Tuesday, December 22, 2015

မီးပွိုင့်

မီးပွိုင့်


ကျွန်တော်သည် ကားဟွန်းကို စိတ်မရှည်စွာအကြာကြီးဖိထားလိုက်
ပါသည်။ ဘေးမှာထိုင်နေသော သမီးလေး ကတော့ သူ၏ Tablet ကိုထုတ်ကာ ဂိမ်းကစားနေသည်။ ကျယ်လောင်ရှည်လျားစွာထွက်ပေါ်နေသော ကားဟွန်းသံကို ကြားမိပုံမပေါ်ပါ။ ကျွန်တော်ပင် ကိုယ့်အသံနှင့်ကိုယ်နားအူလာသဖြင့် ဟွန်းကိုဖိထားသောလက်ကိုပြန်ကြွလိုက်ရသည်။ ကျွန်တော့်ရှေ့မှာ ပိတ်နေသောကားတန်းကြီးကို ဟွန်းသံနှင့်တွန်းထုတ်၍မရမှန်း ကျွန်တော်သိပြီးသားဖြစ်ပါသည်။

ဤမီးပွိုင့်သည် ယာဉ်ပိတ်ဆို့မှုမကြာခဏဖြစ်လေ့ရှိသော နေရာတစ်ခုဖြစ်ပါသည်။ မြို့တော်၏ဗဟိုချက်ပိုင်းတွင် တည်ရှိနေသည့်အပြင် လမ်းတည်ဆောက်ပုံများမှာလည်း လမ်းသွယ်များလမ်းခွဲများဖြင့် အလွန်ရှုပ်ထွေးလှသည်။ အရင် က သည်နေရာကိုဖြတ်သန်းသွားလာဖူးခဲ့သော်လည်း သည်နေ့ကျမှ ပိုမိုရှုပ်ထွေးပိတ်ဆို့နေသလားဟုပင် ထင်မိသည်။ သမီးလေးကတော့ ကားတွေဘယ်လိုပဲပိတ်ဆို့ပိတ်ဆို့ ဘယ်လောက်ပဲအချိန်ကြာကြာ သိပ်ဂရုစိုက်နေဟန်မရှိဘဲ သူ့ဂိမ်းကို သာ သည်းသည်းမည်းမည်းဆော့နေသည်။ သမီးလေးဆော့နေသောဂိမ်းမှာ ကားမောင်းသည့်ဂိမ်းဖြစ်ပါသည်။ ကျယ်ပြန့် ခမ်းနားသောလမ်းမကြီးပေါ်မှာ သမီးလေး၏ကားသည် အခြားကားများကိုကျော်တက်ပြေးလွှားနေပါသည်။ တခါတလေ အနောက်မှကပ်ပါလာပြီး ဟန့်တားရန်ကြိုးစားသော ရဲကားများကိုလည်း သေနတ်နှင့်ပစ်၍ဖြစ်စေ ကားဘော်ဒီချင်းယှဉ်ကာ လမ်းဘေးသို့တိုက်ချ၍ဖြစ်စေ ကျန်ရစ်နေခဲ့အောင်လုပ်ရပါသေးသည်။ သမီးလေးသည် အချိုးအကွေ့များကိုအလျင်အမြန် ကွေ့ရခြင်း၊ ကျော်တက်ရခြင်း၊ အတားအဆီးများကိုရှောင်တိမ်းရခြင်း၊ ရဲကားများကိုတိုက်ခိုက်ရခြင်း စသောအမှုများကို စိတ်ဇောထက်သန်စွာပြုလျက်ရှိပါသည်။

