ဦးနှောက်တွေချွေးစော်မနံဖို့
နှလုံးသားကိုခေါင်းမှန်မှန်ဖြီးပါ
လူကိုကြည့်လိုက်လျှင်
အမြဲလိုလိုညှင်းသိုးသိုးနှင့်။ မုတ်ဆိတ်နှုတ်ခမ်းမွေးတွေက ကြမ်းကြမ်းထော်ထော်။ အင်္ကျ
ီ အ၀တ်အစားက မသပ်မရပ်။ ရူပကာကလည်း ချူချာသည့်အထဲပါဝင်နေသည်။ ဘုရားစူး ဆေးကျောင်းတော်သားကြီး
ဖြစ်ပါပေသည်။
သူနေသည့်အဆောင်က ဘုန်းကြီးကျောင်းမှာ။
ဘုန်းကြီးကျောင်း၏ အောက်ထပ်အခန်းလေးတွင် သူနှင့်အခြား ဆေးကျောင်းသားတစ်ယောက်နေကြသည်။
ထိုအခန်းထဲမှာ အရက်ကို ကျွတ်ကျွတ်အိတ်နှင့်ထုပ်ပြီး သောက်တတ်သည်။ ကျွန်တော်ကမြင်တော့
- မင်းနှယ်မကောင်းပါဘူးကွာ - ဟုပြောလျှင်လည်း ပါးစုံကြီးဖောင်းကားမြင့်တက်လာအောင် ခေါင်းတညိတ်ညိတ်ပြုံးပြတတ်သည်။
ဘာမှပြန်မပြော။
သူငယ်ငယ်က ၇တန်းလောက်အထိ ကိုရင်ဝတ်နှင့်ကျောင်းတက်ခဲ့ရပါသတဲ့။
အင်္ဂလိပ်စာကို ထိုအချိန်အထိ ကောင်းကောင်းသင်ယူခဲ့ရခြင်းမရှိ။ မိသားစုက လယ်သမားယာသမားတွေဖြစ်သည်။
သူဆယ်တန်းရောက်တော့ အင်္ဂလိပ်စာဆရာကြီးက လက်ရေးဆက်ရေးနည်းကို ၁ လလောက်ကျင့်ခိုင်းတာခံရသည်။
ဆယ်တန်းပထမနှစ် သူကျသည်။ နောက်တစ်နှစ် ပြန်တက်တော့ သူကြောက်သွားပြီ။ သူ၏ အပြောင်မြောက်ဆုံးအရည်အချင်းမှာ
ထပ်၍ရှုံးနိမ့်မှုဖြစ်ရမည်ကို ကြောက်ရွံ့ခြင်း ပင်ဖြစ်သည်။ ဆယ်တန်းပြန်ဖြေသည့်နှစ်မှာ
သူစာကိုသေချာလုပ်သည်။ သို့သော် အရွယ်ကလည်း အနည်းငယ်ကြီး လူကလည်းရင့်ရသည့်ကြားထဲတွင်
ရွာမှာဆိုတော့ စကြနောက်ကြသည့်ဒဏ်ကို သူအတော်ခံခဲ့ရသည်။ အတွက်အချက် နှင့်ပတ်သက်လာလျှင်
သူကရသည်။ သို့သော် ဆရာနှင့်တွက်ပုံတွက်နည်းမတူ။ အဖြေတော့ထွက်သည်။ မှန်နေသည့် တိုင်အောင်
သူ့ခမျာ အပြောအဆိုမလွတ်ရှာ။ ဆယ်တန်းကိုဒီနှစ်မှာတော့ သူအောင်မည်မှန်းသိနေသည်။ သူ့ကို
အတော်များများကလည်း ရေကြောင်းတက္ကသိုလ်ကောင်းသည်ဟု ပြောသည့်အတွက်သူ့စိတ်ထဲမှာ ရေကြောင်းတက္ကသိုလ်
ဆိုတာကိုစွဲနေသည်။ တကယ်တမ်းအမှတ်ထွက်တော့ ရေကြောင်းကိုမမီ။ ဆေးကျောင်းယောက်ျားလေးအမှတ်ကိုတော့မီသဖြင့်
