Sunday, June 14, 2015

မြစ်သို့စီးဝင်သောကဗျာများ၊ ကဗျာသို့စီးဝင်သောမြစ်များ


မြစ်သို့စီးဝင်သောကဗျာများ၊ ကဗျာသို့စီးဝင်သောမြစ်များ

        “မြစ်အသံသည်တောင့်တခြင်းအပြည့်ရှိနေသည်။ နာကျင်သော ဒုက္ခဝေဒနာအပြည့်ရှိနေသည်။ မတင်း တိမ် မရောင့်ရဲသောအလိုဆန္ဒအပြည့်ရှိနေသည်။ . . .။ များစွာသောရည်မှန်းချက်များရှိရာသို့လည်းကောင်း၊ ရေတံခွန်သို့လည်းကောင်း၊ မဟာသမုဒ္ဒရာသို့လည်းကောင်း စီးဆင်းနေကြသည်။ အားလုံးသောရည်မှန်းချက် များသို့လည်း ရောက်ရှိကြသည်။ ရည်မှန်းချက်တစ်ခုအပြီးတွင် တစ်ခုပေါ်လာသည်။ . . .။ ရှာမှီးနေသော ထိုအသံသည် ကြင်နာဖွယ်ပဲ့တင်ထပ်နေတုန်းပင်ရှိသည်။ သို့ရာတွင် အခြားသောအသံများလည်း ထိုအသံနှင့် အတူတကွ ပေါင်းစုနေကြသည်။ ၀မ်းနည်းသံ၊ ၀မ်းသာသံ၊ ကောင်းသံ၊ ဆိုးသံ၊ ရယ်သံ၊ ငိုသံ၊ အသံပေါင်းအရာ၊ အသံပေါင်းအထောင်တို့ပေါင်းစုနေကြသည်။”
          အထက်ပါစာသားများသည် ဆရာပါရဂူဘာသာပြန် ဟာမန်းဟက်စ်၏ သိဒ္ဓတ္ထ၀တ္ထုစာအုပ်မှဖြစ်သည်။ အဖန်ဖန်ဟောင်းမြေ့သွားခြင်းနှင့် အဖန်ဖန်အသစ်ဖြစ်တည်ခြင်းကို မြစ်များကပြောပြလျက်ရှိသည်။ ကမ္ဘာပေါ်ရှိ ထင်ရှားသောမြစ်ကြီးများသည် လှပခြင်းခမ်းနားခြင်းတို့နှင့်သာမက လူ့သမိုင်းအတက်အကျများတွင်ပါ ဆက်စပ် စီးဆင်းနေသည်။ လူဦးရေစည်ပင်သာယာသောနိုင်ငံတော်ကြီးများသည် စိုက်ပျိုးမြေကောင်းစွာရရှိသော မြစ်ဝှမ်းလွင်ပြင်များ၌ စတင်ထူထောင်ခဲ့ရသည်။ လူသားတို့၏ အခြေခံလူနေမှုကွန်ယက်ထဲဝယ် မြစ်များက ယှက်ငင်အမြစ်တွယ်နေသည်။ ဘာသာရေးကိုးကွယ်မှု၊ ဒဏ္ဍာရီပုံပြင်များ၊ ထိုမှတစ်ဆင့် အနုပညာဖန်တီးမှုများ အတွင်းသို့ပါ မြစ်ရေစီးသံကိုကြားလာခဲ့ရတော့သည်။
          အနုပညာရပ်များ၏ဆင့်ပွားဖြစ်ထွန်းမှုကို ခြေရာခံကြည့်သောအခါ မြစ်တစ်စင်းကိုလေ့လာရသလို ခံစားရသည်။ အထူးသဖြင့်ကဗျာ။ ဘာသာစကားဟူသည့် ထူးခြားအံ့သြဖွယ်ပစ္စည်းလေးကို အစွမ်းကုန်ဆော့ ကစားခွင့်ကိုရရှိထားသည့် ကဗျာဟူသောအနုပညာသည် မြစ်တစ်စင်းကဲ့သို့ပင် မ၀ံ့မရဲစီးဆင်းလိုက်၊ အရှိန်ပြင်း သောတောင်ကျချောင်းလေးဖြစ်လိုက်၊ တည်ငြိမ်ဖြည်းညှင်းသောအိနြေ္ဒကိုဆောင်လိုက်၊ အချိုးအကွေးများဖြင့် လှည့်စားလိုက်၊ အခြားမြစ်ကြောများဖြင့် ပူးပေါင်းလိုက်၊ ပင်မရေစီးကြောင်းမှ ကိုင်းဖျာကွဲထွက်သွားလိုက်၊ နုန်း ဒိုက်များဖြင့် ပိတ်ဆို့တော့မယောင်ဖြစ်လိုက်။ “တောင်ကျချောင်းတေး၊ ရေ၀င်ပြေးလှည့်၊ ရေအေးကြည်စွာ” (မြကန်- ပုဂံခေတ်) မှသည် “သင်းတွဲမြောင်းကြီး၊ အယဉ်စီးသည်၊ ပြင်ညီးမြစ်လောင်းလော၊ မြစ်လောင်း . . မြစ်လောင်း” (ငါးစီးရှင်ကျော်စွာ - ပင်းယခေတ်) အထိ ဖြေးညှင်းငြိမ်သက်စွာစီးဆင်းခဲ့သည်။ ပိုမိုဖွံ့ဖြိုးလာသော ဘာသာစကားနယ်ပယ်နှင့်အတူ ကဗျာမြစ်ရေပြင်သည် အင်းဝခေတ်မှာ ပိုမိုကျယ်ပြန့်နက်ရှိုင်းလာခဲ့ပြီ။ “သဲခင်းသာဝယ်၊ သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်၊ လွမ်းဖွယ့်မြိုင်ခြေ” ကဲ့သို့သောလှပသော အဖွဲ့အနွဲ့များကို တွေ့လာရရုံမက “နှိုင်းကျော်တုလွတ်၊ ခေါင်တမွတ်အား၊ ရက်ဝတ်လျှောသုံ၊ သီတာငုံသည်၊ ယမုံလျှမ်းပြည့်၊ ထန်းရွှေမှည့်နှင့်၊ ရေကြည့်ဘာသာ၊ တင့်နည်းရှာခဲ့” ဟူ၍ဗုဒ္ဓအားမြစ်ရေမှာလျှံမောက်ပြီး ပူဇော်သည့်ဟန် ကွန့်မြူးရေးဖွဲ့မှုတွေရှိလာသည် (ရှင်ဥတ္တမကျော်တောလားမှ)။
          တောင်ငူခေတ်များတွင်တော့ ကဗျာမြစ်ရေသည်ပိုမိုကျစ်လျစ်သော အရေးအဖွဲ့ဘက်ကိုဇောင်းပေး စီးဆင်းခဲ့သည်။ “ရေယဉ်သီတာ၊ နောတတ္ထာမှ၊ သုံးခါရစ်ကွင်း၊ နွားကဆင်းသား၊ ချင်းတွင်းသလ္လာ” (န၀ဒေး - ရေယဉ်သီတာချီရတု)။ မင်းဆက်အပြောင်းအလဲ နိုင်ငံရေးအပြောင်းအလဲအရှုပ်အထွေးများစွာဖြင့် ကုန်းဘောင် ခေတ်ရောက်သောအခါတွင်တော့ ကဗျာမြစ်၏စီးဆင်းမှုသည် ပိုမိုမြူးကြွသွက်လက်လာကာ မြင်ကွင်းရှုကွက် ပိုမိုစုံလင်လာခဲ့သည်။ “မြစ်၏ရတု၊ မြူနုဝေေ၀၊ နေကားအုံ့ပျ၊ ငါးကြင်းကြွသော်၊ ဖြူဆွရိပ်ရိပ်၊ ကမ်းထိပ်သာမော၊ မြစ်လယ်ကြောဝယ်၊ သောသောကျီးငှက်၊ အုတ်ကျက်တည်ထောင်၊ ရွာအယောင်သို့” (လှော်ကား၃၀၀၀မှူး - မြူးလှတည့်လေချီရတု) ကဲ့သို့ သဘာဝလောကကိုပိုမိုအာရုံပြုသောအဖွဲ့များကိုလည်းကောင်း၊ “သင်္ဘောဧရာ၊ စုလှာခပင်း၊ အစင်းစင်းတည့်၊ လှေချင်းရှုပ်ထပ်၊ ဆိပ်မလပ်မျှ၊ ကူရွပ်သမ္ဗန်၊ သက္ကတန်နှင့်” (စိန္တကျော်သူဦးသြ - ရန်ကုန်ရွှေပြည်ချီရတု) ကဲ့သို့သော လူမှုရေးစီးပွားရေး မြင်ကွင်းများကိုလည်းကောင်း၊ “ဧရာဝတီ၊ မြစ်လုံးနီမျှ၊ စီစီကျွက်ကျွက်၊ အုတ်အုတ်ကျက်တည့်၊ ကြွက်ကိုကြောင်ဖား၊ လိုက်သောလားသို့” (ဦးဖျော် - ပုလိပ်စားဧချင်း) ဟူသို့သော