သိပ်မကြာမီမှာပင် သမီးလေး၏ကားသည် လမ်းဘေးအဆောက်အဦတစ်ခုကိုဝင်တိုက်မိကာ မီးများလောင်ကျွမ်း သွားပါတော့သည်။ “ဟာ . . ဂိမ်းခါနီးမှကွာ”ဟု သမီးလေးကမချင့်မရဲရေရွတ်ပါသည်။ ကျွန်တော်က တစ်ခုခုပြောရန်ပြင်ဆဲ မှာပင် ကျွန်တော့်နောက်က ကားများ၏ စူးစူးရှရှဟွန်းတီးသံများကိုကြားလိုက်ရပါသည်။ ဟုတ်​ပေ၏။ ကျွန်တော့်ရှေ့က ကားတန်းကြီးက တရွေ့ရွေ့ထွက်ခွာစပြုနေပါပြီ။ ကျွန်တော်သတိမထားမိလိုက်ခြင်းဖြစ်သည်။ ကားကိုရှေ့ကားနှင့် အမီ ကပ်လိုက်နိုင်ရန်မောင်းထွက်လိုက်သည်။

ကားတန်းကြီးမှာရွေ့လျားနေသည်ဆိုသော်လည်း စက်ဘီးနင်းနေသလောက်မျှသာရှိပါသည်။ ကားစီးကြောင်းထဲ အလိုက်သင့်မောင်းနေရင်း ၀ဲယာမှအဆောက်အဦများ မြင်ကွင်းများကိုငေးနေမိပါသည်။ လူသွားလမ်းပေါ်မှာလည်း လူတွေ အပြည့်အနှက်လှုပ်ရှားနေကြမြဲဖြစ်ပါသည်။ အဆောက်အဦများ၏ မှန်တံခါးများအတွင်းမှာလည်း တရွရွလှုပ်ရှားနေသော လူများကိုတွေ့နေရပါသည်။ တခါတလေမှာလည်း ပြူတင်းပေါက်များမှတဆင့် ငေးမောတွေဝေနေသောမျက်လုံးအစုံနှင့် အထီးကျန်နေသူများ၏ မလှုပ်မယှက်ပုံရိပ်များကိုလည်း တွေ့ရတတ်ပါသည်။ သမီးလေးကတော့ ဂိမ်းကစားခြင်းကိုနားပြီး လိမ္မော်သီးအမွှာလေးများကို စားနေသည်။
ထိုအချိန်မှာပင်ဖုန်းကမြည်လာပါသည်။ ကျွန်တော်၏ဇနီးသည်ဆီမှ ဖြစ်ပါသည်။

“ဟဲလို ..”
“ဟဲလို အေး မိန်းမရေ။ ကိုနဲ့သမီးလေး ကားပိတ်နေလို့ဟေ့”
“သြော ဟုတ်လား။ ကြာလိုက်တာ ။ အခုရော”
“အခုတော့ပြန်မောင်းလို့ရနေပြီ ။ တရွေ့ရွေ့ပါပဲ”
“မေမေ သမီးရဲ့ဂါးဂါးကို အစာကျွေးပြီးပြီလား ။ သမီးကတော့အခုလိမ္မော်သီးစားနေတယ်။ ချိုတယ်”
ကျွန်တော်တို့စကားပြောနေစဉ်သမီးလေးက ဘေးမှဝင်အော်ပါသည်။ ဂါးဂါးဆိုသည်မှာ သမီးလေး၏အချစ်တော် ကစားဖော်ကြောင်ကြီးဖြစ်ပါသည်။
“ဟေ . . အေး သမီးလေး။ ခုနကတင်ကျွေးထားပါတယ်ရှင်”
ဇနီးသည်က ရယ်ရယ်မောမောပြန်ဖြေပါသည်။
“အေး မိန်းမရေ ဖြေးဖြေးမောင်းနေရတယ်ကွာ။ မရောက်သေးပါဘူး။ ရောက်ရင်ဖုန်းဆက်လိုက်မယ်လေ”
ကျွန်တော်ကဖြတ်ပြောသည်။ ကားကိုလည်းထိန်းမောင်းရင်း အရှေ့ကိုကြည့်လိုက်တော့ ကျွန်တော်တို့ကားက မီးပွိုင့်ကိုလွန်မြောက်တော့မည်ဖြစ်သည်။
“အင်းအင်း။ ရောက်ရင်ဖုန်းဆက်လိုက်ဦးနော်။ ပြီးတော့ . . .”