ဆေးကျောင်းကိုရောက်လာသည်။ အသက်ခြောက်နှစ်လောက်မှ ကျောင်းစနေရပြီး ဆယ်တန်းကို၂ခါဖြေခဲ့သောသူသည်
ဆေးကျောင်းရှိ ကျော့မော့ရှင်းသန့် နေအောင်နေသော ကောင်လေးကောင်မလေးများကြားတွင် တမျိုးတဖုံထူးခြားပေါ်လွင်နေသည်။
သည်လိုနှင့် ပေပေတေတေကျွန်တော်နှင့် ပေါင်းမိကြတော့၏။
သူနှင့်ကျွန်တော်ပေါင်းမိစေသည့်အကြောင်းအရာများတွင်
စာသင်နှစ်များကျရှုံးရာမှ ပြန်လည်ဆုံဆည်းခြင်း ကိစ္စရပ်များလည်းပါဝင်ကြသည်။ ရှုံးနိမ့်သူအချင်းချင်း
မျက်ဝန်းဆုံမိသောအခါ ပိုမိုနားလည်စာနာတတ်ကြသည် မဟုတ် ပါလော။ သို့နှင့် နေ့လည်နေခင်း
အားလပ်ချိန်များမှာ သူနှင့်ကျွန်တော်လက်ဖက်ရည်ဆိုင်များတွင် ခိုနားကြလေတော့၏။ လက်ဖက်ရည်ဆိုင်မှာ
ဂျာနယ်တွေအပုံလိုက်ထားထားသည်။ ကြိုက်ရာယူဖတ်။ ကျွန်တော်က ဆိုင်ကငှားထားသော စာအုပ်တစ်အုပ်ထုတ်ဖတ်လျှင်ဖတ်မည်။
သို့မဟုတ် တစ်ခုခု ရေးနေမည်။ သူက ဂျာနယ်ဖတ်ရာမှ အကြောင်းအရာတစ်ခု ကိုတွေ့သွားလျှင်
ချက်ချင်းခေါင်းထောင်ထလာပြီး “ဟေ့ရောင် မင်း လူ့အခွင့်အရေးဆိုတာကို လက်ခံလား” ဆိုတာမျိုး
ထထဖောက်တတ်သည်။ ကျွန်တော်ကလည်း လုပ်လက်စ အလုပ်ကိုရပ်ပြီး သူပြောတာကိုနားထောင်ရသည်။
“ငါ့အနေနဲ့ တော့ လူ့အခွင့်အရေးဆိုတဲ့စကားကို အခုနောက်ပိုင်း ပေါ်ပင်ဆန်ဆန်သုံးလာသလိုပဲကွာ။
အဲ့ဒါကြီးကို မကြိုက်လှဘူး” ဟု ဆိုတတ်သည်။ ကျွန်တော်ကလည်းတွေးတွေးဆဆ ပြန်ပြောရပါသည်။
ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူ တွေ တပုံတပင်ဖြစ်ကြောင်း၊ ကျွန်တော်တို့နိုင်ငံမှာကို
ထိုသို့သောကိစ္စတွေ ကြားနေမြင်ရကြောင်း။ “မင်းက ဘာလို့ လက်မခံနိုင်ရတာလဲ။ ကိုယ်ချင်းစာတရားနဲ့တွေးကြည့်ရင်
လူ့အခွင့်အရေးဆိုတာ ရှိသင့်တယ်မဟုတ်ဘူးလားဟ” ဟု ကျွန်တော်ကမေးလျှင် သူကသည်လိုပြန်ပြောမြဲဖြစ်သည်။
“ ကိုယ်ချင်းစာတရားဆိုတာ တကယ်သာလိုက်နာကျင့်သုံးတတ်ရင်
စာတတ်စရာမလိုဘဲ ဘ၀ကို အကောင်းဆုံး ဖြတ်သန်းသွားနိုင်တဲ့သဘောတရားပဲကွ။ ဒီလူ့အခွင့်အရေးဆိုတာက
