Sunday, June 14, 2015

နွေးထွေးသောထမင်းကြော်


နွေးထွေးသောထမင်းကြော်


          “ဘာမှာမလဲအစ်ကို” ဟု စားပွဲထိုးကောင်လေးကမေးလာသည်။ ထုံးစံအတိုင်း ထမင်းကြော်နှင့် ဆိတ်သားကြော်တစ်ပွဲမှာလိုက်သည်။ ကိုယ်ထိုင်နေသည့်နေရာက လမ်းမဘက်နီးသောကြောင့် ယာဉ်သွား ယာဉ်လာအနည်းငယ်ဆူညံသည်။ သို့သော်မတတ်နိုင်။ တခြားဝိုင်းတွေမှာလည်းလူကအပြည့်ပင်။

          မှာထားသည့်ထမင်းကြော်ကိုစောင့်ရင်း တခြားစားပွဲဝိုင်းတွေကို ငေးကြည့်နေမိသည်။ အများစုမှာ နေ့စားအလုပ်သမားများသာဖြစ်သည်။ အချို့ဆိုလျှင်အလုပ်မှအပြန် ဆိုင်ကိုတန်းဝင်ပြီးစားကြပုံရသည်။ ဖုံများ ရွှံ့များပေကျံနေသောအ၀တ်အစားများက သက်သေခံနေသည်။ သည်လိုထမင်းကြော်ဆိုင်လေးတွေက ညပိုင်း မှသာဖွင့်ကြသည်။ ဆိုင်နေရာကလည်းအထွေအထူးလုပ်နေစရာမလို။ လမ်းဘေးပလက်ဖောင်းပေါ်မှာ ခုံပုလေး များ၊ စားပွဲဝိုင်းလေးများခင်းချထားလိုက်ရုံပင်။ ရေနွေးအိုးနှင့်အကြမ်းပန်ကန် လေး,ငါးလုံးတင်ထားမည်။ တစ်ရှူးဘူးတစ်ဘူးချထားမည်။ အချို့သောဆိုင်များမှာ ထန်းလျက်ဘူးလေးများပါချထားပေးလေ့ရှိသည်။ ဆိုင်တိုင်းလိုလို တီဗွီနှစ်လုံးလောက်တော့ထားသည်။ စနေ တနင်္ဂနွေများမှာ ဘောလုံးပွဲများပြလေ့ရှိသည်။ ကျန်ရက်များမှာတော့ စလောင်းမှရုပ်ရှင်လိုင်းများကိုဖွင့်ပေးထားတတ်သည်။

          သည်လိုဆိုင်လေးတွေမှာ ညစာကိုအထွေအထူးချက်မနေချင်တော့သော ချက်မနေနိုင်တော့သော အခြေခံ အလုပ်သမားမိသားစုများ လာစားလေ့ရှိကြသည်။ ဘောလုံးပွဲလေးကြည့်ရင်း ၊ ရုပ်ရှင်လေးကြည့်ရင်း ၊ ထမင်းကြော်လေးဝမ်းစာဖြည့်ရင်း တစ်နေ့တာလှုပ်ရှားမှုကို စတင်အနားယူကြရသည်။ ကိုယ့်လိုမျိုး ညဘက် ဆိုင်ကယ်ပတ်စီးရင်း တမင်ဝင်စားတတ်သူများ အနည်းအကျင်းတော့ပါလိမ့်မည်။ ဆိုင်အတော်များများက လက်ဖက်ရည်နှင့်တွဲဖက်ရောင်းချကြသည်။ ထိုဆိုင်မျိုးမှာတော့ ထမင်းကြော်ကို ဆိတ်ကြော်၊ကြက်ဥကြော် နှစ်မျိုးလောက်နှင့်ပဲ ရရှိစားသောက်နိုင်မည်ဖြစ်သည်။ အချို့သောထမင်းကြော်သီးသန့်ရောင်းသော ဆိုင်များ လည်းရှိသည်။ ထိုဆိုင်များတွင်တော့ ဟင်းအမျိုးစုံလင်စွာရသည်။ ဈေးနှုန်းလည်း အနည်းငယ်ပိုကြီးသည်။ ထိုဆိုင်များတွင်တော့ တက္ကသိုလ်ကျောင်းသားစုံတွဲလေးများ၊ ရုံးဝန်ထမ်းစုံတွဲများကို အတွေ့ရများသည်။ အရံဟင်း သုံးမျိုး လေးမျိုးလောက်ပါသည်။ တို့စရာနှင့် ဟင်းချိုနှင့်။ အဓိကကတော့ ညဦးယံလေးမှာ အေးအေး လူလူစားသောက်ရသော ခံစားချက်ကပိုမိုနှစ်သက်ဖွယ်ကောင်းသောကြောင့်ဖြစ်ပါလိမ့်မည်။

