။ သူတစ်ပါးနဲ့ကိုယ်နဲ့ကြားကဆက်စပ်မှုကို လိုတာထက်ပိုတွေးနေခြင်းကလည်း အစွန်းတစ်ဖက်ဖြစ်လာပါလိမ့်မယ်။ ဘယ်သူ့ကိုယ်မှဂရုမစိုက်ဘဲ ထင်ရာစိုင်းခြင်းဆို တဲ့အစွန်းနဲ့ဆန့်ကျင်ဘက် အခြားအစွန်းတစ်ဖက်ပါပဲ။ ဒီကိစ္စကတော့ သိခြင်း၊ လက်ခံခြင်း၊ ရဲ့နောက်မှာ ကပ်လိုက်လာရ မယ့် သတိတရားဖြစ်ပါလိမ့်မယ်။ ၅၅၀ လာဇာတ်တော်တစ်ပုဒ်ပဲ။ နာမည်တွေဘာတွေတော့မမှတ်မိ။ သဘောလောက်လေးပြောကြည့်ချင်သေးတယ်။ ဘုရားအလောင်းတော်ဟာ တိုင်းပြည်တစ်ခုကမင်းကျင့်တရားနဲ့ညီတဲ့ရှင်ဘုရင်။ သူ့ညီတော်ကအပြင်မှာလူစုပြီး နန်းလုတယ်။ တိုင်းပြည်ပေးမည်လော စစ်ပြုမည်လောပေါ့။ ဘုရားလောင်းဘုရင်က တိုင်းသူပြည်သားတွေ ဒုက္ခရောက်မယ်ဆိုပြီး စစ်မတိုက်။ နန်းကိုပေးပြီး တောထဲဝင် တရားကျင့်ကြံတယ်။ နန်းလုဘုရင်က စိတ်ထဲမလုံဘူးပေါ့။မတရားရထားတာဆိုတော့ပိုင်းရှင်အစစ်အသက်ရှင် နေသ၍ရန်မအေးဘူးလို့ သူဆုံးဖြတ်တယ်။ ဒီလိုနဲ့ ဘုရင်ဟောင်းရဲ့ဦးခေါင်းကို ဖြတ်ပေးနိုင်သူ အသပြာ တစ်ထောင်ပေးမယ်ဆိုပြီးအမိန့်ထုတ်ပါလေရော။ ဒီလိုနဲ့ တစ်နေ့ကျ တောထဲပန်းခူးထွက်လာတဲ့ပန်းသည်ဟာ ဘုရင်ဟောင်းယောဂီကိုတွေ့တော့ ၀ပ်တွားသမှုပြုတာပေါ့လေ။ ပန်းသည်က ဘုရင်ဟောင်းယောဂီမှန်းမသိပါဘူး။ သာမန်ယောဂီလို့ပဲထင်တာပေါ့။ ဘုရင်ဟောင်းက တိုင်းပြည်အကြောင်းမသိမသာစနည်းနာတဲ့အခါ သူ့ခေါင်းကိုဖြတ်ပေးရင် ငွေတစ်ထောင်ရမယ့်အမိန့်အကြောင်းလည်းကြားရော ဒီပန်းသည်ဟာနွမ်းပါးရှာတယ်။ အသပြာတစ်ထောင်ကိုသူရပါစေဆိုပြီးခေါင်းကိုဖြတ်လှူဖို့ကြံသတဲ့။ ဒါနဲ့ပန်းသည်ကိုဖြစ်ကြောင်းကုန်စင်ပြောပြပြီး သူ့ခေါင်းကိုအလှူခံဖို့ပန်ကြားသတဲ့။ ပန်းသည်ကမယူပါရစေနဲ့တောင်းပန်ပေမယ့် ဘုရားဆုအတွက်ပါရမီဖြည့် ဖို့ရန်အလို့ငှါ အလှူခံခိုင်းသတဲ့။ ဒီလိုနဲ့ ဘုရင်ဟောင်းသေ။ ပန်းသည်က ခေါင်းပြတ်ကိုဘုရင်သစ်ကိုဆက်ရင်း အကြောင်း စုံရှင်းပြ။ နန်းလုဘုရင်နောင်တရ ။ ဇာတ်ကြောင်းက ဒါပါပဲ။ ဗုဒ္ဓဇာတကတွေဟာ ဗုဒ္ဓကိုယ်တိုင်ဟောမဟုတ်ဘူးတို့ နှောင်း အဌကထာဆရာတွေဖြည့်ထားတာတို့ အသံမျိုးစုံကြားရပါတယ်။ သေချာလည်းမလေ့လာနိုင်တော့သလို ငြင်းခုံမှုလည်း မပြုလုပ်လိုပါဘူး။ ဒီဇာတ်လမ်းတွေ အဟုတ်ဖြစ်ခဲ့သည်ဖြစ်စေ မဖြစ်ခဲ့သည်ဖြစ်စေ ဒီသဘောတရားကနေ ကျနော်တို့ယူငင်သုံးစွဲလို့ရတဲ့ အသိတရားတွေအများကြီးပါလာပါတယ်။ ဘယ်လိုယူငင်မလဲ။ တစ်နည်းဘယ်လိုအကျိုးရှိအောင်ကြည့်မလဲ။ ဒါကပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ဒီဇာတ်တော်မှာ မပြောဘဲတမင်ချန်ခဲ့တဲ့ အပိုင်းရှိပါတယ်။ ဘုရားလောင်းဘုရင်ဟာ သူ့ခေါင်းကိုဖြတ်တဲ့အခါ အဓိဌာန်ပါသတဲ့။ ငါ့ခေါင်းကိုလက်နဲ့ဆွဲမ ရုံဖြင့် တိတိရိရိပြတ်ပါလာပါစေ။ ထိုခေါင်းကို ပေးလှူပြီး သာဓုအနုမောဒနာ ပြုပြီးခါမှ အသိစိတ်ပြတ်စဲပြီး သေဆုံးပါစေလို့အဓိဌာန်ပါတယ်။ ယုတ္တိ ရှိတယ် မရှိဘူးတွေငြင်းမယ့် အစား မြင်မိတာကတော့ ပညာရှိပုဂ္ဂိုလ်တွေဟာ အလဟသအဆုံးရှုံးခံမှုမျိုးကို ဘယ်တော့မှမလုပ်ဘူးဆိုတဲ့ အသိတစ်ခုပါပဲ။ အသက်အသေခံပေမယ့် ၀မ်းမြောက်ကြည်နူးသောသဒ္ဓါစိတ်နဲ့ ဘ၀ကိုသေချာပေါက်အဆုံးသတ်ပစ်နိုင်ခဲ့တယ်။ ပါရမီရှင်တွေ ပညာရှိတွေဟာ လောကကိုဘယ်တော့မှအရှုံးမပေးပါဘူး။ သူတို့ပေးဆပ်မှုနဲ့ထိုက်တန်တဲ့ ရလဒ်ကိုတရားမျှတစွာ ရယူနိုင်ကြပါတယ်။ စွန့်လွှတ်စွန့်စားမှုတိုင်းမှာ ပညာနဲ့ယှဉ်သော စိတ်ထားတစ်ခုတော့ လိုက်နိုင်ဖို့တကယ်အရေးကြီးပါတယ်။ သေချာမှဖြစ်ပါမယ်။ အဲ့ဒါဟာ သတိပါပဲ။ ဒီလိုမှမဟုတ်ရင် ကိုယ်တို့ရှုံးပါလိမ့်မယ်။ အချို့သောအရှုံးတွေဟာ အရမ်း နစ်နာလွန်းပါတယ်။
တဂိုးကဗျာနဲ့စမိတော့ တဂိုးကဗျာကိုပဲ ထပ်သတိရမိပြန်ပါတယ်။
မြေမီးခွက်က
သူနှင့်ဆွေမျိုးတော်စပ်ပါသည်ဟုလျှောက်ပြောနေသဖြင့်
စိတ်ဆိုးနေသောဖန်မီးအိမ်သည်
လမင်းထွက်ပေါ်လာသောအခါ
အို...ငါ၏ချစ်လှစွာသောအစ်မတော်ဟု
နှုတ်ဆက်လိုက်လေသည်။
(ရာဘင်ဒြာနသ်တဂိုး)
ကိုယ်တွေဟာ သံသရာတစ်လျှောက်စုံခဲ့ပါပြီ။ ရှင်ကြီးဝမ်းရှင်ငယ်ဝမ်း အကုန်ဝင်ခဲ့ပြီးပါပြီ။ မြေမီးခွက်နေရာလည်း ရောက်ခဲ့ဖူးသလို ဖန်မီးအိမ်အဖြစ်လည်းတည်ငြိမ်ခဲ့ဖူးပါပြီ။ လမင်းအဖြစ်လည်း ဝင်းပခဲ့ဖူးပါပြီ။ ကဗျာထဲကလို နှိမ့်ချခံရခြင်း မြှောက်ပင့်ခံရခြင်းလို လောကသဘာဝရေလှိုင်းတွေရဲ့ရိုက်ပုတ်မှုမျိုးစုံလည်းကြုံခဲ့ရပါပြီ။ နေဝင်နေထွက်အောက်မှာ ထူးဆန်းတာ ကျန်သေးရဲ့လား။ ဘာတွေများစိတ်ဆိုးနေပါသလဲ ဘာတွေများလိုချင်နေပါသလဲ။ ပြောရတာလွယ်ပါတယ် ရေးရတာလွယ်ပါတယ်။ သဘောတရားစာသိတွေ ငါသိတွေ လွယ်ပါသေးတယ်။ အကုန်လုံးနီးပါးကတော့ သုညဖြစ်ချင် လား လမင်းဖြစ်ချင်လားလို့မေးရင် မဖြစ်ဖူးသေးတဲ့ သုညထက် ဖြစ်ဖူးခဲ့တဲ့လမင်းကိုသာ ပြန်လည်တမ်းတနေကြဦးမယ် ထင်တာပါပဲ။
မှူးနေဝန်း