Friday, October 23, 2015

အချစ်​၏တွန့်​​ခေါက်​သွား​သောအ​ရေပြားများ

အချစ်၏တွန့်ခေါက်သွားသောအရေပြားများ

ငယ်ရွယ်ချောမောတဲ့မုဆိုးမလေး အက်ဒလိုင်းဘိုးမန်းတစ်ယောက် သူမမိဘတွေရှိရာ ကယ်လီဖိုးနီးရား ပြည်နယ်ကို တစ်ယောက်ထဲကားမောင်းရင်းပြန်လာခဲ့တယ်။ ၁၉၃၇ ရဲ့နှောင်းပိုင်းကာလတစ်ခုမှာပေါ့။ ဆီနိုမာ ဆိုတဲ့မြို့လေးကိုအဝင်မှာ ရုတ်တရက်ပဲနှင်းတွေကျလာခဲ့တယ်။ မသဲကွဲတဲ့လမ်းကို စူးစိုက်မောင်းနှင်ရင်း လမ်းအချိုးအကွေ့တစ်ခုကိုမမြင်နိုင်တော့ဘဲ အက်ဒလိုင်းရဲ့ကားလေးဟာ ချောက်နက်တစ်ခုထဲ ထိုးကျသွား တော့တယ်။ ပြီးတော့ အလွန်အေးစက်တဲ့ ရေပြင်ထဲနစ်မြုပ်သွားတယ်။ အလွန်အေးတဲ့ရေနဲ့ရုတ်တရက်ထိလိုက် ရတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ Reflex သဘောတရားအရ အသက်ရှူရုတ်တရက် ရပ်သွားပြီးနှလုံးခုန်နှုန်းလည်း နှေးသွားတယ်။ နှစ်မိနစ်အတွင်းမှာပဲ ခန္ဓာကိုယ်တွင်းအပူချိန်ဟာ ၈၇ ဒီဂရီဖာရင်ဟိုက်ပဲရှိပါတော့တယ်။ နှလုံးခုန်လည်းရပ်သွားပါပြီ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူမရဲ့ကားကို မိုးကြိုးပစ်ချခြင်းခံလိုက်ရပါတယ်။ အလွန်ပြင်းထန်တဲ့ လျှပ်စစ်ဗို့အားဟာ အက်ဒလိုင်းရဲ့နှလုံးကိုပြန်နှိုးပေးလိုက်တယ်။ သူမ အသက်ပြန်ရှူလာ တယ်။ အထူခြားဆုံးကတော့ အဲ့အချိန်ကစပြီး အက်ဒလိုင်းဟာ ဆက်လက်အိုမင်းရင့်ရော်ခြင်းမရှိတော့တာပါပဲ။ ၁၉၀၈ ခုနှစ်ရဲ့ နှစ်သစ်ကူးညမှာမွေးခဲ့တဲ့ အက်ဒလိုင်းရဲ့ဘဝဟာ အသက် ၂၉နှစ်အရွယ်မှာ ရပ်တန့်လို့သွားပါ တော့တယ်။

The age of adaline ဇာတ်ကားဟာ ၂၀၃၅ ခုနှစ်မှရှာတွေ့မယ့် မှန်းဆသိပ္ပံသီအိုရီတစ်ခုကို အခြေခံထားတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် Adaline Bowman နေရာမှာ မင်းသမီးချောလေး Blake Lively ကသရုပ်ဆောင်ထားပါတယ်။ Blake Lively ရဲ့အရင်ဇာတ်ကား တွေမှာ သူမရဲ့သရုပ်ဆောင်မှုကို ထူးထူးခြားခြားပြောင်မြောက်တယ်လို့မဆိုနိုင်ခဲ့ပေမယ့် ဒီကားမှာတော့ သူမဇာတ်ရုပ်နဲ့လိုက်လျောပြေပြစ်မှုရှိတာကို မြင်ရပါတယ်။ ပြီးတော့ ဇာတ်လမ်းအလယ်လောက်မှာပေါ်လာတဲ့ ဝါရင့်မင်းသားကြီး