          ဟိုဟိုဒီဒီတွေးကောင်းနေတုန်း စားပွဲထိုးကောင်လေးက ထမင်းကြော်နှင့်ဆိတ်ကြော်လာချသည်။ အငွေ့တထောင်းထောင်းနှင့် စားချင်ဖွယ်။ တကယ်တမ်းတော့ လမ်းမသည်စိုစွတ်နေဆဲဖြစ်သည်။ ညနေကမှ မိုးရွာထားသည်။ အခုလည်းမိုးရိပ်မိုးငွေ့ကြောင့် ခပ်အေးအေးဖြစ်နေသေးသည်။ မိုးရွာချလည်းသိပ်တော့ကိစ္စ မရှိပါ။ တာလပတ်တွေမိုးထားသည်။ တော်ရုံတန်ရုံနှင့်တော့ သည်လိုဆိုင်လေးတွေကမပိတ်။ လာထိုင်သူတွေ




ကလည်း မပြန်။ နန်းရှေ့ဈေးအဆောက်အအုံကြီး၏ ခြေရင်းမှာဖွင့်သောထမင်းကြော်ဆိုင်လေးတစ်ဆိုင်ဆို
အမိုးအကာပင်မပါ။ သိုးသော်မိုးဖွဲဖွဲအောက်မှာပင် စားတဲ့သူကလည်းစား။ ဆိုင်ရှင်တွေကလည်းခပ်အေးအေး။ ဈေးတံစက်မြိတ် သွပ်မိုးပေါ်သို့ မိုးသံတတောက်တောက်ကျနေသည်ကပင် ထိုဆိုင်၏စည်းချက်ဝါးချက် တစ်ခု သဖွယ်ဖြစ်သည်။ ဆော့ချဉ်ရည်နီတာရဲကို ထမင်းကြော်ပေါ်အနည်းငယ်ဆမ်းလိုက်သည်။ ငရုပ်သီးကြော် နည်းနည်းဖြူးလိုက်သည်။ ဆိတ်သားကြော်တစ်ကိုက်။ အရသာရှိပေစွ။ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဆိုးဆေး အရောင်တင်ဆေးမပါသော၊ သဘာဝအတိုင်းဖြစ်သော၊ သန့်ရှင်းလတ်ဆတ်သော .. အစရှိသည့် ဝေါဟာရများ ကိုတော့ ကိုယ်တို့ခဏမေ့ထားရမည်ပင်။ ပိုက်ဆံ ၆၀၀တန် ၇၀၀တန်လောက်ဖြင့် ဗိုက်အ၀စားနိုင်သည့် အစားအစာတစ်ခုကိုတော့ သိပ်ပြီးဇီဇာကြောင်နေခွင့်မရှိပါ။ ခပ်စောစောက အကြမ်းပန်းကန်ထဲ ငှဲ့ထားသော ရေနွေးကြမ်းသည် ခပ်နွေးနွေးဖြစ်နေပြီ။ ချမ်းစိမ့်စိမ့်ရာသီဥတုနှင့်လိုက်ဖက်လွန်းလှသည်။