အလောင်းမင်းတရားနှင့်အင်းဝတပ်များ ရွှေကြက်ယက်တိုက်ပွဲဖြစ်ပွားရာကို ရေးဖွဲ့သည့် စစ်ရေး ရုပ်ပုံလွှာများကိုလည်းကောင်း ကဗျာမြစ်ရေကိုနေရောင်အလှပ်တွင် ကွက်ကွက်ကွင်းကွင်းမြင်လာရသည်။ “မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက”“စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်တွန်းဖိ၊ ချုံအတိနှင့်” ။ ထိုစာသားများသည်ကား နာမည်ကြီးမဲဇာတောင်ခြေရတုထဲက မဲဇာမြစ်၏ ကာရန်အဝေ့အ၀ိုက်များဖြစ်ပါသည်။ တိတ်ဆိတ်မှု၊ အဖော်ကင်းမဲ့သော ထိတ်လန့်အားငယ်မှုကို မြင်ရေမျက်နှာ ပြင်တွင် ခံစားသိမြင်ရပြန်၏။
          မြစ်တို့သည် တစ်ဖြောင့်တည်းမသွား။ ကုန်းမြေအနေအထားကိုလိုက်၍ လမ်းကြောင်းပြောင်းလဲရ၏။ တစ်ခါတစ်ရံ လမ်းကြောင်းအသစ်ကိုဖောက်လုပ်ရင်း မြစ်ကျိုးအင်းများလည်းထားခဲ့ရ၏။ ကဗျာသည်လည်း ကာလ၊ ဒေသ၊ ပယောဂ၏ လွှမ်းမိုးမှုကိုမကျော်လွန်နိုင်သည့်အားလျော်စွာ ပုံသဏ္ဍာန်ပိုင်း အနှစ်သာရပိုင်းများ ပြောင်းလဲခဲ့ရသည်။ အထူးဖွံ့ဖြိုးအားကောင်းခဲ့သောဂန္ထ၀င်ကဗျာသည် ခေတ်စနစ်အခြေအနေကြောင့် မြစ်ကျိုး အင်းတစ်ခုအဖြစ်သာ ဆက်လက်ရပ်တည်ခဲ့ရသည်။ ခေတ်စမ်းကဗျာ၏ရိုမန်းတစ်ဝါဒစီးကြောင်းသည် ကဗျာမြစ် ကို မောင်းနှင်ပြန်သည်။ လူ့သမိုင်း၏ကြောက်မက်ဖွယ်ကမ္ဘာစစ်ကြီးများအကြားက သိမ်ငယ်ငုတ်လျှိုးနေသော လူသားစွမ်းအင်ကို အကောင်းမြင်စိတ်နှင့် ဘ၀အလွမ်းအမောရှုထောင့်မှရေးဖွဲ့သည့် ခေတ်စမ်းကဗျာများက ပြန်လည်ညှို့ငင်ခဲ့ကြသည်။ “ယဉ်ဧရာဖြူဖြူဖွေးရယ်က၊ တောင်ဘေးမှာ ခွေကာလည်တော့၊ ခရီးသည် ဟိုတစ်ကွေ့ကိုဖြင့်၊ ကျော်၍သာမမြင်ရသော်လဲ့၊ မျှော်၍သာအထင်ဖြင့်လှခဲ့ပေါ့” (ဇော်ဂျီ- ပြည်မြို့အလောင်း တော်ကဿပစခန်းမှ)။ ခေတ်စမ်းစာပေဦးဆောင်သူတစ်ဦးဖြစ်သူဆရာဇော်ဂျီ၏ အရေးအဖွဲ့တစ်ခုဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသရှိဖျာပုံဇာတိဖြစ်သူဆရာဇော်ဂျီသည် မြစ်များချောင်းများ၏အလှအပနှင့် အတွေးအခေါ်ကို ဖွဲ့နွဲ့သည့်ဗေဒါလမ်းကဗျာများဖြင့်လည်း လူသိများခဲ့သည်။ ပုဂံခေတ်မှဘုရင်နှစ်ပါး၏ မာန်မာနကိုခ၀ါချ၍ ဗုဒ္ဓသာသနာအပေါ်စောင့်ရှောက်ခဲ့သောဖြစ်ရပ်နှစ်ခုမှာလည်း လောကနန္ဒာမြစ်ဆိပ်မှာဖြစ်ပွားခဲ့ကြောင်း ဆရာ ဇော်ဂျီကထောက်ပြခဲ့၏။ “နှိမ့်ချမာန၊ အေးမြမေတ္တာ၊ ပွင့်လင်းလာသည်၊ နန္ဓာလောက ဆိပ်ကမ်းမှ။” ဟု မြစ်အတွင်းက နှလုံးညွတ်ဖွယ်အလှတရားကိုလည်းရှာဖွေဖွဲ့နွဲ့ခဲ့လေသည်။