သူတစ်ကျပ်ရရင် ငါလည်းတစ်ကျပ်ရရမယ်ဆိုတဲ့ အတ္တကိုဗဟိုပြုတဲ့အတွေးအခေါ်ပဲ။ ငါက လူ့အခွင့်အရေးဆိုတာကို
မလိုလားလို့ပြောတာမဟုတ်ဘူး။ ဒါပေမယ့် ကိစ္စတိုင်း အခြေအနေတိုင်းမှာ လူ့အခွင့်အရေးဆိုတာကြီး
ထည့်ထည့်စဉ်းစားရင်တော့ အားလုံးရှုပ်ထွေးပြီး ဖြေရှင်းရခက်ကုန်မယ်။ တစ်ခါတစ်လေကိုယ်က
နာသင့်ရင်လည်း နာပေးလိုက်ရတာတွေရှိသလို အဖွဲ့အစည်းအတွက် မျက်လုံးစုံမှိတ်ပြီး လုပ်ရမယ့်
အခြေအနေတွေလည်းရှိတာပဲ”
ကျွန်တော်က နားဝေတိမ်တောင် ပုံစံမျိုးငြိမ်နေလျှင်
သူကဂျာနယ်ကိုငုံ့ပြီးပြန်ဖတ်နေမြဲဖြစ်သည်။ အမှန်တော့ ကျွန်တော့်မှာလည်းသူ့လိုအတွေးမျိုးရှိကြောင်း
ရိုးရိုးသားသားဝန်ခံလိုပါသည်။ လူလောကအရှုပ်အထွေးတွေကို လုံးဝ ပြေလည်သန့်စင်သွားအောင်ဖြေရှင်းနိုင်မည့်နည်းလမ်းမရှိဟု
ကျွန်တော်မြင်မိသည်။ တစ်ဖက်ကိုနင်းချလိုက်လျှင် အခြား တစ်ဖက်မှာထောင်တက်သွားမည်မှာ
အသေအချာပင်။ အကယ်၍ပြေလည်အောင်ဖြေရှင်းနိုင်လျှင်လည်း အခိုက်အတန့်ပင် ဖြစ်မည်။ ထိုကောင်းမွန်လှပါသည်ဟူသော
အခြေအနေအတွင်းမှပင် အခြားသောဒိုင်မင်းရှင်းမှ ပဋိပက္ခအသွင်တစ်ခုသည် ပေါ်ပေါက်လာဦးမည်ဖြစ်သည်။
တကယ်တမ်းက အဖြစ်အပျက်အခြေအနေများကို ကြိုးစားအားထုတ်မှုကမ္မစိုက်၍ ပြောင်းရတာလည်းပြောင်း၊
ထိုအဖြစ်အပျက်ကိုရှုမြင်သည့်မိမိ၏အမြင်ကို ငြိမ်းချမ်းသော အလိုက်သင့်နှလုံးသွင်းတတ်သော
အသွင်တစ်ရပ်ဘက်ကိုလည်းလှည့်ပြောင်းပေး .. ထိုမှသာအဆင်ပြေမည်ဖြစ်သည်။ သည်လိုမဟုတ်ဘဲ
မိမိလိုချင်သော အခြေအနေတစ်ရပ်ကို ဇွတ်ဖန်တီးတည်ဆောက်ပြီး လွယ်လွယ်နှင့်ဖြစ်မလာသောအခါ
အစိုးမရတတ်သောသဘော ကိုမေ့လျော့လျှက် လူမှာဆောက်တည်ရာမရဖြစ်တတ်သည့် သာဓကတွေ သမိုင်းမှာတစ်ပုံတစ်ပင်ရှိခဲ့ပြီးပြီ။
“အနတ္တကို မေ့ထားလို့မရဘူးကွ”
ထိုသို့ကျွန်တော်က တရေးနိုးမှ ထပြောလျှင်လည်း
သူကဆတ်ခနဲခေါင်းထောင်ပြီး တွေးနေတတ်သည်။ ပြီးရင် သူသဘောပေါက်ကြောင်း မျက်ဝန်းများကတစ်ဆင့်ပြောတတ်သည်။