ဇနီးသည်၏ စကားတစ်ဝက်မှာပင် ကျယ်လောင်စူးရှသော ခရာမှုတ်သံကိုကြားလိုက်ရပြီး မီးပွိုင့်သည် အစိမ်းမှ အနီသို့တစ်ဖန်ပြန်ပြောင်းသွားပါတော့သည်။
“ဟာ ပြန်နီသွားပြန်ပြီမိန်းမရေ။ မီးပွိုင့်လွတ်ခါနီးမှကွာ”
ကျွန်တော်က မချင့်မရဲပြောလိုက်ပါသည်။
“အင်းအင်း ။ စိတ်ရှည်ရှည်နဲ့စောင့်ပါရှင်။ ရောက်မှသာဖုန်းဆက်လိုက်တော့နော်

ဇနီးသည်က ထိုသို့ပြောပြီး ဖုန်းကိုပြန်ချသွားသည်။ ယခုအချိန်မှာတော့ ကျွန်တော်တို့၏ကားလေးအတွင်း ပြန်လည်တိတ်ဆိတ်ခြောက်ကပ်သွားပါပြီ။ မကျေမချမ်းစိတ်ဖြင့် ဘာလုပ်ရမှန်းမသိဘဲကျွန်တော်ကျန်ခဲ့သည်။ ဘေးမှ ကားသမားများကို စောင်းငဲ့ကြည့်မိတော့ သူတို့လည်းအတော်စိတ်ပျက်နေပုံရပါသည်။ နီရဲနေသောမီးပွိုင့်မျက်နှာပြင်အ၀ိုင်း လေးကိုသာ ကျွန်တော်ဘုကြည့်ကြည့်နေမိသည်။ ဤမီးနီသည် ရဲရဲတောက်လွန်းလှသည်။ လျှပ်စစ်မီးသီးနီသည်နှင့်မတူဘဲ သံကိုရဲရဲနီအောင်မီးဖုတ်ထားသည့်အရောင်မျိုးပင်ဟု ပေါက်ပေါက်ရှာရှာတွေးမိသည်။ မီးနီကိုကြည့်ရသည်မှာ ၀င်ခွင့်မပေး နိုင်ဘူးဟု စိတ်ဆိုးမာန်ဆိုးပြောနေသည့် ဂိတ်စောင့်ကြီး၏မျက်နှာကိုကြည့်နေရသလို အားငယ်ချင်စရာ စိတ်ညစ်စရာ ကောင်းလှပါသည်။

မီးနီကိုစိုက်ကြည့်နေမိသဖြင့် ကျွန်တော့်မျက်လုံးများေ၀၀ါးလာပြီး ညောင်းညာလာသည်။ စိတ်ကိုလျှော့ကာ ထိုင်ခုံ ကိုနောက်သို့လှန်ချပြီး ပြေလျော့လျော့အနေအထားမျိုးဖြင့်မှီလှဲနေလိုက်သည်။ ကားခေါင်မိုးကိုပြူးကြောင်ကြောင် ကြည့်နေမိရာမှ မျက်လုံးကိုခပ်ဖွဖွပိတ်ထားလိုက်သည်။ စောင့်ဆိုင်းရုံအပြင် အခြားနည်းလည်းမရှိပါချေ။

