Tuesday, December 22, 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၄

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၄


သဲသောင်ကို ခြေနှင့်ခတ်ကျောက်၏။
-သည်ဟာ ပင်လယ်လော . .
-မဟုတ်ပါ အရှင်။

လှိုင်းခေါင်းဖြူကို လှော်တက်နှင့်ရိုက်ခွဲ၏
-သည်ဟာ ပင်လယ်လော . .
-မဟုတ်ပါအရှင်။

စင်ရော်ငယ်ကို လေးနှင့်ပစ်ခွင်းပြန်၏
-သည်ဟာ ပင်လယ်လော . .
-မဟုတ်ပါ အရှင်။

မုန်တိုင်းတိမ်ညိုကို မန္တာန်စုပ်၍ ရှဲခွာစေပြန်၏
-သည်ဟာ ပင်လယ်လော . .
-မဟုတ်ပါ အရှင်။

-အသို့ဆိုလျှင် ပင်လယ်ဟူသည် အဘယ်နည်း
ပင်လယ်ကိုရှာမရပါတကား
ပင်လယ်သည်မရှိပါတကား

ထိုအခါ
ဆည်းဆာ၏ညိုမောင်းသောအရောင်ဖြင့်တင့်တယ်နေသောပင်လယ်သည်
မျက်လွှာကို ဖြည်းညှင်းစွာပင့်တင်လိုက်သည်။

-နစ်မြုပ်ရာအရပ်သည် ပင်လယ်မည်၏
ရင်ကိုဝင့်၍မော်ကြွားချိန် နောက်ကျော၌ပျော့ဖတ်ဝေ့ဝဲကျသောအရိပ်သည်
ပင်လယ်ရေစို၍ ညိုခဲ့ပြီမဟုတ်လော
နန်းတော်လှေကားထစ်များသည် သင့်ဖဝါးကို နူးမြည့်ပွယောင်းစေပြီ
လျှောင်းရာမှထသောအခါ အိပ်မက်၏ရေမှော်ပင်များကြား
အသင်ရုန်းထနိုင်ပါရဲ့လား
သင်ခုတ်ပိုင်းခဲ့သော ရန်သူ၏လည်မြိုသည်
ဒီရေတက်ချိန်ရောက်လျှင် သင့်ဝေါယာဉ်၏ကြမ်းပြင်ကို ထိလတ္တံ့
တပ်မက်ခြင်းအပြည့်ဖြင့်ပြုသော သင်၏အနမ်းတို့မှာလည်း
ရေပူဖောင်းသို့ပလုံစီကာ တဖျစ်ဖျစ်ပေါက်ကွဲကုန်ပြီမဟုတ်ပါလော။

ပင်လယ်၏ ပြန်လည်တိတ်ဆိတ်ခြင်းသည်
အပြန်လမ်းဘက်သို့ ဦးကိုလှည့်စေပြီ
ရွာသောမိုးအောက်တွင် ခြေရာတို့ပျောက်ခဲ့၏
မိလိန္ဒသည် ပင်လယ်ဆီမှ ပင်လယ်ဆီသို့ ပြန်ခဲ့သည်။


မှူးနေဝန်း

No comments:

Post a Comment