Sunday, June 14, 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၂


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၂


သက်ဝင်မှုရဲ့ ညွှတ်ကိုင်းရာ ဆိုကြပေမယ့်
အဓိကအချက်ဟာ
တစ်ခွန်းသော တီးတိုးစကားကို
ပင်လယ်က နားလည်နိုင်ခဲ့ခြင်းပဲ။

ဖုန်းဆိုးသင်္ချိုင်းမှ အသေကောင်တွေ ထလာပြီ
ထောင်နေသော လောကဆီးဆောပေါ်
ကျစ်လျစ်သောနှလုံးသားဟာ တက်ထိုင်ပြီ
သစ်ပင်ဟာ မိုးပေါ်ပျံချင်စိတ်နဲ့
နွံကြားမှအမြစ်တို့ကို သူကိုယ်တိုင်ဆွဲနှုတ်ပြီ
တင်းတင်းစေ့ အံကြိတ်နေပန်းပွင့်များ
မုန်တိုင်းသို့ မျက်နှာမူပြီ။

ပင်လယ်ရဲ့ နားရွက်ကိုဆွဲပြီး
အေးစက်စွာသူပြောတယ်
-ထွက်ပြေးသူမဟုတ်၊ လွတ်မြောက်သူဖြစ်တယ်
ဒါကြောင်းမင်း . . ငါ့လမ်းကိုဖယ်- တဲ့။

အချိန်တန်တဲ့အခါ
ဆီဟာရေပေါ်တက်လာမြဲ
ပင်လယ်ဟာ မိုးဇက်ကို မမြိုနိုင်ခဲ့ဘူး။


မှူးနေဝန်း
5 April 2015

No comments:

Post a Comment