သူ့မှာတွေးတတ်ခေါ်တတ် ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ အများကြီးရှိသည်။ ကျွန်တော်သိသည်။
ကျောင်းစာ၏ပြင်ပဖြစ်သော ဘ၀ဆိုင်ရာအသိအမြင်တွေသူအများကြီး တွေးထား ပြီးဖြစ်သည်။ သို့သော်သူသည်
အူကြောင်ကြောင်နိုင်စွာပင် ခေါင်းမာတယူသန်သူလည်းဖြစ်သည်။ ခြေခြေမြစ်မြစ်ရှိသော အမှန်တရားကို
သဘောပေါက်သော်လည်း သူလက်ခံထားသည်ကပုဂ္ဂိုလ်ရေးအစွဲမကင်းသော အယူအဆများသာ ဖြစ်နေပြန်သည်။
တစ်နည်းပြောရလျှင် သူရဲကောင်းဝါဒသမားဖြစ်သည်။ ဗုဒ္ဓ၏မေတ္တာလမ်းစဉ်ကို သက်ဝင်လေးနက်စွာ
ဆွေးနွေးနေရင်း “ငါက ဟစ်တလာလိုလည်းကြမ်းချင်သေးတာကွ”ဟု စပ်ဖြီးဖြီးထပြောတတ်ပြန်သည်။
နားထောင်သူ ကျွန်တော့်အနေဖြင့် ဘယ်လိုနားလည်ရမှန်းမသိ။ ထိုကဲ့သို့သူ ထပြီးလိုင်းကြောင်လျှင်
သူ့ခေါင်းသူပြန်ပွတ်ရင်း စပ်ဖြီးဖြီး လုပ်တတ်သည်မှာ သူ့အကျင့်ပင်ဖြစ်သည်။ သူနှင့်ကျွန်တော်နှင့်
ကိစ္စတစ်ခုကို နှိုက်နှိုက်ချွတ်ချွတ်ဆွေးနွေးလို့ရသည်။ သို့သော် အဆုံးသတ်နိဂုံးဆွဲရာ၌တစ်လမ်းဆီကွဲထွက်သွားမြဲဖြစ်သည်။
တစ်ခါကလည်း အိုရှိုး၏အကြမ်းမဖက်ရေးအမြင်ဆိုသည့်စာအုပ်နှင့်ပတ်သက်၍
နေ့လည်ခင်းတစ်ခုလုံးစာ သူနှင့် ကျွန်တော်နှင့်ထိုင်ငြင်းခုံ နေခဲ့ဖူးသည်။ အိုရှိုးကဂန္ဒီ၏လုပ်ရပ်အချို့ကိုရှုပ်ချသယောင်ဆိုသည်။
ဂန္ဒီ၏လုပ်ရပ်တွေက မကောင်းမဟုတ်။ ကောင်း၏။ သို့သော်လူတိုင်းမလုပ်နိုင်မကျင့်နိုင်။ ဂန္ဒီကသူ့ပရိသတ်များက
သူ့လိုမလုပ်နိုင်၊မေတ္တာမထား နိုင်၊ သည်းမခံနိုင်သောအခါ ဂန္ဒီကအစာငတ်ခံလိုက်သည်။ ထိုအခါ
ဂန္ဒီကိုချစ်သောသူများက ဂန္ဒီ၏သဘောကို လိုက်ရတော့၏။ အမှန်တကယ်ကမူ ဂန္ဒီကသူ့ပရိသတ်၏ စိတ်ပိုင်းဆိုင်ရာလွတ်လပ်ခွင့်ကို
ပြန်အကြမ်းဖက်လိုက်တာ ပင်ဖြစ်သည်ဟူသောသဘောမျိုး အိုရှိုးကဆိုလိုသည်။ ကျွန်တော်က ထိုအကြောင်းသူနှင့်ဆွေးနွေးတော့
သူကအကြောက် အကန်ငြင်းသည်။ လုံးဝလက်မခံ။ သူကအထုပတ္တိကျမ်းကြေဟုဆိုရလောက်အောင် တော်တော်ဖတ်ဖူးသူလည်း