          “အလုပ်ရှင်နဲ့ကသိပ်အဆင်မပြေဘူးကွ။ မင်းတို့ဆိုက်ထဲရော သံလက်ကိုင်မလိုဘူးလား” ။ ပန်းရံသမား များဖြစ်ဟန်တူ၏။ လေးငါးယောက်လောက်ဝိုင်းဖွဲ့စားသောက်နေကြသည်။ အုတ်သယ်ကျောက်သယ် ဖြစ်ဟန် တူသည့် အမျိုးသမီးတစ်ဦးလည်းပါသည်။ ထိုအမျိုးသမီးက လေးနှစ်အရွယ်ကလေးတစ်ဦးကို ထမင်းကြော်ခွံ့ နေသည်။ ကလေးက ကောင်းကောင်းမစား။ တီဗွီကိုငေးလိုက် စားပွဲဝိုင်းများကြားလျှောက်ပြေးလိုက်နှင့်။ အ၀တ်အစားခပ်နွမ်းနွမ်းမှာ မြေကြီးပေါ်ပယ်ပယ်နယ်နယ်ဆော့ထားသဖြင့် အရောင်ပင်မထွက်တော့။ နှပ်ချေး တွဲလောင်းနှင့်ထိုကလေးသည် ချန်ပီယံလေးများ၊ ချစ်စရာ့အရွယ်ကစားကြမယ် အစရှိသော ရုပ်မြင်သံကြား အစီအစဉ်များကိုကြည့်ဖူးဟန်မတူ။ Kid Show, ကြယ်ကလေးများ၏ဂီတမိုးကောင်းကင် အစရှိသော သီချင်းဆို ပြိုင်ပွဲများထဲက ကလေးများလို တေးသံစဉ်၌လည်းမွေ့ပျော်ဟန်မရှိ။ သူကားငိုမည်။ ဂျီကျမည်။ အခုလည်း ထိုင်ခုံပုများကြားလျှောက်ပြေးရင်းချော်လဲပြီ။ ဆူဒိုနင်၊ ဒေါက်တာကျော်စိန်တို့၏စာအုပ်များကိုမဖတ်သဖြင့် ကလေးစိတ်ပညာကိုနားလည်ဟန်မရှိသောသူ့အမေသည် ကလေးကိုကြင်ကြင်နာနာထူပေးခြင်း သို့မဟုတ် ကိုယ့်အားကိုယ်ကိုးပြန်ထနိုင်ရန် နှစ်သိမ့်အားပေးခြင်းမျိုးမပြု။ ထမင်းကြော်စားနေရာမှထပြီး ကျောပြင်ကို ဗျောတင်တော့၏။ များစွာသော ၀တ္ထုဇာတ်လမ်းတွေထဲမှာ အမေက,ကလေးကိုရိုက်လျှင်၊ ဆူလျှင် သဘောကောင်းစွာ ၀င်ဖျန်ဖြေချော့မော့လေ့ရှိသူဟု ပုံဖော်ခံရသောအဖေဖြစ်သူသည် သူ့တို့သားအမိ ပြဇာတ်ကိုယောင်လို့တောင်လှည့်မကြည့်။ အလုပ်အကိုင်သစ်ရရေး ဘေးမှအဖော်နှင့်ဆွေးနွေးကောင်းတုန်း။

          “ဂိုး” ဟု ဘေးက၀ိုင်းက ထအော်သည်။ ကျောင်းသားအရွယ်များဖြစ်သည်။ လွယ်အိတ်ကိုယ်စီနှင့်။ ကျူရှင်အပြန်ဝင်ပြီးစားကြခြင်းဖြစ်မည်။ ဂိုးသွင်းထားသောအသင်းကို အားပေးသူကောင်လေးများက ရှုံးနိမ့်လျက်ရှိသောအသင်းကိုအားပေးသူကျောင်းသားလေးကို ၀ိုင်းစ,နေ ဆွနေကြသည်။ နားကပ်အမည်း လေးတွေနှင့် စတီးလ်ဆူးချွန်လေးများပါသော လက်ပတ်လေးတွေနှင့်။ ဘောလုံးပွဲစိတ်ဝင်စားဟန်မတူသော ကောင်လေးနှစ်ယောက်က ဖုန်းလေးတွေထုတ်ပြီးကလိနေသည်။ ကိုယ်တို့ဆယ်တန်းတုန်းက အတန်းထဲ ဖုန်းကိုင်သူတစ်ယောက်မျှမရှိသေး။ ဒီလောက်လည်းမပေါသေး။ ကြည့်ရတာ အပလီကေးရှင်းတွေ၊ သီချင်းတွေ၊





ပုံတွေ အချင်းချင်းမျှဝေနေပုံရသည်။ ထိုအချိန်မှာပင် ကောင်လေးတစ်ယောက်ထံဖုန်းဝင်လာသည်။ “ဂိုက်တန်းတက် ရဦးမယ်” ဟုပြန်ဖြေသံကြားလိုက်ရသည်။ “၁၀ နာရီမှပြီးမှာ” တဲ့။ ဖုန်းချသွားသည်နှင့် အချိန်သိပ်မကျန်တော့သည့်ဟန်ဖြင့် လမ်းတစ်ဖက်ရှိနက်ဂိမ်းဆိုင်ထဲသို့ အဖွဲ့လိုက်ခပ်သုတ်သုတ် ၀င်သွားကြသည်။