“ဟာ သွားပြန်ပြီကွာ”
သမီးလေး၏ ကျယ်ကျယ်လောင်လောင်အော်ဟစ်သံကြောင့် ကျွန်တော်ဆတ်ခနဲဖြစ်သွားသည်။ အိုး . .။ ကျွန်တော်မှေးခနဲအိပ်ပျော်သွားခဲ့သည်ပဲ။ နာရီကိုကြည့်လိုက်တော့ ၁နာရီကျော်ကျော်လောက်ကိုအိပ်ပျော်သွားခဲ့ခြင်းပင်။ မီးပွိုင့်မှာမူ ထိတ်လန့်အံသြဖွယ်ကောင်းစွာပင် နီမြဲနီလျှက်။ အိပ်ပျော်သွားသည့်အချိန်အတွင်းမှာများ မီးစိမ်းသွားတာ မသိလိုက်လို့လားဟု ဘေးဘီဝဲယာကိုကြည့်လိုက်တော့လည်း ကားတန်းကြီးမှာခုနကပုံစံအတိုင်း အနေအထားမပျက် ရပ်တန့်လျှက်။ ကျွန်တော် အတော်အံ့သြသွားရသည်။အမှန်ဆို မီးပွိုင့်နှင့်ကျွန်တော့အကြားတွင်ရှေ့မှခံနေသည်မှာ ကား ၂ စီးမျှသာဖြစ်သည်။ နောက်တစ်ခါစိမ်းလိုက်ရုံမျှဖြင့်ကျွန်တော်တို့မီးပွိုင့်မှ သေချာပေါက်လွန်မြောက်လာမည်ဖြစ်သည်။ ယခု လို ၁နာရီကျော်ကြာအောင်ဆက်တိုက်နီထားသောမီးပွိုင့်ကို တစ်ခါမှမမြင်ဖူးပါ။ တခြားနေရာများတွင်လည်းရှိမည်မထင်ပါ။ စည်းကမ်းဖောက်ဖျက်ပြီးမီးနီဖြတ်မောင်းရင်ရောမရနိုင်ဘူးလားဟုတောင် တွေးမိသည်။ ထိုအတွေးကို ချက်ချင်းပင် ပြန်လည်စွန့်လွှတ်လိုက်ရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကန့်လန့်ဖြတ်ယာဉ်ကြောမှကားတန်းကြီးသည် ကျွန်တော်တို့ ကားများရှေ့မှ အဆက်မပြတ်ဖြတ်သန်းရွေ့လျားနေသောကြောင့်ပင်ဖြစ်သည်။ လုံးဝမရပ်မနား။

“ဖေကြီး။ နိုးသွားတာလား။ သမီးလည်းစောင့်ရတာကြာလွန်းလို့ အပျင်းပြေဂိမ်းပြန်ဆော့နေတာ။ ဖေကြီးကလည်း အိပ်နေတော့စကားပြောလို့လည်းမရ။ ဂိမ်းကလည်းအောင်ခါနီးလေးကျမှ ၀င်ဝင်တိုက်မိနေတာ ။ အဲ့နေရာမှာပဲ ခဏခဏ။ အော်လိုက်မိတာ ဆောရီးနော်။”
သမီးလေးက ကျွန်တော့်ကိုပြောနေပါသည်။ “ရပါတယ် သမီးရယ်” ဟု ကျွန်တော်က ပြောပြီး ပတ်ဝန်းကျင် အခြေအနေကိုကြည့်ရန်ကားအောက်ဆင်းဖို့ဆုံးဖြတ်လိုက်သည်။ သို့သော် . . ။ ကားတံခါးကိုဖွင့်မရပါချေ။ လော့ခ် ချ ထားသလားသေချာပြန်ကြည့်သည်။ ဖွင့်မရ။ တုတ်တုတ်မျှမလှုပ်။ ကျွန်တော့်ဘေးကတံခါးပဲတစ်ခုခုဖြစ်လို့များလားဆိုပြီး ကျန်သောတံခါးပေါက်များကိုဖွင့်သည်။ မရ။ လုံးဝမရ။ ကျွန်တော်သွေးရူးသွေးတန်းကြိုးစားနေရင်း နဘေးကားများထဲရှိ လူများဆီမှအကြည့်များကို သတိထားမိလိုက်ပါသည်။ သူတို့သည် ကျွန်တော့်ကိုကြည့်နေခြင်း ဖြစ်ပါသည်။ သူတို့အကြည့်ကို ကျွန်တော်သဘောပေါက်ပါသည်။ “ကားတံခါးတွေဖွင့်လို့မရတော့တာ အခုမှသိရသလား အရူးရဲ့။ ဖွင့်လို့ရမှဖြင့် အခုအချိန်ဆို ငါတို့အားလုံးကားထဲမှာဘာလို့ထိုင်နေပါ့မလဲ” ဆိုသည့်အဓိပ္ပာယ်ပင်ဖြစ်ပါသည်။