ဖြစ်သည်ကိုး။ ဂန္ဒီ့ဘက်မှနေ၍ အိုရှိုး၏အမြင်ကိုပယ်သည်။ ကျွန်တော်က အိုရှိုးဘက်မှနေသည်။
“ဗုဒ္ဓတောင် သူ့ဓမ္မကို အတင်းအကြပ်မကျင့်သုံးခိုင်းခဲ့ဘူး။” ဟုကျွန်တော်ကပြောလျှင် သူပုံကြီးမှာရယ်စရာကောင်းလောက်အောင်
မရှူနိုင် မကယ်နိုင်ဖြစ်တော့သည်။ သူကအချက်အလက်တွေထုတ်တော့သည်။ ဂန္ဓီကို မဟတ္တမဆိုတဲ့အမည်တပ်တာ
သာမာန် ကြောင့်တော့မဟုတ်ကြောင်း၊ ဒီလောက်လူအများကြီးကလက်ခံထားတာ သူ့လုပ်ရပ်ကမှန်ကန်လို့ပဲဖြစ်ကြောင်း၊
ဒီလို မသင့်လျော်တဲ့နည်းလမ်းသုံးခဲ့ရင် ဒီလောက်အထိအရှိန်အ၀ါကြီးနိုင်စရာမရှိကြောင်း၊
သူဖတ်ဖူးသမျှလူပုဂ္ဂိုလ်တွေထဲမှာ ဂန္ဒီလောက်အပြစ်ကင်းတာမတွေ့ဖူးကြောင်း စသဖြင့်ပြောသည်။
ကျွန်တော်က ပြုံးစစနှင့် “ဗုဒ္ဓကတောင် ကာလာမ သုတ်တော်ကိုဟောခဲ့သေးတာပဲကွာ။ သူများလက်ခံတိုင်းလည်း
လက်ခံစရာမလိုပါဘူးမဟုတ်လား။ ကိုယ့်အသိဥာဏ်နဲ့ ဝေဖန်ပိုင်းခြားပြီးလက်ခံဖို့ငြင်းပယ်ဖို့က
အဓိကမဟုတ်လား” ဟု ပြန်ထေ့လေ့ရှိသည်။ အမှန်က ကျွန်တော်က အိုရှိုး၏ အမြင်ကို လက်ခံလွန်းသဘောကျလွန်း၍မဟုတ်။
မိမိဖတ်ထားသည်ကို သူ့ကိုပြန်ပြောပြရုံသာဖြစ်သည်။ သူကသာဂန္ဓီ၏ ဘက်တော်သားအဖြစ် ရှူးရှူးရှားရှားဖြစ်နေခြင်းသာ။
“ဥပမာကွာ ဗုဒ္ဓပွင့်တော်မူစကာလမှာ ဗြဟ္မာဘုံကိုသာ အမြင့်ဆုံး အမြတ်ဆုံးလို့ယူဆထားသူတွေ
တစ်ပုံကြီးပဲ။ အားလုံးလက်ခံထားတာ။ ဒါပေမယ့်ဗုဒ္ဓကတော့ သံသရာထဲကအမြန် လွတ်မြောက်ဖို့ကိုသာ
တိုက်တွန်းပြီး လူနတ်ဗြဟ္မာစည်းစိမ်တွေကို သံသရာရှည်ကြောင်းတရားတွေအဖြစ် ပယ်ခဲ့တာပဲ
မဟုတ်လား။ အဲဒီ့အချိန်က ဒီအသိအမြင်ရှိသူက ဗုဒ္ဓတစ်ပါးပဲရှိဦးမှာလေ။ အများလက်ခံတိုင်းမှန်တယ်လို့
ယူဆရမှာလား” ဟု ကျွန်တော်က ထပ်ထောက်လျှင် သူ့မေးစေ့ကြီးသူပွတ်ပြီး ရယ်နေတတ်သည်။ ပြီးတော့မှ
“ဘာပဲဖြစ်ဖြစ်ကွာ ငါကတော့ ဂန္ဒီလုပ်တာကြိုက်တယ်” ဟု ဆိုမြဲဖြစ်သည်။ အမှန်တော့ သူနှင့်ကျွန်တော်မတူညီသောရှုထောင့်မှကြည့်ပြီး
အနိုင်အထက် စကားရည်လုနေကြတာကို ထိုစဉ်ကတည်းက သတိပြုမိပါသည်။ အိုရှိုးကြည့်သလို ဂန္ဒီ၏လုပ်ရပ်ကို
