Sunday, June 14, 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် (၅)


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် (၅)


မြို့လေးထဲ လူတစ်ယောက်ဝင်လာတယ်
လှိုင်းရိုက်ခံထားရတဲ့ကျာက်တုံးလို မျက်နှာနဲ့
ကြယ်ငါးကောက်သူကိုမျှော်နေတဲ့သောင်ပြင်လို အသားအရေနဲ့
မြုပ်ဝင်လုဆဲဆဲနေလုံးလို မျက်ဝန်းနဲ့။

သူ့လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး
လက်သီးဆုပ်ထဲ တစ်ခုခုရှိကြောင်း ကြေငြာပြီး
လက်ထပ်လက်စွပ်ဘူးဖွင့်သလို သူ့လက်ကိုသူဖွင့်ပြီး
အဲဒီ့နောက်
အဖြေမပါတဲ့ အဖြေလွှာကိုကြည့်သလို
သူ့လက်ဝါးကို သူကြည့်ပြီး . . .။

- ငါပင်လယ်တစ်ခုကိုဖမ်းခဲ့တယ်
ငါဖမ်းခဲ့တဲ့ပင်လယ် ဘယ်ရောက်သွားလဲ -
မရူးအောင်ထိန်းထားရတဲ့ လူတစ်ယောက်လို
သူပြောတယ်
ဆောင့်ဆွဲခံလိုက်ရတဲ့ နက်ကတိုင်တစ်ခုလို
သူအော်တယ်။

မြို့ကလေးက ယဉ်ကျေးပါတယ်
မလှောင်ပြောင်ဘူး ၊ မငြင်းဆန်ဘူး
ဘုရားကျောင်းက ခေါင်းလောင်းကြီးက သူ့ကိုလှမ်းခေါ်တယ်
မီးခိုးခေါင်းတိုင်ကြီးတစ်ခုက သူ့ကိုလက်ညှိုးထိုး ညွှန်ပြတယ်

- ဟိုးမှာ ကြည့် . . တိမ်တွေ
မင်းဖမ်းခဲ့တဲ့ ပင်လယ်မဟုတ်လား -  တဲ့။
သူပျော်သွားတယ်
ဟုတ်တယ်
စန်တီယာဂိုပျော်သွားတယ်။

မှူးနေ၀န်း
14 January 2014

No comments:

Post a Comment