ကျွန်တော်ဇောချွေးများပြန်လာပါသည်။ ဘာတွေဖြစ်ကုန်တာလဲ။ နားမလည်နိုင်တော့ပါ။ ၁နာရီကျော် တောက်လျှောက်သွားနေသော ယာဉ်တန်းကြီးကိုလည်းအံ့သြနေသည်။ ဒီလောက်များတဲ့ကားတွေဖြတ်သန်းလို့ မကုန်တော့ဘူးလား။ သူတို့တွေက ဘယ်ကနေဘယ်ကိုသွားနေတဲ့ခရီးသွားတွေလဲ။ ဘယ်လိုခရီးသွားတွေလဲ။ မေးခွန်းတွေတ၀ီဝီဖြစ်နေသည်။ ရုတ်တရက်သတိရသွားပြီး ဖုန်းကိုကောက်ကိုင်လိုက်ပါသည်။ “ No Service ဖြစ်နေတယ် ဖေကြီး” ဟု သမီးလေးကဖြတ်ပြောသည်။ ကျွန်တော်ကြည့်လိုက်တော့လည်းဟုတ်နေသည်။ မည်သို့မျှခေါ်မရ။ ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲ သမီးလေး၏ဦးခေါင်းလေးကိုသာ ခပ်ဖွဖွပွတ်သပ်ပေးနေပါတော့သည်။

ကျွန်တော်တို့အဖြစ်အပျက်ကို အကျဉ်းချုံ့ပြောရလျှင် ထိုနေ့ညအထိမီးပွိုင့်ဆက်နီနေပါသည်။ အစပိုင်းကာလ များတွင် ကျွန်တော့်စိတ်များမှာ ဂယောက်ဂယက်ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှအနည်ထိုင်လာခဲ့သည်။ အနည်မထိုင်လို့လည်းမရ။ နောက်တစ်နေ့အထိ ကျွန်တော်တို့မီးနီမိနေဆဲဖြစ်ပါသည်။ ကျွန်တော်တို့၏ အိမ်များနှင့်လည်း အဆက်အသွယ်မရခဲ့ပါ။ ရှေ့မှဖြတ်စီးနေသောကားတန်းကြီးမှာလည်း မကုန်ဆုံးသေးပါ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးပြီး တစ်လပြီးတစ်လကျော်ဖြတ်လာခဲ့သည်။ ရာသီတွေပြောင်းလဲသွားကြသည်။ ကျွန်တော်တို့ကားမှန်ရှေ့တွင် ဆီးနှင်းဖတ် များ ကျရောက်လာသောကြောင့် ရေသုတ်တံနှင့်ရှင်းခဲ့ရသည့်ကာလများရှိလာသလို ကျွန်တော်တို့ကားစက်ဖုံးပေါ်သို့ မျက်စိလည်လမ်းမှားလာသော ဥသြငှက်ကလေးများ လာနားသည်ကိုလည်း မြင်ဖူးခဲ့ပါပြီ။ ကျွန်တော်တို့သည် ယခုအခြေ အနေတွင် နေသားကျလာပြီဖြစ်သလို ကားနီးနားချင်းများနှင့်လည်းအသိအကျွမ်းဖြစ်လာခဲ့ပါပြီ။ ကားတံခါးများဖွင့်လို့မရ သော်လည်း ကားမှန်များချ၍ ပြောဆိုဆက်သွယ်လို့တော့ရသဖြင့် ကံကောင်းသည်ဟုသာ မှတ်ယူရပါတော့မည်။