Harrison Ford ရဲ့သရုပ်ဆောင်မှုဟာ ဇာတ်ကားကိုအထွဋ်အထိပ်ရောက်အောင် ဆွဲခေါ်နိုင် ခဲ့ပါတယ်။ ဒါပေမယ့် ကြိုကြိုတင်တင်စကားဦးသမ်းထားချင်တာက ဒီဇာတ်ကားဟာ ပြီးပြည့်စုံအောင် ကောင်း တယ်လို့တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် တွေးစရာတွေ တပုံတပင်ချန်ထားနိုင်ခဲ့တာကတော့ ဒီဇာတ်ကားရဲ့ ထူးခြားချက်ဖြစ်မယ်ထင်ပါတယ်။

ကျနော်တို့အသက်မကြီးတော့ဘူးဆိုရင် ဆိုတဲ့ခေါင်းစဉ်တပ်ပြီးစာတစ်ပုဒ်ရေးကြပါစို့။ မအိုမင်းတော့ဘူး ဆိုတာ လူတိုင်းလိုလို ဖြစ်ချင်တဲ့ဆန္ဒပါ။ ဒီဇာတ်ကားထဲက အက်ဒလိုင်းဆိုတဲ့ကောင်မလေးဟာ ငယ်ရွယ်မှုနဲ့ ရင့်ကျက်တည်ငြိမ်မှုစုံစည်းတဲ့ ၂၉နှစ်ဝန်းကျင်မှာ အိုမင်းမှုရပ်တန့်သွားတာပါ။ မငယ်လွန်းမကြီးလွန်းတဲ့အချိန်မှာ ဒီလိုဖြစ်သွားတာ အလွန်ပျော်စရာကြီးပါ။ ဒါပေမယ့် အဲ့ဒီလိုထင်ရင်မှားသွားပါမယ်။ အက်ဒလိုင်းဟာ မအိုမင်း ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘဝတစ်လျှောက်လုံးခံစားရပါတော့တယ်။ အစပိုင်း ဆယ်စုနှစ်လောက်တော့ ဘယ်သိသာဦးမလဲ။ ဒါပေမယ့် သူမရဲ့သူငယ်ချင်းတွေအတော်များများ ရင့်ရော်လာကြတဲ့အချိန်မှာ သူမဟာ အများရဲ့အာရုံစိုက်ခြင်းကိုခံလာရပါပြီ။ သူမအနေနဲ့ ရင်းနှီးသိကျွမ်းသူတွေထဲ သွားလာလှုပ်ရှားဖို့ခက်ခဲလာ ပါတယ်။ ဒီလိုနဲ့သူမဟာ လူ့အသိုင်းအဝိုင်းထဲက မသိမသာထွက်ပြေးလာရတယ်။ တစ်မြို့ပြီးတစ်မြို့ပြောင်းရ တယ်။ အစိုးရကသူမကို သတိထားမိသွားပြီး စမ်းသပ်မှုတွေလုပ်ဖို့ကြိုးစားတယ်။ ကံကောင်းထောက်မစွာနဲ့ သူမ ထွက်ပြေးနိုင်ခဲ့တယ်။ အက်ဒလိုင်းရဲ့ဘဝဟာ မလုံခြုံတော့ဘူး။ သူမရဲ့ဘဝအမှန်ကို အထပ်ထပ်ဖုံးကွယ်ရတော့ တယ်။ ဆယ်စုနှစ်တစ်ခုတိုင်း နာမည်အသစ်တစ်ခုနဲ့မှတ်ပုံတင်အတုတွေ လုပ်ရတော့တယ်။ နှစ်ပေါင်းများစွာ နေခဲ့ရတော့ ဘာသာစကားတွေလည်းအများကြီးတတ်လာတယ်။ ပညာရပ်အသိတွေလည်း အများကြီးတတ် လာတယ်။ ဒါပေမယ့် သူမရဲ့ဘဝဟာ အလွန်အထီးကျန်စွာနဲ့ အိမ်မွေးခွေးလေးတစ်ကောင်ကို အဖော်ပြုပြီး နေနေရတာပါ။