စိတ်ပိုင်းဆိုင်ရာ ရှုထောင့် ဘာသာရေးအမြင်နှင့်ကြည့်လျှင် အကြမ်းဖက်သည်ဟုဆိုချင်ကဆိုနိုင်သော်လည်း
အမျိုးသားရေးလှုပ်ရှားမှု အမြင်နှင့်ကြည့်မည်ဆိုလျှင်တော့ အငြိမ်းချမ်းဆုံးအညှင်သာဆုံး
လုပ်ဆောင်မှုများအဖြစ်တွေ့ရမည်ဖြစ်သည်။
အထက်မှာဆိုခဲ့သလိုပင် ကြောက်ရွံ့ခြင်းသည်
သူ၏အပြောင်မြောက်ဆုံးအရည်အသွေးတစ်ခုဖြစ်သည်။ လူပုံကသာ ကြမ်းသော်လည်းသူရန်မဖြစ်ရဲ။ မဟုတ်တာမလုပ်ရဲ။
အရက်သောက်တတ်သည်ကလွဲပြီး ကျန်သောမဟုတ် မဟတ်ကိစ္စတွေသူရှောင်သည်။ သူကတော့ ပြန်ခံရမှာကြောက်လို့မလုပ်တာဟုပဲ
ပြောလေ့ရှိသည်။ ကျွန်တော်က အကြောက်တရားဦးစီးပြီးရှောင်ကြဉ်တာထက်စာရင် မလုပ်သင့်မလုပ်ထိုက်လို့ဆိုတဲ့
အသိတရားနဲ့ရှောင်တာက ပိုအကျိုး မရှိဘူးလားဟု ပြောလျှင်သူကရယ်သည်။ “မင်းတို့တွေက စာအုပ်ကြီးသမားတွေ၊
စိတ်ကိုအရိုးသားဆုံးမနေကြဘူး။” ဘာဘာညာညာသူပြန်ပြောတတ်သည်။ ထားတော့။ သူကစာအရမ်းလုပ်သည်။
သို့ပေမင့်သူကသူ့ကိုယ်သူ ဥာဏ်မကောင်းဘူးဟု စိတ်စွဲနေသည်။ စာမေးပွဲနီးလျှင်စိတ်ပူပန်မှုအရမ်းများသည်။
ကျွန်တော်က ထုံးစံအတိုင်းမတုန်မလှုပ် အိပဲ့အိပဲ့ကောင်။ မနှစ်က Part 1 အောင်စာရင်းထွက်တော့
ကျွန်တော်ကအကုန်အောင်သည်။ ကျောင်းထဲလှမ်းမ၀င်ခင် ကတည်းက ကျွန်တော့်ကိုတခြားသူတွေလာပြောသဖြင့်
အောင်မှန်းသိပြီးဖြစ်သည်။ အောင်စာရင်း LCD ကိုမော့ကြည့် နေသောသူ့ကိုတွေ့တော့ ကျွန်တော့စိတ်ထဲသူအောင်မည်ပဲထင်သည်။
ကျွန်တော်တောင် အောင်သေးတာကိုး။ တကယ်တမ်းမှာမူ သူက ၂ ဘာသာဆပ်ပလီထိနေသည်။ သူကတော့ အပြုံးမပျက်။
ကျွန်တော်ကသာ စိတ်မကောင်း ဖြစ်ရသည်။ ကျောင်းထဲခဏနေပြီးနောက် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြသည်။
“ဖြစ်လေ့ဖြစ်ထရှိတာပဲကွာ။ အခြေအနေကိုအတင်းပြောင်းယူ လို့ဘယ်ရမလဲ။ အနတ္တသဘောကိုမေ့လို့မရဘူးလေ”
ဟု သူက စပ်ဖြီးဖြီးပြောသည်။ ကျွန်တော်လည်း ပေါ့ပေါ့ပါးပါး ရယ်မောမိတော့သည်။
သူ့ကိုကျွန်တော်တို့က ဂျမ်းကြီးဟုခေါ်ကြသည်။
