Sunday, June 14, 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၀


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၀


ငြီးငွေ့မှုအကြောင်း ပြောပြီဆို
စီစီဖတ်ရဲ့ကျောက်တုံးဟာ အမြဲလိမ့်လိမ့်ကျလာတယ်
အဲ့ဒါကိုလည်း ငြီးငွေ့လာတယ် ပြောမိတော့

ကြည်လင်သော ကောင်းကင်အောက်က မြက်ခင်းစိမ်းများ
ကျေးငှက်သံများ ရေတံခွန်များ
ချစ်သောသူနဲ့နှစ်ကိုယ်တူနေ့စွဲများ
မွေးပွအကောင်ငယ်လေးများနဲ့ အဆိပ်ကင်းသောပန်းပွင့်များ
နိဗ္ဗာန်ဘုံဟာ အောက်ခြေမခိုင်ဘူးထင်မိတယ်
ပျော်ရွှင်မှုဟာလည်း ငြီးငွေ့ဖို့မကောင်းဘူးလား
အဲ့လိုမေးမိတော့

အဆုံးအစမဲ့ခြင်းရဲ့ လည်ပတ်မှုတရား
သေဆုံးမှုကို သရုပ်ခွဲကြည့်ရင်
အတိတ်ကို ဖက်တွယ်လိုစိတ်နဲ့
မှောင်မည်းသောအနာဂတ်ကိုကြောက်ရွံ့မှုမျှသာ
ကမ္ဘာဦးကြယ်စင်က အလင်းဟာ
ရှည်လျားလွန်းသောအလျားမှာ ဖြည်းဖြည်းချင်းချိုးကွေ့လာခဲ့သလား
ဒီလိုတွေးမိတော့

သနားစရာသတ္တဝါ တစ်ကောင်လို
လူဟာငုံ့ကြည့်ခံလိုက်ရတယ်
ပင်လယ်ဟာ စီးကရက်ကိုနှုတ်ခမ်းဖျားမှာတေ့ရင်း
အနက်ပေဘယ်လောက်ဟုခန့်မှန်းရခက်သော မျက်ဝန်းများနဲ့
ဘုရားသခင်ရဲ့ တိမ်တိုက်များကို စိုးရွံသလိုကြည့်ရင်း
သူကိုယ်တိုင်လက်ပစ်ကူးခဲ့ရတဲ့ သူ့ခန္ဓာကိုယ်ကိုစက်ဆုပ်ရင်း
ပင်လယ်ဟာ လူကို တိတ်ဆိတ်စွာပဲ တုံ့ပြန်လိုက်ပါတယ်။


မှူးနေဝန်း
5 January 2015

No comments:

Post a Comment