          လူသား၏ဘ၀အားမာန်နှင့် အလွမ်းအမောကိုအားပြုသောလမ်းကြောင်းမှသည် ပြည်သူလူထုကိုဗဟိုပြု သည့် ကဗျာစီးကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ပြန်သည်။ ကဗျာသည်လူထုဘ၀ကိုထင်ဟပ်ရမည်။ လူထုကို အကျိုးပြုရမည်။ လူထုဟူသောအသံသည် ကဗျာမြစ်ရေစီးသံနှင့်အတူပျံ့လွင့်လာပြန်သည်။ “နွံရောင်တောမှာ၊ ရေကြောဆန်တက်၊ စက်သံဆူညံ၊ ကူဘိုတာ..ရာမန်၊ ပက်တာ.. တရုတ်နီ၊ ဖုတ်ချက်ယဉ်ကျေးမှုတွေ့ပြီလေ” (အောင်ဝေး - ပမ္မ၀တီကိုဖြတ်သန်းခြင်း)။ ဆရာအောင်ဝေး၏ ကဗျာများထဲတွင် သင်္ဘောနှင့်ခရီးသွားရာမှ မြစ်ဝန်းကျင်ရှုခင်းများ လူမှုဘ၀များကို တွေ့မြင်ရပုံတို့ကို မကြာခဏခြယ်သရေးသားတတ်သည်။ ( မွှေးရဲ့ရင် ကိုဖြတ်သန်းခြင်း။ ဟီရောကလိတပ်စ်ကိုဖြတ်သန်းခြင်း။ မြို့ပြရိပ်ခရမ်းပြာမြင်းရိုင်းနှင့် ခေတ်ပြိုင်ကဗျာ ကျေးလက်။ - စသောကဗျာများလည်းရှိ) မောင်စိန်ဝင်း(ပုတီးကုန်း)၏ င၀န်မြစ်မှဗန္ဓက ကဗျာသည်လည်း ထိုနည်း၎င်းပင် မြစ်တွင်းခရီသွားများ၏ဘ၀ကိုခြယ်မှုန်းထားသည်။ ဆင်းရဲသားလူထု၏ မွန်းကြပ်မှုများ၊ အခက် အခဲများကိုလည်း မေ့မထားဘဲ ရှောင်ကွင်းမသွားဘဲ ကဗျာမြစ်ရေသည် ဖြတ်သန်းစီးဆင်းခဲ့လေသည်။
          မြစ်ရေအလျင်သည် တသွင်သွင်စီးနေဆဲ။ ရေအဟောင်းများနေရာတွင် ရေအသစ်များရောက်လာဆဲ။ သူ့လမ်းကြောင်းကိုချဲ့ထွင်ဆဲ။ မြန်မာလူငယ်တို့၏ဝေဒနာပြည့်လျှမ်းသောနှလုံးသားကြောင့် ထွက်ပေါ်လာသည် ဟု ဆရာဇော်ဇော်အောင်က အခိုင်အမာအဆိုပြုသော မော်ဒန်ကဗျာစီးကြောင်းတစ်ခု ၀င်ရောက်လာခဲ့ပြန်၏။ နားလည်ခြင်း နားမလည်ခြင်း လှိုင်းတံပိုးများ၊ ကာရန်ရှိခြင်း ကာရန်မဲ့ခြင်းလှိုင်းတံပိုးများ ထန်လာပြန်သည်။
ကိန်းဂဏန်းတွေလို သုညလို
ကလေးတွေလို ပန်းပွင့်လို
တိမ်လိုလေလို ပေါ့ပါးနိုင်ခဲ့သလား။
မြစ်ရေတွေတသွင်သွင်စီးဆင်းနေသလို
ငါတသွင်သွင်စီးချင်ရဲ့။ (ထွန်းဝေမြင့် - မြစ် )
ထိုကဲ့သိုဘ၀၏မတည်မြဲပြောင်းလဲခြင်းကို သတိပြုမိကြသည်။
စိမ်းညို့ကွေ့ကောက်သောမြစ်များမှ
အရောင်မထွက်တဲ့ကျောက်တုံးတစ်ခုကို တွေ့သောအခါ
ငါ့နှလုံးသားကိုသတိရပါလေ။ ( ပိုင်စိုးဝေ - အစိမ်းရောင်မြစ်သို့တမ်းချင်း)