နောက်ထပ်တွေးစရာကိစ္စကတော့ သူမရဲ့လှပမှုကြောင့် အမျိုးသားများစွာရဲ့စိတ်ဝင်စားမှုကို ခံရတယ်။ ဒါပေမယ့် အတူနေထိုင်ပေါင်းဖက်ဖို့အထိ ကတော့ မဖြစ်နိုင်ဘူး။ သူမရဲ့ဘဝအမှန်ကို ဖွင့်ပြောဖို့အက်ဒလိုင်းဟာ ကြောက်ရွံ့နေခဲ့ပါတယ်။ သူမဟာ ဘဝတစ်လျှောက်ယောက်ျားများစွာနဲ့ဆုံဆည်းခဲ့ပေမယ့် ချန်ရစ်ထားခဲ့မိတာ ချည်းပါပဲ။ အက်ဒလိုင်းဟာ ဘဝအမှန်ကနေအမြဲကိုထွက်ပြေးနေခဲ့ရသူပေါ့။ သူမရဲ့အဖြစ်မှန်ကိုသိသွားရင် သိပ္ပံပညာအတွက်အစမ်းသပ်ခံဘဝနဲ့နေသွားရမှာကို စိုးရိမ်ကြောက်ရွံ့နေရသူပါ။ ဒါပေမယ့် တစ်ခုသောနှစ်သစ် ကူးညမှာ အဲလစ်ဂျုန်း (Michiel Huisman)ဆိုတဲ့ကောင်လေးနဲ့သိကျွမ်းဆုံဆည်းခဲ့ရတယ်။ တိုတိုပြော ရရင်တော့ အက်ဒလိုင်းဟာအဲလစ်နဲ့ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ အဲလစ်ကတော့ အက်ဒလိုင်းကို ဂျန်နီ အဖြစ်နဲ့သိထားခဲ့ရတာပါ။ သူမရဲ့နာမည်များစွာထဲက နောက်ဆုံးမှတ်ပုံတင်ထဲပါတဲ့ နာမည်ပေါ့လေ။ အဲလစ်က သူ့အဖေနဲ့အမေရဲ့ အနှစ်လေးဆယ်မြောက်မင်္ဂလာနှစ်ပတ်လည်အတွက် သူ့အိမ်ကိုလိုက်ခဲ့ဖို့ အက်ဒလိုင်းကို ခေါ်ပါတယ်။ အက်ဒလိုင်းကလည်း လွယ်လွယ်နဲ့လိုက်ဖို့သဘောတူလိုက်ပါတယ်။ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးလို့ ပြောနေကျအတိုင်းပဲပြောရမှာပေါ့လေ။ အနှစ် ၄၀ မြောက်မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပနေတဲ့ အဲလစ်ရဲ့ အဖေဟာ တစ်ချိန်တုန်းက ၊ လွန်ခဲ့တဲ့နှစ်လေးဆယ်စွန်းစွန်းတုန်းက၊ တစ်နည်းအားဖြင့် အက်ဒလိုင်း အသက် ၆၀ ကျော်အချိန်တုန်းက ဆုံဆည်းချစ်ကျွမ်းခဲ့ရတဲ့ ဝီလီယံဂျုန်း( Harrison Ford)ဆိုတဲ့ ကောင်လေးပါပဲ။ အက်ဒလိုင်းရဲ့ မပြောင်းမလဲနုပျိုဆဲရုပ်ရည်ဟာ အသည်းစွဲချစ်ခဲ့ရသူ ဝီလီယံကို ချက်ချင်းပဲ မှတ်မိသွားစေခဲ့ပါတယ်။ အက်ဒလိုင်းဟာ ဝီလီယံကိုလည်းသူမရဲ့ကြောက်ရွံ့ဖုံးကွယ်မှုတွေအတွက် ချန်ရစ်ထား ခဲ့ရဖူးတာပေါ့။ ဂျန်နီတစ်ဖြစ်လဲ အက်ဒလိုင်း ဘာလုပ်မလဲ။ “အန်ကယ်ဝီလီယံရဲ့ အက်ဒလိုင်းဘိုးမန်း ဆိုတာ ကျွန်မအမေပါပဲ။ အမေနဲ့ကျွန်မက ရုပ်ချင်းသိပ်တူတာ” လို့ ပြောရတော့တာပေါ့။ ဒါပေမယ့် သိပ်မကြာခင် မှာပဲ ဝီလီယံဟာ အဖြစ်မှန်ကိုသိသွားခဲ့ပါတယ်။ သက်သေကတော့ သူကိုယ်တိုင်ချုပ်ပေးခဲ့ရတဲ့ အက်ဒလိုင်း ရဲ့ လက်က အမာရွတ်လေးပေါ့။ အမာရွတ်ဆိုတာ ပျောက်မသွားဘူးမလား။