ကျွန်တော်၏ညာဘက်ကကားမှာ ထီလက်မှတ်ရောင်းသည့်ကားဖြစ်ပါသည်။ သူ၏ ထီလက်မှတ်များကတော့ ပုပ်သိုးကုန်ပြီပေါ့။ သူတို့ဆီမှာသီချင်းခွေအတော်များများပါသဖြင့် ကျွန်တော်တို့အပျင်းပြေနားထောင်နိုင်ပါသည်။ ဘယ်ဘက်မှာရှိသည့်ကားကတော့ ကျောင်းဖယ်ရီကားလေးတစ်စင်းဖြစ်ပါသည်။ သူတို့ကားမှာ လိုက်ထရပ်ကားလေး ဖြစ်ပါသည်။ နောက်ခန်းကတော့ တံခါးမရှိသဖြင့် မီးပွိုင့်မိပြီးနောက်တစ်ရက်မှာပင် လိုက်ပါစီးနင်းကြသော ကျောင်းသား ကျောင်းသူလေးများမှာ ကားပေါ်မှဆင်းပြီးရောက်ရာပေါက်ရာသို့လျှောက်သွားကြပါသည်။ အချို့မှာ ကျွန်တော်တို့ရှေ့က ဖြတ်သန်းနေသောကားကြုံများဖြင့်ပါသွားပါသည်။ အချို့မှာနီးရာစတိုးဆိုင်များတွင်ဝင်ရောက်လုပ်ကိုင်ကြကာ အချို့မှာ သွားရင်းသွားရင်းနှင့် အခြားမြို့များသို့ပင်ရောက်သွားသည်ဟု သတင်းကြားရပါသည်။ ကျွန်တော်တို့ရှေ့ကကားမှာတော့ ကန့်သတ်အလေးချိန်ထက် မတန်တဆ ပိုမိုသယ်ဆောင်လာသော ကုန်ကားကြီးတစ်စင်းဖြစ်ပါသည်။ ထိုကားစီမှ အရှုံးပေါ် ပါပြီ ဆိုသည့်အသံကိုခဏခဏကြားရပါသည်။ ကျွန်တော့်အနောက်ရှိကားကတော့ ရုပ်ရှင်လက်မှတ်ရောင်းသည့်ကား ဖြစ်ပါသည်။ သူတို့ကားပေါ်ရှိ ရုပ်ရှင်ကားပိုစတာကို ယခုအချိန်ထိပြောင်းလဲနိုင်ခြင်းမရှိသေးပါချေ။

ကျွန်တော်သည် မီးပွိုင့်မိနေသည့်ကာလအတွင်း ချောင်းဆိုးသွေးပါ ၂ခါ၊ အိပ်မက်ဆိုးမက်ခြင်း ၆ခါ နှင့် ၃ခါတိတိ ရှိုက်ကြီးတငင်ငိုကြွေးဖူးပါသည်။ ကျွန်တော်၏ သမီးငယ်လေးသည်လည်း အရွယ်ရောက်လာကာ လှသွေးကြွယ်လျှက်ရှိပါ ပြီ။ ကားနီးနားချင်းများထဲတွင် သူ့အလှဂုဏ်သည်ကြော်ကြားပါသည်။ သမီးလှအတွက် အဖေတစ်ယောက်အနေနှင့်ဂုဏ်ယူ ရသကဲ့သို့ စိုးရိမ်ပူပန်ရသည်များလည်းရှိပါသည်။ ယခုမူသမီးသည် ပိတ်မိနေသောကားများထဲ၌ရှေ့ဆုံးတန်းမှာရောက်နေ သော မာစီဒီးကားနက်ကလေးအတွင်းမှ ကောင်လေးတစ်ယောက်နှင့်မေတ္တာမျှနေကြပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ထက်ပိုမိုအခွင့်အလမ်းကောင်းသောအနေအထားမှာရှိသဖြင့် သူတို့ကိစ္စကိုတားဖြစ်ရန် အကြောင်းမရှိပါချေ။