ထိုသို့ မြစ်သည် ကဗျာဆရာကိုယ်တိုင်၏ခံစားမှုအပိုင်းအများလည်းဖြစ်ခဲ့သည်။
အချစ်ရေ
မြစ်မှာပြည့်ပြည့်မောက်မောက်ရင်သားတွေရှိသကွဲ့
အဲဒီ့ရင်သားတွေက ထိရင် နှင်းဆီပန်းဖြစ်လို့ပေါ့ (မောင်ချောနွယ် - မြစ်အကြောင်း)
ထိုသို့မြစ်သည် တွေးတောစရာနိမိတ်ပုံတစ်ခုလည်းဖြစ်နေပြန်သည်။
“ကိုယ်ဘာကောင်ဆိုတာ ကိုယ်စိတ်ဝင်စားတယ်
ကိုယ်ဘာကောင်ဆိုတာ ကိုယ်သိတယ်
ကိုယ်ဟာ မြစ်ပါ” (မောင်သစ်ဝေ(မြင်းခြံ) - မြစ် )
ထိုသို့ ကိုယ်ပိုင်နေထိုင်မှုပုံစံကိုလည်း ဖော်ထုတ်ခဲ့ကြသည်။
          “ကိုယ်ရေးချင်တာရေးလိုက်တာ ၊ နားမလည်လည်းနေပေါ့ဆိုတာလောကကိုစော်ကားတာ။ ကျွန်တော် အစော်ကားမခံနိုင်ဘူး။ အနောက်ကဗျာဆရာတွေလည်းဒီလိုပဲ။ ဂျိမ်းဂျွိုက်စ် ၊ သူပြောချင်တာဘာလဲ။ ကျွန်တော် နားမလည်ဘူး။ သည်တော့ကျွန်တော်မဖတ်တော့ဘူး” ဟု ဆရာမြသန်းတင့်က အပြတ်ပြောခဲ့ဖူးသည်။ ထိုသို့ သောအတိုက်အခိုက်အတားအဆီးများကြားမှ မော်ဒန်မြစ်သည် ထိုးဖောက်စီးဆင်းခဲ့ပါသည်။ သူတိုးဝင်နိုင်သမျှ စိမ့်ဝင်နိုင်သမျှ ထိုးဖောက်ခဲ့သည်။ အထက်မှာဆိုခဲ့သလို မြစ်၏ရှာမှီးသောအသံသည် ကြင်နာဖွယ်ပဲ့တင်ထပ် တုန်း အခြားအသံအသံများလည်းပါဝင်စီးမျောနေတုန်းပင်။ ဆရာဇော်ဂျီက လောကနန္ဒာမြစ်ဆိပ်အကြောင်း လှမ်းမျှော်ရေးဖွဲ့သလို လက်ရှိခေတ်၏ဖြစ်ပွားနေဆဲ မြစ်ဆိပ်မြင်ကွင်းတစ်ခုကိုရေးထားသည့် ကဗျာတစ်ပုဒ် လည်းရှိသေးသည်။
“နွားတွေက သူ့ခြေရာပေါ်နင်း
သူကနွားခွာရာပေါ်နင်းနဲ့
အဲဒီ့ညနေခင်းက ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကိုဆင်းသွားလိုက်ကြတာ
လူကဦးဆောင်တာလား
နွားတွေကဦးဆောင်တာလား”
          ဆရာမောင်အောင်ပွင့်၏ မြစ်ဆိပ်ကဗျာမှစာသားများဖြစ်သည်။ ခဏနေတော့သူလည်း နွားတွေလို ရေသောက်ဆင်းလိုက်တာပါပဲ ဟူသောစကားသည် လက်ရှိခေတ်၏သေမထူးနေမထူးအနေအထားတစ်ခုကို ဖျတ်ခနဲမြင်လိုက်ရစေသည်။ ထိုနည်းတူ မြစ်များ၏ အသုံးဝင်မှု၊ အာဏာဓားစက်အောက်မှာ ပြုသမျှနုနေရသော မြစ်များ၊ အသိဥာဏ်နည်းပါးသောလူတွေ၏ပရမ်းပတာလုပ်ရပ်များကြောင့် ကျန်းမာရေးချို့တဲ့လာသော မြစ်များ ကိုလည်း ကဗျာဓာတ်ကဖြန့်ကျက်သိမြင်ခဲ့ပါသေးသည်။
“မဲခေါင် - ငါဟာမင်းရဲ့ဈာပနကို မမြင်ချင်ဘူး
ကျန်းမာသန်စွမ်းစွာလှုပ်ရှားနေတဲ့