ဒီနေရာမှာရာမှာ ရပ်ပြီးတွေးမယ်ဆိုရင် အများကြီးကိုတွေးစရာရှိလာပါတယ်။ မေးစရာတွေလည်း ရှိလာ ပါတယ်။ လူအချင်းချင်း သတ္တဝါအချင်းချင်း ကူညီစောင့်ရှောက်ဖေးမတဲ့ အချစ်မျိုးကိုမဆိုလိုဘဲ ယောက်ျားနဲ့ မိန်းမကြားက တဏှာပေမ အချစ်မျိုးကို စဉ်းစားကြည့်မိပါတယ်။ ဝီလီယံဟာ အသက် ၆၀ ကျော်အရွယ် အက်ဒလိုင်းကိုတွေ့ဆုံချစ်ကြိုက်ခဲ့တယ်။ သို့ပေမယ့် အက်ဒလိုင်းဟာ သူမရဲ့နုပျိုတဲ့ရုပ်ရည်နဲ့မဟုတ်ဘူး အိုမင်းနေတဲ့ရုပ်ရည်ဖြစ်နေခဲ့ရင် သူတို့နှစ်ဦးကြားက အချစ်ဟာဖြစ်တည်လာနိုင်ပါ့မလား။ Yes or No အဖြေက တော့ကွဲပြားမှာပါ။ ဒါပေမယ့် လက်တွေ့ဆန်ဆန်ဖြေရရင်တော့ No ပါ။ ဝီလီယံရဲ့သားဖြစ်တဲ့ အဲလစ်ဆိုရင် အက်ဒလိုင်းနဲ့ဆုံတဲ့အချိန်မှာ သူမအသက်ဟာ ၁၀၇ နှစ်ပါ။ သူတို့နှစ်ဦးကြားမှာ ခုနကမေးခွန်းကိုပြန်မေးရင် No ဆိုတဲ့အဖြေဟာ ပိုသေချာလာပါတယ်။ ဒါဆိုရင် အချစ်ရဲ့ဖြစ်တည်ရခြင်းအကြောင်းအရင်းထဲမှာ ရုပ်ရည်လှပမှု၊ ငယ်ရွယ်နုပျိုမှုဆိုတဲ့အချက်ကို ထည့်ကိုစဉ်းစားရတော့မှာဖြစ်ပါတယ်။ ရင်းနှီးစွဲလမ်းမှုဆိုတဲ့ကိစ္စကိုတော့ အထူးတလည်ပြောနေစရာမလိုတော့ပါဘူး။ အချစ်ရဲ့အခြေခံအကြောင်းအရင်းလို့ကိုဆိုရမှာပါ။ ဆန့်ကျင်ဘက် လိင်နှစ်ခုကြားကအချစ်ဟာ စိတ်လှုပ်ရှားမှု၊ မွတ်သိပ်မှုကနေ လာခဲ့ရတာပါပဲ။ အနေကြာလာရင်းကသာ ခင်မင် ဖေးမမှု သံယောဇဉ်တရားဘက်ဆီကို ကူးသန်းသွားခဲ့ပုံပေါ်ပါတယ်။ နောက်ထပ်မေးခွန်းတစ်ခု ထပ်တွေးမိပါ သေးတယ်။ အသက် ၆၀ အက်ဒလိုင်းနဲ့ အသက် ၂၀ ကျော် ဝီလီယံအနေအထားကို အသက် ၂၀ ကျော် အက်ဒလိုင်းနဲ့ အသက် ၆၀ ဝီလီယံ အခြေအနေအဖြစ်ပြောင်းစဉ်းစားကြည့်ရအောင်ပါ။ ပြီးရင် ခုနက မေးခွန်းကို ပြန်မေးကြည့်မယ်ဆိုရင် Yes နဲ့ No အချိုးက No ဘက်ကိုတဖက်စောင်းနင်းဖြစ်ရာကနေ ကွာဟချက် ကျဉ်းမြောင်းသွားနိုင်ပါတယ်။ ယောက်ျားတစ်ယောက်အတွက်အသက်အရွယ်ကြီးရင့်မှုဟာ နုပျိုမှုကိုစွန့်ခွာခဲ့ရ ပေမယ့် ရင့်ကျက်မှုနဲ့အမျိုးသမီးတစ်ယောက်ကိုစွဲဆောင်ထားနိုင်ပါသေးတယ်။ လိင်ပိုင်းဆိုင်ရာလိုအပ်ချက်ကို လည်း