Sunday, June 14, 2015

ကြည်အေးကဗျာများလေ့လာချက် (စာတမ်းငယ်)


ကြည်အေးကဗျာများလေ့လာချက် (စာတမ်းငယ်)


         ဆရာမကြည်အေးရဲ့ကဗျာတွေဟာ အချစ်၊ အလွမ်း၊ စိတ္တဇဝေဒနာနဲ့ အတွေးအမြင်ဆန်းသစ်မှုတို့မှာ ထင်ရှားလှ တာကို ကဗျာဖတ်သူအတော်များများလက်ခံထားကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးခေတ်ဦးကာလမှာ ကြည်အေးရဲ့ကဗျာတွေကို နှစ်သက်လက်ခံသူတွေအများအပြားရှိခဲ့သလို ဝေဖန်ရှုံ့ချမှုတွေလည်း ရှိခဲ့ကြပါတယ်။ လူငယ် ထုရဲ့ အားပေးမှုကတော့ ခေတ်စမ်းကဗျာရဲ့အတွင်းသားကနေကွဲထွက်လာတဲ့ အာရုံခံစားမှုပြင်းထန်နက်ရှိုင်းမှုကြောင့်ဖြစ် ပြီး ကာရန်အယူအဆ၊ အသံအဖြတ်အတောက်အထားအသိုတွေကိုတော့ ထိုခေတ်အနေအထားအရ ဝေဖန်ခံခဲ့ရတယ်။

            ( အမည်နာမကိုထပ်ခါထပ်ခါသုံးနေရမည်ဖြစ်၍ ဆရာမကြည်အေးအစား ကြည်အေးဟုသာသုံးစွဲသွားမည်ကို နားလည်ပေးပါရန်)

            ဒါပေမယ့် အနှစ် ၆၀ ကျော်ကာလအထိ ကြည်အေးရဲ့ကဗျာတွေဟာ ကျန်ရစ်နေဆဲ၊ အလေးထားဖတ်ရှုနေရဆဲပဲ ဆိုတာ တွေ့ရှိရပါတယ်။ အရေအတွက်ချင်းနှိုင်းယှဉ်ကြည့်ရင် နည်းပါးလှတဲ့ မြန်မာနိုင်ငံရဲ့အမျိုးသမီးကဗျာဆရာမတွေထဲ ကြည်အေးကို ထိပ်ပိုင်းတစ်နေရာမှာ ထည့်ထားရမှာဖြစ်ပါတယ်။ အမည်ရင်းကြည်ကြည်တင်မြင့်၊ ကလောင်အမည် ကြည်အေးရဲ့ ငယ်ဘဝဟာဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရှောင်တိမ်းရင်း ပညာသင်ခဲ့ရပြီး အသက် ၇ နှစ်လောက်မှာ ကဗျာဆိုတဲ့သဘောလေးကို နားလည်လာတယ်လို့ကဗျာဆရာမကိုယ်တိုင် ရေးသားခဲ့ပါတယ်။ အသက် ၉ နှစ်လောက်မှာ စာမျိုးစုံဖတ်နေပြီ။ အစ်ကိုဖြစ်သူယူလာတဲ့ စာအုပ်တွေဖတ်ပြီ။ ကဗျာတွေ ဖတ်ပြီ။ စစ်အတွင်းကွမ်းခြံကုန်းမြို့မှာခိုလှုံရင်း ဆရာဦးဝန် (မင်းသုဝဏ်) ရဲ့ မြန်မာစာတန်းမှာတက်ခဲ့ရတယ်။ ပြီး K.K.Mitra ဆိုတဲ့ ဆရာတစ်ဦး ဆီမှာ အင်္ဂလိပ်စာသင်ခဲ့တယ်။ အင်္ဂလိပ်ကဗျာတွေဖတ်လာတယ်။ ရှေးဟောင်းမြန်မာဂန္ထဝင် ကဗျာတွေကိုလည်းဖတ်ခဲ့တယ်။ နောက်ပိုင်းမှာတော့တာရာမဂ္ဂဇင်းမှာ ထိုည ဆိုတဲ့ဝတ္ထုတိုနဲ့ ပထမဆုံးစာမူဖော်ပြ ခံရတယ်။ ဆရာဒဂုန်တာရာ နဲ့တွေ့တယ်။ ကဗျာသဘောနဲ့ ကာရန်သဘောတွေကိုဆွေးနွေးလေ့လာခဲ့ကြတယ်။

            ကဗျာရေးသူဆိုတာ လူတစ်ယောက်ပါပဲ။ လူတစ်ယောက်ရဲ့ ဘဝတွေ့ကြုံမှု၊ အသိနယ်ပယ်၊ စိတ်ကူးကွန့်မြူးနိုင် စွမ်းထက် ကျော်လွန်ပြီး ကဗျာကိုရေးလို့မရနိုင်ပါဘူး။ ကြည်အေးဟာ ၁၉၂၉မှာ မွေးဖွားခဲ့တယ်။ ၁၉၄၇ မှာ သူ့ကဗျာတွေ စပါပြီ။ အသက် ၁၈ နှစ်အရွယ်ငယ်ရွယ်တဲ့ ပညာတတ်အမျိုးသမီးတစ်ဦးရဲ့ အတွေးအခေါ်နဲ့ ခံစားချက်နက်ရှိုင်းမှု ၊ ရိုးသား ပွင့်လင်းမှုကို သူ့ကဗျာတွေမှာတွေ့ရတယ်။ စာဖတ်သူအတော်များများသိတဲ့ တစ္တေ ဆိုတဲ့ကဗျာထဲက အရေးအဖွဲ့အချို့ကို ကြည့်ရင်သိနိုင်ပါတယ်။

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
အိပ်ရာတွေလည်း၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်။  ---

ကွန့်ညွန့်ဖွဲ့နွဲ့မနေဘဲ နေ့စဉ်သုံးစကားတွေအသုံးပြုပြီးရေးသားသွားပုံဟာ ခံစားမှုကို ပိုပြီး ပေါ်လွင်စေပါတယ်။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေးငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း ---

မြင်ရတဲ့မြင်ကွင်းကို တဆင့်ချင်းရေးပြတယ်။ အဲ့ကနေရုတ်တရက် ထိတ်လန့်ဖွယ်ပုံရိပ်ကိုမြင်ရတယ်။ စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ၊ တစ္ဆေငါကိုယ်တိုင်ပါပဲ .. တဲ့။ သူ့ရဲ့စိတ်က သူ့ကိုပြန်ခြောက်လှန်နေပုံ၊ အာရုံစိတ်ရဲ့ရှုပ်ထွေးမှုကို ကောင်းကောင်း ထင်ရှားစေတဲ့အဖွဲ့တွေပါပဲ။ နောက် သူမရဲ့ထင်ရှားလှတဲ့ နွမ်းလျအိမ်ပြန်ဝတ္ထုထဲက လွှင့်ပစ်လိုက်စမ်း ဆိုတဲ့ကဗျာမှာလည်း

လွှင့်ပစ်လိုက်စမ်း
တိမ်တိုက်အပြာ၊ သည်နီလာတွေ
ဝါရည်နို့ခဲ၊ သည်ပုလဲတွေ
ခဲသားရင့်ရင့်၊ သည်စိန်ပွင့်တွေ

မိသားစုမေတ္တာတရားကို ငတ်မွတ်မှုနဲ့ လူ့အဖွဲအစည်းထဲ အလိုက်သင့်စီးမျောလို့မရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပေါက်ကွဲ နာကျင်မှုကိုခံစားလို့ရပါတယ်။ (တွယ်တာစရာ၊ မေတ္တာကင်းမှ၊ သည်ဘဝမှာ၊ ဘာကိုမက်မောပျော်မလဲ ) လို့ သူ့အယူအဆ ကို ရှင်းရှင်းလင်းလင်းပဲဆက်ပြောပြပါတယ်။ နွမ်းလျအိမ်ပြန်ဝတ္ထုရဲ့အမှာစာမှာ သူဟာ ဒီဝတ္ထုကို ၁၅ နှစ်သမီးအရွယ်မှာ ရေးခဲ့တယ်လို့ဆိုပါတယ်။ သူရောက်ရှိနေတဲ့အသက်အရွယ်ဟာ သူ့ကဗျာအရေးအသားနဲ့အတွေးအခေါ်မှာ အရောင်ဟပ် နေတာကို သိသိသာသာတွေ့မြင်ရပါတယ်။