မင်းရဲ့ သဘာဝအလှတရားကိုသာ ငါထာဝရမြင်လိုတယ်
ဒါကြောင့်ငါမင်းကို ကယ်ဆယ်ရလိမ့်မယ်
ငါမင်းအတွက် ကာကွယ်တိုက်ခိုက်ရလိမ့်မယ်” (မင်းထက်မောင် - မဲခေါင် ငါလာတယ်မင်းဆီကို)
          မဲခေါင်မြစ်၏ သဘာဝနှင့်ဖွဲ့စည်းပုံကို ကဗျာအမြင်ဖြင့်ရေးဖွဲ့ထားသောထိုကဗျာနည်းတူ ယခုအချိန်မှာ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသည့် အမိဧရာဝတီ၏ရှင်သန်မှုအတွက်လည်း ကဗျာလှိုင်းလုံးများအားကောင်း နေဆဲဖြစ်ပါ၏။
“သန်း ၆၀ ထဲမပါတဲ့လူတချို့တလေကလွဲရင်
အားလုံးငိုခဲ့ကြပေမယ့်
မြစ်ကိုမျက်ရည်နဲ့မှ အသစ်ပြန်လုပ်လို့မရတာ။” (နက္ခတ်နီ - ဧရာဝတီ)
“ဘာပဲဖြစ်ဖြစ်
မြစ်ကိုပင်လယ်ဆီခေါ်သွားရမယ်။” (မင်းနဒီခ - ဧရာဝတီပေါ်မှသမုဒ္ဒရာများ)
“မြစ်က ရွေးချယ်တာမဟုတ်ဘဲ
မြစ်ကို ကျနော်တို့က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။”
(လင်းခါး - ဧရာဝတီဒါနမြောက်အောင် ကာလပေါက်ဈေးနဲ့လာတဲ့သူတွေ တော်သင့်ပြီ)
“တစ်ခု ကတိပေးပါသမီး
အဲဒီ့မြစ်ကြီးကို
ခဲနဲ့လုံးဝမပေါက်ပါဘူးလို့။” (နေမိုး - မြစ်)
“သားရဲ့ပထ၀ီစာအုပ်ကို အမြန်လှန်လှောကြည့်မိတယ်
ပိုပြီးအံ့သြထိတ်လန့်ဖွယ်
သားဆွဲထားတဲ့မြန်မာပြည်မြေပုံပေါ်မှာ
ဧရာဝတီဟာ ဟာလာဟင်းလင်း။” ( လူဇော်သစ် - သားရဲ့တင်ပါးပေါ်ကအရှိုးရာများ)
ကမ်းပေါ်ကနေ အောက်ကိုငုံ့ကြည့်တယ်
အောက်ကနေ ကမ်းပါးပေါ်ကိုမော့ကြည့်တယ်
အဲဒါ ကျွန်တော်တို့နေ့စဉ်ဘ၀ ဖြစ်ခဲ့ပါတယ်။” ( မိုးဝေး - ဧရာဝတီ )
          မြန်မာနိုင်ငံ၏ လောကဓံအနိမ့်အမြင့်တိုင်းမှာ မခွဲမခွာအတူပါဝင်ခဲ့သူ ဧရာဝတီမြစ်အပေါ် ကဗျာဖြင့် စာနာစိတ်ထားကြသည်။ မေတ္တာစိတ်ညွှတ်ကြသည်။ ဧရာဝတီမြစ်နှင့် ကဗျာမြစ်စီးကြောင်းတို့ ချစ်ကြည်စွာ ပူးပေါင်းခဲ့သည်။
“ရေလှိုင်းတစ်တွန့်စာမျှ
နောက်မရွံ့ခဲ့တဲ့မြစ်
သင့်ကို . . ငါတို့ချစ်မြတ်ရဲ့” (မောင်နိုင်လင်း(ကောလင်း) - မဟာဧရာဝတီကဗျာရှည် )
          နှစ်ပေါင်းများစွာထဲက တငြိမ့်ငြိမ့်စီးဆင်းလာခဲ့သော ကဗျာမြစ်ရေအလျင်သည် အကြမ်းအနွဲ့ အလှည့်အပြောင်းမျိုးစုံကြုံခဲ့ရပြီ။ ၀ါဒမျိုးစုံ အယူအဆမျိုးစုံတို့၏ ရိုက်ခတ်မှုကို ခံခဲ့ရပြီ။ သို့သော် အစဉ်မပြတ် စီးဆင်းသစ်လွင်နေခြင်းဟူသော သူ့ဂုဏ်သတ္တိကိုမူ ထိန်းသိမ်းထားဆဲဖြစ်၏။