အဲ့ဒီ့အရွယ်မိန်းမတစ်ယောက်ထက်စာရင်တော့ ဖြည့်ဆည်းနိုင်ပါသေးတယ်။ ဒါဟာ တဏှာပေမ အချစ် တစ်မျိုးထဲအတွက် ကွက်ပြီးစဉ်းစားကြည့်ခြင်းပဲဖြစ်ပါတယ်။ အရပ်သုံးစကားနဲ့လွယ်လွယ်ပြောရရင် ခပ်ငယ်ငယ် ကောင်လေးဟာ အသက်၆၀ အမျိုးသမီးကိုချစ်နိုင်ဖို့ခက်ပါတယ်။ အသက်ငယ်ငယ်ကောင်မလေးကတော့ အသက် ၆၀ လောက်အမျိုးသားကို စွဲလမ်းသွားဖို့ဖြစ်နိုင်ချေရှိနေပါတယ်။ ရင်ခုန်စိတ် လှုပ်ရှားမှုကို အခြေခံတဲ့ အချစ်အတွက် နုပျိုမှု၊ လှပသောအာရုံဟာ ယောကျာ်းတစ်ယောက်အတွက်စာရင် မိန်းမတစ်ယောက်မှာရှိနေဖို့ ပိုပြီးလိုအပ်နေတယ်လို့ ဆိုရမှာပါပဲ။

တစ်ဦးထဲအမြင်နဲ့ဆိုရရင်တော့ အများပြောနေသလို အချစ်ဟာသန့်စင်မြင့်မြတ်တဲ့အရာလို့ ကျနော့် အနေနဲ့မယုံကြည်ပါ။ သို့ပေမယ့် ညစ်ပတ်ရှုပ်ထွေးတဲ့အရာလို့လည်း မသတ်မှတ်ပါ။ အချစ်ဟာ ခန္ဓာကိုယ် နှစ်ခု ရဲ့ ဓာတုဗေဒလှုံ့ဆော်မှုသပ်သပ်မျှပါပဲ။ ရင်းနှီးထိပွင့်သွားတဲ့ မီးပွားလေးပါပဲ။ အသစ်အသစ်ကို အမြဲဆာလောင် နေတဲ့ ငြီးငွေ့လွယ်အာရုံတစ်မျိုးပါပဲ။ အချစ်ဟာ အလွန်လွယ်လွယ်ကူကူဖြစ်ထွန်းနိုင်တဲ့ အရာပါပဲ။ ဘဝ တစ်လျှောက်လုံးမှာ အချစ်ဟာ အကြိမ်များစွာပေါ်ပေါက်ခဲ့ ပေါ်ပေါက်ဆဲ ပေါ်ပေါက်ဦးမှာပဲ။ အချစ်ကို အရင်းတည်တဲ့ ဗဟိုချက်တွေ အရာဝတ္ထုတွေကတော့ အမြဲပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမယ့်အချစ်တစ်ခုထဲ ရှင်သန်လို့တော့ ရမှာမဟုတ်ပါဘူး။ အချစ်နောက်မှာ ဉာဏ်ပညာပါလာရပါတယ်။ လူ့အသိုင်းအဝိုင်းထဲနေတဲ့ အတွက် စောင့်ထိန်းသင့်တဲ့ လူမှုစည်းမျဉ်းဆိုတာရှိလာရပါတယ်။ ပြီးတော့ မတူညီတဲ့အတွေ့အကြုံတွေကို အတူတကွရင်ဆိုင်ခြင်းဆိုတဲ့ မိတ်ဆွေဆန်တဲ့ဖေးမကြင်နာမှုမျိုးကို မွေးမြူလာရပါတယ်။ အချစ်ဟာ ဖျတ်ခနဲ ပေါ်လာတဲ့ မီးစကလေးဖြစ်ပြီး သတိနဲ့ဉာဏ်ပညာကို အချိန်ကိုက်အသုံးချနိုင်ပါမှ အဲ့မီးစကလေးကနေ မီးကူး ယူနိုင်ပြီး ဘဝအမှောင်ထဲ လမ်းကိုရှာဖွေနိုင်မယ့် မီးတောက်ကလေးကိုထွန်းညှိနိုင်ပါလိမ့်မယ်။ အဲဒီ့မီးတောက် လေးကတော့ တစ်ဦးအကျိုးကိုတစ်ဦးလိုလားတဲ့ မေတ္တာတရာဖြစ်လာပါလိမ့်မယ်။ မီးတောက်လေးကြီးလာလေ အလင်းပိုများများရလေ နွေးထွေးမှုပိုများများရလေပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ မှောင်ရီတဲ့ကပွဲကြမ်းပြင်မှာ တဖွားဖွားပေါ်လာပြီး ခဏချင်းပျောက်သွားတဲ့ မီးပွားလေးတွေနဲ့အတူ ကကုန်နေရင်း မူးဝေမောပန်းလာရမှာပါ။ ဘဝဟာ တဖြည်းဖြည်းအိုမင်းလာတဲ့အခါ အိမ်မှာချိတ်ထားဖို့ မီးအိမ်လေးတစ်လုံးဟာ လိုကိုလိုလာမှာပါ။

အက်ဒလိုင်းဟာ အချစ်ကိုအကြိမ်များစွာကြုံခဲ့ရတာပဲ။ ဒါပေမယ့် မီးပွားလေးကနေ မီးတောက်တစ်ခု အဖြစ်ကူးညှိဖို့အတွက်ကျတော့ သူမရဲ့ရပ်တန့်နေတဲ့အိုမင်းမှုက ကျွန်းတစ်ခုလိုလာခံနေခဲ့ရတာပါ။ အတူအိုမင်း ကြီးပြင်းသွားဖို့ သူမတကယ်လိုချင်နေခဲ့တာပါ။ လူနှစ်ယောက်ကြားက ဆက်ဆံရေးတစ်ခုဟာ အတူတကွဖြတ် သန်းမှုကသာ အဓိပ္ပာယ်ရှိလာစေတာဖြစ်တယ်။ တစ်ယောက်ယောက်က နောက်ကျန်ရစ်ခဲ့ပြီဆိုရင် ပွိုင့်နှစ်ခု ကြားကအကွာအဝေးဟာ ကြာလေဝေးလေဆိုရင် ညှိရခက်လာပါပြီ။ အချိန်ကာလရဲ့ရပ်တန့်ခြင်း ကပြောင်းက ပြန်ဖြစ်ခြင်းကြားက ချစ်သူနှစ်ဦးဟာ အတူရပ်တည်ဖို့ဆိုတာမလွယ်လှပါဘူး။ ဒီလိုသဘောကို The Curious Case of Benjamin Button ဇာတ်ကားထဲမှာလည်း မြင်ရပါတယ်။ ကြီးပြင်းမှုရဲ့ဂရပ်မျဉ်းမှာရပ်တန့်ကျန်ရစ်ခဲ့ မယ့်သူမအဖြစ်ဟာ ဘေးကလက်တွဲဖော်ကို လက်ပြနှုတ်ဆက်ခဲ့ရဦးမှာပါ။ ဒါကြောင့်သူမဟာ အမြဲထွက်ပြေး နေခဲ့ရတာပါ။ စိတ်ပိုင်းဆိုင်ရာအရ နှစ်ပေါင်းများစွာသိခဲ့ရတဲ့လောကယန္တရားရဲ့အလှည့်အပြောင်းတွေကို ခံနိုင် ရည်ရှိခဲ့ရင်တောင် ရုပ်ပိုင်းဆိုင်ရာရပ်တန့်နေမှုဟာ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်မှုကိုဖျက်စီးပစ်ဦးမှာပါ။ လူတွေ နဲ့ဝေးဝေးမှာ ချစ်သူနှစ်ယောက်ထဲအတူတူနေရအောင်ဆိုတာကလည်း စိတ်ကူးယဉ်ဆန်လွန်းတဲ့ဖြေရှင်းချက် သပ်သပ်မျှပါပဲ။ အဲ့လိုနေနိုင်သည့်တိုင်အောင် တဖြည်းဖြည်းအိုမင်းလာတဲ့လက်တွဲဖော် နဲ့ မပြောင်းမလဲကျန် နေခဲ့မယ့် သူမနဲ့ကြားက အက်ကြောင်းတွေကိုဖာထေးဖို့မလွယ်လှပါဘူး။ ကိုယ့်လက်တွဲဖော်သေဆုံးသွားမယ့် အချိန်ကိုစောင့်ကြည့်နေရင်း မိမိမှာအပြစ်ရှိသလိုခံစားချက်ကိုထိန်းချုပ်ဖို့ကလည်း နာကျင်စရာပါ။ Tom Hanks ရဲ့ Green Mile ဇာတ်သိမ်းမှာလည်း သေဆုံးမှုရပ်တန့်နေတဲ့တွမ်ဟန့်တစ်ယောက် ကိုယ့်ချစ်သူတွေသေသွား တာကိုမြင်နေရတဲ့ နာကျင်မှုကို ပြသွားတာကိုလည်း သတိရမိပါတယ်။ ဒါဟာ စိတ်ကူးနဲ့မှန်းဆကြည့်လို့ရတဲ့ ဝဋ်ဒုက္ခတစ်ခုပါ။