          လျှောက်ငေးနေသောအကြည့်ကိုရပ်ပြီး ထမင်းကြော်ကိုဆက်စားနေလိုက်သည်။ နေ့ခင်းနေ့လည် လက်ဖက်ရည်ဆိုင်ထိုင်လျှင် စကားပြောဖော်ရှိမှထိုင်ချင်သော်လည်း အခုလိုညဘက်ထမင်းကြော်ထွက်စားဖြစ် ရင်တော့ တစ်ယောက်တည်း အေးအေးလူလူထိုင်ရတာကိုပိုကြိုက်သည်။ ၀ါကျင်ကျင်ကားမီးများ၊ ခြောက်ကပ် ကပ်ဆိုင်ကယ်စက်သံများ၊ နေရောင်ဝလာသည့်မျက်ဝန်းများ၊ အငွေ့ပျံတက်တော့မည့်ဟန်ရှိသည့်လူများ စသဖြင့် ငေးစရာတွေးစရာတွေအများကြီးရှိနေသည်။ ကိုယ့်အနေဖြင့်တော့ သူတို့ကိုစိတ်ဝင်စားသည်။ တစ်ခါတစ်လေ သူတို့ကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုပြန်မြင်ရသည်။ တကယ်တမ်းတော့ လူတွေသည် တစ်ယောက်နှင့် တစ်ယောက်သိပ်ကွာခြားလှသည်မဟုတ်။ လောက၏ပုံသွင်းပေးမှုအတိုင်း ဆူ၊ကြုံ၊နိမ့်၊မြင့် ဖြစ်ကြရတာချည်းပင်။ အကြောင်းကွဲပေမယ့် အသံတူသူတွေ၊ အသံမတူပေမယ့် အကြောင်းမကွဲသူတွေ။ တူညီသူများစုဝေးကြသောအခါတွင် စည်းလုံးလာကြသည်။ စိတ်ထဲနွေးထွေးလာကြသည်။ ၀ိညဉ်ချင်းနီးစပ် လာသလိုခံစားရသည်။

          တစ်စုံတစ်ယောက်ကြော်လှော်ထားသည့် တစ်အိုးတည်းထွက်သောထမင်းကြော်များသည် သည်အချိန် မှာ ကိုယ်တို့အားလုံး၏ အစာအိမ်ထဲသို့တပြိုင်နက်တည်းဝင်ရောက်နေပြီလေ။ ကိုယ်တို့က ဈေးအနည်းဆုံး အစားအစာနှင့် ဈေးအများဆုံးအစားအစာကြားကွာဟချက်ကြီးမားလှသော ဟိုတယ်ကြီးများ၊ စားသောက်ဆိုင် ကြီးများထဲတွင် ရောက်နေကြသည်မှမဟုတ်ဘဲ။ ဘယ်သူစားစား ဒါပဲရမည်။ ဘာမှာစားစား သည်လောက်ပဲ ကျသင့်မည်။ တစ်ယောက်၏ပန်းကန်ကိုတစ်ယောက်ကလှမ်းကြည့်ပြီး ၀မ်းနည်းအားငယ်နေရမည့်အခြေအနေ မျိုးမရှိ။ ကိုယ်တို့မှာ သီးသန့်ခန်းမရှိ။ သီးသန့်ဝိတ်တာမရှိ။ ပိုးသတ်ပြီးပလတ်စတစ်နှင့်ထုပ်ထားသော ပန်းကန် ခွက်ယောက်များမရှိ။ တစ်ခါသုံးတူများမရှိ။ အားလုံးကိုမျှဝေသုံးစွဲကြနေလိုက်သည်။ အားလုံးကိုပိုလည်းမပေး၊ လျှော့လည်းမပေး။ ပိုမိုမြင့်မားသောအခွင့်အရေးတစ်ခုကို ငွေကြေးတိုးပေးပြီးဝယ်ယူခွင့်လည်းမရှိ။ သည်လိုဆိုင် များကို ကိုယ်အာရုံကျမိသည်မှာ ထိုသို့ပေါ့ပါးပြီးတစ်သားတည်းရရှိသောခံစားချက်ကြောင့် ဖြစ်ပါသည်။

          ကြိုတင်မျှော်လင့်ထားသည့်အတိုင်း မိုးကားဖွဲဖွဲလေးကျလာပါပြီ။ ဓာတ်ဘူးထဲမှ ရေနွေးကိုထပ်ငှဲ့ပြီး စိမ်ပြေနပြေ မှုတ်သောက်နေလိုက်သည်။ ဆိုင်ထဲကိုလှမ်းကြည့်တော့ ဘောလုံးပွဲကိုအာရုံရောက်တဲ့သူက ရောက်လို့၊ စကားကောင်းသူက ကောင်းလို့၊ နိုင်ငံရေးဆွေးနွေးငြင်းခုံသူက ငြင်းခုံလို့၊ ကိုယ့်လိုပဲ ငြိမ်ငြိမ်သက်သက်ငေးမောသူကငေးမောလို့။ အဘိုးကြီးတစ်ယောက်က သူ့မြေးမလေးကို ဘာမုန့်စားမလဲ ဟုမေးနေသည်။ တက္ကသိုလ်ကျောင်းသူလေးများဖြစ်ပုံရသူ မိန်းကလေးအချို့က ထမင်းကြော်ပါဆယ်
မှာနေကြသည်။ မိုးဖွဲဖွဲကျနေသောကြောင့် မိုးခိုရင်း ၀င်ရောက်စားသောက်သူတွေလည်းပါသည်။ အခြားသော