“မြစ်ဟာ ထိမ်ဝှက်လို့မရနိုင်တဲ့သက္ကရာဇ်တွေကို အနယ်ကျပေးသူပဲ
မြစ်ဟာ အမေ့ခံသစ္စာတရားတွေအတွက် လှိုင်းကြီးလှေကြီးဂီတပဲ
မြစ်ဟာ ရာဇ၀င်ကောက်ကြောင်းတွေမရေးဘဲထင်နေတဲ့ ကြည့်မှန်ပဲ
မြစ်ဟာ အနာဂတ်တွေတ၀ုန်းဝုန်းပြိုနေတဲ့ ကမ်းပါးယံပဲ” (အိန္ဒြာ - ဧရာဝတီ သူစီးထွက်သွားခဲ့ပြီ ပင်လယ်ဆီ)
          ကဗျာဆိုတာကာရန်၊ ကဗျာဆိုတာစကားလုံအလှ၊ ကဗျာဆိုတာရစ်သမ်၊ ကဗျာဆိုတာ ရိုးရှင်းမှု၊ ကဗျာဆိုတာခံစားချက်၊ ကဗျာဆိုတာ အိုင်ဒီယာ၊ ကဗျာဆိုတာ ကဗျာ၊ ကဗျာဆိုတာ ပြည်သူ့အသံ၊ ကဗျာဆို တာရွတ်ဆိုဖို့၊ ကဗျာဆိုတာမှတ်တမ်း၊ ကဗျာဆိုတာအသိဥာဏ်၊ ကဗျာဆိုတာပြုလုပ်ခြင်း၊ ကဗျာဆိုတာ ဘာမှ မဟုတ် . . စသောမြောက်များစွာသော အဓိပ္ပာယ်သတ်မှတ်ချက်များဖြင့် ကဗျာ၏စည်းဘောင်ကို အနားခတ်ရန် ကြိုးစားခဲ့သော်လည်း ကဗျာသည် သူ့သဘာဝအတိုင်း လွတ်လပ်လှပစွာ စီးဆင်းနေဆဲပါပင်။
        “နိယာမ ရှိသဖြင့် အံ့သြဖွယ်ကောင်းသည်။ သင်္ခါရရှိသောကြောင့် စိတ်ဝင်စားဖွယ်ကောင်းသည်။ . . . ။ လီရနာရော၊ ဂင်္ဂါရော၊ ဧရာဝတီရော အမြဲလည်းရှိနေသည်။ အမြဲလည်းပြောင်းလဲနေသည်။ ထို့ကြောင့် အံ့သြ ဖွယ်ကောင်းသည်။ မြင်းမိုရ်တောင်တို့၊ မြစ်တို့ဆိုသည်က သယံဇာတသဘာဝတွေပါ။ ကဗျာဆိုသည်ကလူလုပ် ထားသော ထုံး ပါ။ လူလုပ်ထားသော ထုံး ဖြစ်သောကြောင့် သင်္ခါရပိုရှိသည်။ . . . ။ နိယာမဟုထင်မှတ်ထား သည်တို့ သင်္ခါရနှင့်သဟဇာတဖြစ်ရန် နွဲ့ရ၊ ပျောင်းရ၊ ဆန့်ရ၊ ကျုံ့ရ၊ ညွှတ်ရ၊ ကွေးရသည်တို့ကိုကြည့်ရင်းလည်း ရင်ဖိုကြည်နူးမိသည်။”
          ဆရာတက္ကသိုလ်ဘုန်းနိုင်၏ လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ ဆောင်းပါးရှည်ကြီးထဲမှ စာသားအချို့ဖြစ်သည်။ ကဗျာကိုယ်တိုင်သည်လည်း လောကဓမ္မတစ်ခုဖြစ်သောကြောင့် သင်္ခါရကိုမလွန်ဆန်နိုင်။ သို့သော် ကဗျာကို ချစ်ကြ မြတ်နိုးကြ စွဲလမ်းကြသည်မှာ ကဗျာသည် နှလုံးသားနှင့်ဦးနှောက်ကို မျှခြေမှာထားပြီး ဆောင်ရွက်ရ သော လူ့စွမ်းရည် အသိပညာ၏ ပြယုဂ်တစ်ခု ဖြစ်နေခြင်းကြောင့်ဟုထင်ပါသည်။
“လူမြစ်ကြီး
တဟီးဟီးစီးဆင်းနေလေရာ
ထွေးထွေးလုံးလုံး လူလုံးကြီးအကြား သွေးချွေးချောဆီတွေနဲ့ တရွှဲရွဲမျော
မြင့်ရာမှလိမ့်လာကြ နိမ့်ရာမှ လှံစိုက်ကြ လူတံခွန်ထဲ ဝေါခနဲ
လူဗေဒါတွေ လူဒိုက်တွေ လူအမှိုက်တွေနဲ့ လူစရိုက်တွေဖွဲ့ လူမြစ်ကျိုးအင်းတွေထားခဲ့