ဂျမ်းကြီးသည်အမြင်ပိုင်းဆိုင်ရာအရ တောက်ပထည်ဝါမှုလုံးဝမရှိ။ နံနံစော်စော်ညစ်ညစ်ပတ်ပတ်ပုံစံမျိုးကြီးဖြစ်သည်။
သို့သော်သူ့ကိုအဖွဲ့ထဲမှ ခပ်တည်တည်ကြွကြွရွရွနေတတ်သော ကလေးမများကပင် ခင်ခင်မင်မင်ရှိကြသည်။
နှလုံးသားလှပသော သူ့ကိုကျွန်တော်ချစ်ခင်မိသည်မှာလည်းမဆန်းတော့။ သိတော့သိတယ်၊ ဒါပေမယ့်
ငါလုပ်ချင်ရာလုပ်မယ် - ဆိုသည်မှာ ဂျမ်းကြီး၏ခံယူချက်ပင်ဖြစ်သည်။ သူသည်အခုထိ ခေါင်းမာတုန်း၊
သူရဲကောင်းကိုးကွယ်မှုကိုကျင့်သုံးနေတုန်း၊ သူပုန်စိတ်ရှိတုန်း၊ သူကိုယ်တိုင်ကမဟုတ်တာမလုပ်ပေမယ့်
သူများလုပ်မယ်ဆိုလျှင်လည်း ထိုသူ့ဘက်ကပင်ရှေ့နေလိုက်ကာ မြှောက်ပေးတတ်တုန်း၊ ပြီးလျှင်မေးစေ့ရှိမုတ်ဆိတ်
ကြမ်းကြီးများကို ပွတ်ကာပြုံးတတ်တုန်း၊ လူကြားထဲမရှောင်တံတွေးတပျစ်ပျစ်ထွေးတုန်း၊ စာဖတ်လျှင်ခေါင်းငုံ့လျှက်
အင်္ကျီကော်လာကိုလက်နှင့်ဆွဲပြီး နှာခေါင်းပေါ်အုပ်ထားတတ်တုန်း(၄င်းမှာ ဘာအကြောင်းမှန်းလည်းမသိ။
သူ့အကျင့်ဖြစ်ပုံ ရသည်) ၊ ရေ၂ရက်လောက်မချိုးဘဲအိပ်နေတတ်တုန်း။ မည်သို့ပင်ဆိုစေ သူနှင့်
စကားပြောလိုက်ရလျှင် ကျွန်တော့်အတွက် အတော်ကိုစိတ်အဆာပြေသည်။ စိတ်ပိုင်းဆိုင်ရာ ချိတ်ယူညှို့ငင်မှုရှိလျှင်
ကျွန်တော်တို့အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာများ၊ လူမှုဝန်းကျင်ကသတ်မှတ်ထားသည့်
လူကြီးလူကောင်းလက်ခက္ခာအရေးအကြောင်းများကို မေ့လျော့ထား နိုင်ကြပါပြီ။ ထွန်ရေးငင်ထားသောမြေစိုင်ခဲများကြားမှ
၊ ကောက်ရိုးပုံများ သက်ကယ်အိမ်များကြားမှ လှပနူးညံ့သော နှလုံးသားများ၊ တွေးခေါ်တတ်သောဦးနှောက်များ
သီးပွင့်လာတတ်ပါသေး၏။ ကျွန်တော်တို့အတွက် ယခုထက်ပိုမို မျှတသင့်လျော်သော မြေ၊ရေ၊လေ၊နေတို့နှင့်တကွ
ဥယျာဉ်မှူးကောင်းများ၊ လယ်သမားကောင်းများ၊ လက်သမား၊ပန်းပုဆရာကောင်းများကိုလည်း လိုအပ်နေသေးသည်ဆိုတာကတော့
အားလုံးထင်သာမြင်သာရှိကြမည် ထင်ပါသည်။ ။
မှူးနေ၀န်း
No comments:
Post a Comment