Sunday, June 14, 2015

ပြော


ပြော


ဘာပြောမလဲ ..ပြော။ ချောင်းတစ်ချက်ဟန့်ပြီးမှ နက်ကတိုင်ကို အနေအထားပြင်ရင်းပြော။
ဖန်ခွက်ထဲကရေကိုနှုတ်ခမ်းစိုရုံ သောက်ပြီး ပြော။
“ဒီလိုရှိတယ်ကွ” ခဏရပ် ၊ စီးကရက်ကို အားရပါးရဖွာ မီးခိုးတွေ မှုတ်ထုတ်ရင်းပြော။
တံတွေးကို ဂလုခနဲ မြိုချ ပြီးမှပြော။ လက်ဆစ်တွေ တဖျောက်ဖျောက် ချိုးရင်းပြော။
အလွန်အမင်း ရွှင်လန်းတက်ကြွဟန်နဲ့ပြော။ အင်္ကျီခါးတိုကို အောက်ကိုဆန့်ဆွဲ
ခါးကိုခပ်မတ်မတ်ထား ခြေထောက်တစ်ဖက်ဒူးပေါ်ချိတ်ရင်း ပြော။
ဘောပင်တစ်ချောင်းကိုင် စားပွဲနောက်က ကုလားထိုင်မှာ ဒူးနှန့်ထိုင်
မျက်နှာချင်းဆိုင်ကလူကို မျက်လုံးတစ်ချက် လှန်ကြည့်ရင်းပြော။ ခေါင်းတဗျင်းဗျင်း ကုတ်ရင်းပြော ။ မျက်ရည်မကျအောင်ဖြစ်စေ မျက်ရည်လည်နေမှန်းသိအောင်ဖြစ်စေ မျက်ရည်
မကျ ကျ အောင်ဖြစ်စေ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းပြော ။
လေတ၀ ကြီးရှူပြီးမှ သက်ပြင်းအသံမြည်အောင်ချမျက်နှာငယ်ငယ်နဲ့ ပြော။
အိမ်း ............. ခေါင်းကို အလွန့်အလွန်ဖြည်းညှင်းစွာညိတ်ရင်း မပြောချင်သလိုလိုပုံနဲ့ ပြော။
အလွတ်ကျက် ထားသလိုပြော ။ နှုတ်ခမ်းကို ဖူးဖူးလေးစူထားရင်းပြော။
“ဂျွန်ဒေါ်ဒို့ဒဒွေဟာ” မိုက်ခရိုဖုန်းရှေ့မှာ လက်သီးဆုပ်လည်ပင်းကြောကြီးတွေ ထောင်လာအောင်ပြော ။ သူ့မျက်လုံးလေးကို မဆုံဆုံအောင် လိုက်ကြည့်ရင်းပြော ။
ကားစက်နှိုး ၊လီဗာ ၂ ချက်လောက်ပုတ် ၊ ဂီယာထိုးပြီးမှ ခေါင်းကိုဆတ်ခနဲလှည့် ကားဘေးမှရပ်နေသူကို နေကာမျက်မှန်အောက်လျှောကြည့်ရင်း ပြော။ ဆန်အိုးကို ဂလောင်ဂလောင်မြည်အောင် ဆန်ခတ်ရင်းပြော။ ရိုင်ဖယ်သေနတ်ပြောင်းကို ဖူးခနဲလေနဲ့ မှုတ်တောကောင်ပေါ် ခြေတစ်ဖက်တင်ရင်းပြော။
“ AD 547 မှာ. . . ” အချက်အလက်နဲ့တစ်ကွ မမှန်ကန်မှန်ကန်လာအောင် ပြော။
လက်ဝါးပြင်ကို မှန်ဘီလူးနဲ့ ပြူးပြဲကြည့်ရင်းပြော ။ ခေါင်းစီးဖဲကြိုးကို
အကြောင်းမဲ့ရစ်ပတ်ဆော့ကစားရင်း ခေါင်းငုံ့ရှက်ရွံ့သယောင်ပြော။
“နင်ငါ့ကို စိတ်ဆိုနေတာမဟုတ်လား” ဟု ပေါက်ကွဲအော်ဟစ်ပြော ။
“ဘာပြောလိုက်တာ” .. နားကြပ်တစ်ဖက်ကို ဆွဲချွတ်ရင်း ပြော။
ပြောကိုမပြောချင်ပါဘူးဟယ် ဟု ပြော။
တင်ပါ့ဘုရား၊ တပည့်တော်တို့လည်း ... တရားရသလိုလိုပြော။
ထပ်မစဉ်းစားတတ်တော့ဘူး ခင်ဗျားတို့ပဲဆက်ပြော ဟု ပြော ။

(InStyle - မတ်လ ၂၀၁၃ )
မှူးနေဝန်း

No comments:

Post a Comment