လူလက်တက် လူစီးကြောင်းတွေ လူရေကျော်တွေနဲ့ သေဖော်ညှိ
ပျော်ပျော်ကြီး မျက်စိမှိတ် ဒိုင်ဗင်ခုန်ဆင်းထား
သမုဒ္ဒရာရဲ့ အဆုံးထိဆက်သွား” ( ပန်ဒိုရာ - လူမြစ်ကြီး )
          ကဗျာသည်လည်းကောင်း လူသည်လည်းကောင်း အဆိုးအကောင်းသဘာဝတို့သည်လည်းကောင်း ပြောင်းလဲခြင်းစီးကြောင်းထဲ လိုက်ပါနေရမြဲဖြစ်ပါသည်။ ကဗျာရေးသူများ ပြောင်းလာသလို ကဗျာများလည်း ပြောင်းလာကြသည်။ ဆက်လက်ပြောင်းလဲကြရဦးမည်။ အခြေခံစံများ၊ စည်းမျဉ်းများ၊ လက်ခံယုံကြည်မှုများ ၊ အခြေအနေ အချိန်အခါ၏ လွှမ်းမိုးမှုများသည်လည်း ပြောင်းလဲခြင်းလမ်းကြောင်းကို ပဲ့ကိုင်ကြပါလိမ့်ဦးမည်။ ထိုသို့စီးဝင်ကြရင်း တစ်ချိန်တော့ပင်လယ်ထဲဆုံကြရမည်သာ။ ကမ္ဘာဦးအစက ဒြပ်စင်ပေါင်းစုံပင်လယ်ထဲစီးဝင် ပြီး နည်းလမ်းမျိုးစုံနှင့်ဓာတ်ပြုကြကာ ကာဗွန်+ဟိုက်ဒရိုဂျင်+အောက်စီဂျင်အတွဲအစပ်မှ အသက်ဓာတ်၏ မူလဖြစ်ထွန်းလာခဲ့သလို မတူညီသောအယူအဆရေအလျင်များ မတူညီသောကဗျာပုံသဏ္ဍာန်များသည် ကျယ်ပြောသောပင်လယ်ထဲ ဓာတ်ပြုပေါက်ကွဲကြဦးမည်လားဆိုတာကတော့ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ရှုထောင့်များစွာမှ သူနည်းသူ့ဟန်နှင့်မှန်နေသောနှိုင်းရသဘောတရားများ အတူတကွရှင်သန်နေထိုင်ခြင်းသည် အနုပညာမြောက်ကဗျာတစ်ပုဒ်ဖြစ်နိုင်သလို သစ္စာတရားသို့ဆိုက်ရောက်သောဓမ္မနည်းလမ်းကျ အမှန်တရားကို ရှာဖွေ မျှော်လင့် သိမြင်ရခြင်းသည်လည်း ကဗျာဆန်ကောင်းဆန်နေလိမ့်မည်ဟု ကျွန်တော် တွေးတောနေမိပါတော့သည်။

မှူးနေ၀န်း
ကိုးကား။  ။လီရနာ ဂင်္ဂါ ဧရာဝတီ (တက္ကသိုလ်ဘုန်းနိုင်) ၊ သိဒ္ဓတ္ထ (ပါရဂူ) ၊ ဂန္ထ၀င်မြန်မာကဗျာ (မောင်သာနိုး) ၊ မြန်မာစာညွန့်ပေါင်းကျမ်း             အတွဲ(၅)၊ ဇော်ဂျီကဗျာပေါင်းချုပ်၊ ဘေးရန်ဆီးကာဧရာဝတီမြစ်စောင့်ကဗျာများ၊ မဟာဧရာဝတီကဗျာရှည်( မောင်နိုင်လင်း -
            ကောလင်း ) ၊ အခြားကဗျာစာအုပ်များ၊ www.poemscorner.com နှင့် linneainmhuu.blogspot.com
                 

                                                                                                                                                         

No comments:

Post a Comment