အက်ဒလိုင်းရဲ့ ဇာတ်သိမ်းကတော့ Happy Ending လို့ပဲဆိုရမှာပေါ့။ အဲလစ်ဆီကထွက်ပြေးရင်း ကားအက်ဆီးဒန့်ဖြစ်၊ သူမ ပထမတစ်ခါ ဖြစ်တုန်းကလိုပဲ နှင်းတွေကျလာ၊ အေးစက်သေဆုံးလုဆဲဆဲမှာ လျှပ်စစ် နဲ့ ရိုက်ပြီး နှလုံးခုန်စေခဲ့၊ အက်ဒလိုင်း ပြန်လည်ရှင်သန်ခဲ့ပါပြီ။ ဒီတစ်ခါတော့ ရပ်တန့်နေတဲ့ အိုမင်းမှုကိုပါ လှုပ်နှိုးလိုက်နိုင်ပါပြီ။ ဆံပင်ဖြူလေးတစ်ပင်ထွက်လာတဲ့အခါ မျက်ရည်လည်ဝမ်းသာသွားရတဲ့ အက်ဒလိုင်းရဲ့ခံစားမှုကို ကျနော်တို့နားလည်နိုင်လောက်မယ်ထင်ပါတယ်။ သာမန်လူဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှု ဆိုတာ ဒါပဲဖြစ်ပါလိမ့်မယ်။ အက်ဒလိုင်းရဲ့ သမီးငယ် ဖလင်းမင်း ( Ellen Burstyn) ကတော့ အဖွားကြီးအိုဖြစ်နေပြီပေါ့။ သူမရဲ့နုနယ်လှပ နေသေးတဲ့ အသက်တစ်ရာကျော်အမေနဲ့ သူမ မြေးအရွယ်လောက်ရှိမယ့် အဲလစ်တို့စုံတွဲကိုကြည့်ပြီး ပျော်နေပုံ ပါပဲ။
ဘာပဲဖြစ်ဖြစ် ဒီကားမှာရိုးရိုးလေးတွေးရင်တောင် မြင်ရတဲ့အချက်ကတော့ မအိုမမင်းဘဲအကြာကြီးနေရ တာတကယ်ရော ကောင်းရဲ့လားဆိုတဲ့အချက်ပါ။ လူတွေအားလုံးဒီလိုပဲဆိုရင်တော့ ကောင်းပါတယ်။ ပျော်ပျော် ကြီးပေါ့။ အဲလိုမဟုတ်ဘဲ ကိုယ်တစ်ယောက်ထဲထူးပြီး ဆက်လက်ပျိုမြစ်နေမယ်ဆိုရင် သင်ဟာ ကံကောင်းသူ လား ၊ ကံဆိုးသူလားဆိုတာ ဝေခွဲမရဖြစ်သွားနိုင်ပါတယ်။ The age of adaline ဟာ ဇာတ်လမ်းတစ်ခုလုံးအရ ကျေနပ်ဖွယ်ဖြစ်ပေမယ့် ဇာတ်သိမ်းကို ဒီ့ထက်ပိုပြီးစွဲဆောင်မှုရှိရှိသိမ်းလိုက်နိုင်ရင် ပိုသပ်ရပ်သွားမှာပါ။ ဇာတ် သိမ်းပိုင်းက နည်းနည်းမြန်ပြီးဖွယ်တယ်တယ်ဖြစ်သွားတယ်လို့တော့ ခံစားရတာအမှန်ပါပဲ။ ဒါပေမယ့် ဒါကတော့ တစ်ယောက်ချင်းအကြိုက်ပေါ့လေ။ အချစ်ဟာ ရင်ခုန်စရာကောင်းပါတယ်။ ချစ်သူနဲ့အတူတကွ ကြီးပြင်းရခြင်း အိုမင်းရခြင်းကတော့ အလွန်ကိုကြည်နူးစရာကောင်းတဲ့ ဘဝရဲ့အနှစ်သာရပဲဖြစ်မယ်လို့ ထင်မိပါတော့တယ်။

မှူးနေဝန်း