တစ်နေ့မှာမူ ကျွန်တော်သည် သမီးလေး၏ Tabletကိုယူ၍ သူဆော့နေကျ ကားမောင်းသည့် ဂိမ်းကိုဆော့မိနေ၏။ ကားမမောင်းရသည်မှာကြာ၍ ဂိမ်းထဲကကားကိုမောင်းရသည်မှာပင် ကျွန်တော့အတွက်အလွန်အရသာရှိလှပါပြီ။ သမီးလေးကတော့ ကားနောက်ခုံမှာလဲလျောင်းနေပါသည်။ ထိုအချိန်မှာပင် ၀ီစီမှုတ်သံတစ်ခုကိုထူးဆန်းဖွယ်ကြားလိုက် ရပါသည်။ “ဘုရားရေ . . ” ဟုပင် ကျွန်တော်ယောင်ယမ်းရွတ်ဆိုလိုက်မိသည်။ မီးစိမ်းသွားပါပြီ။ ဖြတ်သန်းနေသော ယာဉ်တန်းကြီးရပ်တန့်သွားပါပြီ။ ကားများအားလုံး မင်သက်အံ့သြနေကြမှန်းသိသာလှပါသည်။ ၀ီစီသံနောက်တစ်ခု ထပ်ထွက်လာသည်။ ကားတွေမြန်မြန်ထွက်ကြဖို့နှိုးဆော်နေခြင်းဖြစ်ပေ၏ ။ ကျွန်တော်တို့ဘေးက ကားများလည်း စက်နှိုးသံတညံညံထွက်လာကြသည်။ အချို့ကားများဆိုတော်တော်နှင့်နှိုးမရ။ ကျွန်တော်လည်း ကားစက်နှိုးဖို့ပြင်လိုက် ပါသည်။

ထိုအချိန်မှာပင် သမီးလေးက သူမောင်းမည်ဟုပြောလာပါသည်။
“သမီးမောင်းတတ်လို့လား”
“အော်တိုဂီယာမို့လား။ သမီးမောင်းပါရစေဖေကြီး။ သိပ်မခက်လောက်ပါဘူး။ ဖေကြီးလည်း ဒီဂိမ်းကို အရင်က ဆော့ဖူးတာမှမဟုတ်တာ”
သမီးလေးက ကျွန်တော့်ကိုထိုသို့ပြန်ပြောပြီး ကားစက်ကိုနှိုးလိုက်ပါသည်။ တစ်ချက်တည်းနှင့်နိုးသွားသည်။ ကျွန်တော်လည်းဘာမှမပြောတော့ဘဲ ဂိမ်းကိုသာ ဆက်ကစားနေလိုက်သည်။ “ သမီးဂိမ်းခါနီးတိုင်းဝင်တိုက်နေကျ နေရာ ရှိတယ်။ ဖေကြီးအဲ့နေရာကို အောင်အောင်ဆော့ပေးနော်” ဟု သမီးလေးက ပြုံးရွှင်စွာ ပြောလာသည်။ ကျွန်တော်တို့ ကားလေးသည် မီးပွိုင့်ကိုတကယ်လွန်မြောက်လာခဲ့ပါပြီ။ မယုံနိုင်လောက်ဖွယ် အခြေအနေကို ကျွန်တော်သည်အံ့သြ နေခြင်းမပြုတော့ဘဲ ဂိမ်းကိုသာငုံ့၍ ကစားနေမိပါတော့သည်။ ဂိမ်းထဲမှ ကျွန်တော့်ကားလေးသည် လျှင်မြန်စွာပြေးလွှားနေသလို ကျွန်တော်တို့စီးနင်းလာသောကားလေးမှာလည်း ခပ်မှန်မှန်သွားနေပါသည်။

“ဂိမ်းထဲမှာရော မီးပွိုင့်မိတတ်သလား” ဟု ကျွန်တော်သမီးလေးကို မမေးရသေးပါ။

မှူးနေဝန်း

No comments:

Post a Comment