မိသားစုတစ်စုကိုလည်းတွေ့ရပါသေးသည်။ သူတို့ကတော့ စားသောက်ပြီးလို့ ပြန်လည်ထွက်ခွာတော့မည် ဖြစ်ပါသည်။ အဖေဖြစ်သူက “မိုးရေထဲဆိုင်ကယ်လျှောက်စီးကြတာပေါ့ကွာ” ဟုဆိုသည်။ သားအမိ နှစ်ယောက်ကပါ ဆိုင်ကယ်ပေါ်တက်လိုက်တော့ ချိနဲ့နဲ့ဆိုင်ကယ်လေးခမျာ ၀ပ်ကျသွားရသည်။ ဆိုဖာခုံအပေါက်အပြဲများ၊ ရွှံ့အလိမ်းလိမ်းဘီးများ၊ ငယ်သံပါနေသည့်ဟွန်းသံများဖြင့် ဆိုင်ကယ်လေးက ခပ်နှေးနှေးဝေး၍သွားပြီ။ အားလုံးပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး ကျေကျေနပ်နပ်ပဲဖြစ်ပါသည်။

          မိုးကိုဖြတ်စီးလာသောလေအေးက လန်းဆန်းသွားစေသည်။ ဘောလုံးပွဲကတော့ အကြိတ်အနယ်ဖြင့် အနိုင်လုနေကြဆဲဖြစ်သည်။ အစိမ်းရောင်တိုက်ပွဲများနှင့် ၄င်းတို့ကိုအားပေးနေသည့် ဆူညံနေသောလူများ။ ထိုမြင်ကွင်းနှစ်ခုလုံးကို ဒေါမနဿ၊သောမနဿ မပါသောစိတ်ဖြင့်ထိုင်ကြည့်နေမိသည့်ကိုယ့်အဖြစ်ကို ပြန်ပြီး သဘောကျနေမိသည်။ အီတလီနိုင်ငံ ဆိုဖီရီနိုမြို့၏တောင်ကုန်းတစ်ခုပေါ်မှနေ၍ ၁၅နာရီအကြာတိုက်ပွဲတစ်ခု ကို တွေ့မြင်ရပြီးနောက်မှာ ဟင်နရီဒူးနန့်သည်အကြီးအကျယ်ခြောက်ခြားသွားခဲ့ရသည်။ ထိုမှတဆင့် ကရုဏာ စိတ်ပေါက်ဖွားလာပြီး ကမ္ဘာ့ကြက်ခြေနီအသင်း၏မျိုးစေ့ကိုချပြနိုင်ခဲ့သည်။ ကိုယ့်အတွက်ကတော့ သူ့လောက် ခက်ခက်ခဲခဲအရင်းအနှီးတွေမလိုလှပါ။ ညထမင်းကြော်ဆိုင်လေးတစ်ခုမှာထိုင်ရင်းနှင့်ပင် ဘ၀အချင်းချင်း အသံမပြုဘဲနှင့်နားလည်နိုင်သော စာနာမှုကို မွေးမြူခဲ့မိသည်မှာကြာပါပြီ။ ထိုမှတဆင့် အနိုင်အရှုံးရလာဒ်များမှာ ၀င်ရောက်စီးမျောရင်း မိမိအဓိပ္ပာယ်ကိုမရှာဖွေနိုင်တော့သော၊ ပြန်လည်မေ့လျော့သွားသော အဖြစ်များကို ဥပေက္ခာထားနိုင်ဖို့လည်း သတိရှိခဲ့ပါပြီ။ ပါရီကဖေးဆိုင်များလို ကမ္ဘာမကျော်သော်လည်း သည်လိုဆိုင်လေးများ မှ ကိုယ်တို့၏အေးစက်မှောင်မဲနေသော စိတ်ဥမင်လှိုင်ခေါင်းများကို အခိုက်အတန့်နွေးထွေးကြည်လင်သွားစေ နိုင်သည်ဆိုလျှင် ကိုယ်တို့ထမင်းကြော်တစ်ပွဲသည် ပေးရသောငွေကြေးထက် အများကြီးတန်ဖိုးရှိနေပြီ မဟုတ်ပါလား။


မှူးနေ၀န်း

No comments:

Post a Comment