            ကြည်အေးကဗျာအများစုဟာ လေးလုံးစပ်နဲ့ အချိုးကဗျာတွေပါပဲ။ ခေတ်စမ်းကဗျာခေတ်နောက်ပိုင်းမှာ တေးထပ်၊ အဲချင်း ၊ တျာချင်း၊ အိုင်ချင်း ၊ ရတု အစရှိတဲ့ပုံသဏ္ဍာန်တွေကိုအရေးပါးလာပြီး လေးလုံးစပ်နဲ့ အချိုးကဗျာတွေကိုပဲ အရေး များကြတာမို့ ကြည်အေးဟာ ကဗျာအမျိုးအစားအရတော့ ရေစီးအတိုင်းပဲလိုက်ခဲ့တယ်လို့ ယေဘုယျကောက်ချက်ချလို့ရပါ တယ်။ သို့ပေမင့် တာရာမဂ္ဂဇင်းနဲ့စာပေခရီးစခဲ့သူပီပီ သူမရဲ့လေးလုံးစပ်ကဗျာတွေဟာ ခေတ်စမ်းအစဉ်အလာလို အသံချို ပြေခြင်း နည်းပါးပြီး ခေတ်စမ်းရဲ့ romanticisim သဘောတရားများ မရှိသလောက်ရှားပါးနေတာကိုမြင်ရပါတယ်။ ၄-၃-၂ ၊ ၄-၃-၁ အစဉ်အလာအတိုင်းလိုက်လျောရေးဖွဲ့ခြင်းမရှိဘဲ စကားလုံးကျစ်လျစ်မှုကိုဦးစာပေးခဲ့တယ်။ (ကျွန်မက စကားလုံးပို မသုံးချင်။ ပြီးတော့ အိပ်ငိုက်နေသူကို လှုပ်ယမ်းလိုက်သလို ကာရန်ကစားချင်စိတ်လည်း ရှိတော့ ကျွန်မကြိုက်သလို ရေးခဲ့တာ သိကြတဲ့အတိုင်းပဲ။ ) လို့ သူမကိုယ်တိုင် ကြည်အေးကဗျာများ ၁၉၉၂ထုတ်စာအုပ်အမှာစာမှာ ရေးသားခဲ့တယ်။ ဒါ့အပြင် စကားလုံးသုံးစွဲမှုမှာလည်း အထူးသိပ်သည်းပြီး ဆန်းသစ်တာကိုတွေ့နိုင်ပါတယ်။

မြစ်ရေစပ်၌
မတ်ရပ်တင်းတောင့်၊ ရင်ဟင်းလင်းဟ
ငွေကွင်းဂယက်၊ ခြေကိုပက်မှ
ပင့်သက်ရှိုက်ငင်၊ လျော့ဆံပင်လည်း
လေတွင်ပြေသွား၊ လွင့်ပါးလိုက်တာ။ ( ဘဝကူး ကဗျာမှ)

မောသက်သက်ပင်
ညဥ့်နက်လွှာတွန့်၊ ညဥ့်ဦးဖြန့်စ
ကိုက်ညွန့်ပန်းငုံ၊ ရွက်ပွေ့လှုံ၍
ငှက်မြုံသိုက်ညံ၊ တဖန်လန့်ထိတ်
ရုတ်ခြည်းဆိတ်စဉ်၊ စိတ်ကျဉ်းကျပ်နှင့်
ခန့်မသင့်မြဲ၊ ချင့်တွက်မရ  (တရေးနိုးသူ ကဗျာမှ)

ပလူပျံများ
တောင်ပံပက်လက်၊ စက်ရဟတ်သို့
ဖျတ်ဖျတ်လှည့်လူး၊ မြူးထူးရွရွ
ဖူးမြနီယွန်၊ ဖြူခြည်သွန်သော
မီးပြွန်ပူငွေ့၊ တိုးညှပ်ဝှေ့ကြ။ ( သစ္စာသစ် ကဗျာမှ)
ချောရွှဲလမ်းမ၊ ပျံ့ပျူးစွရှင့်
ရွရွပုသေး၊ အောက်အဝေး၌
တိုးပြေးဖြတ်သွား၊ ကားပုတီးစေ့
သီကုံးကွေ့ဝေ့၊ ရွေ့လျားဟန်ကို ။  ( ပထမအမြင် ကဗျာမှ)

            ဖော်ပြပါအဖွဲ့များနဲ့ကွဲလွဲစွာပဲ ကြည်အေးဟာ လေးချိုး၊ သံချိုလို အချိုးကဗျာတွေမှာတော့ ကာရန်နဘေ အထပ်များ ကြွယ်ကြွယ်ဝဝနဲ့ အသံချိုသာပြေပြစ်အောင်ရေးသားလေ့ရှိတာကို တွေ့ရပြန်တယ်။ အထူးသဖြင့် ကြည်အေး ဟာ လေးလုံးစပ်ကဗျာတွေမှာ စိတ္တဇဆန်ဆန် ၊ နိမိတ်လှုပ်ခတ်မှုများများနဲ့ အတွင်းဝေဒနာကိုဖွဲ့နွဲ့လေ့ရှိပြီး အချိုးကဗျာ တွေမှာတော့ သာယာကြည်လင်တဲ့အကြောင်းအရာ ချိုမြတဲ့ဖြစ်စဉ်များကိုရေးဖွဲ့လေ့ရှိတယ်လို့ အကြမ်းဖျင်းကောက်ချက်ချ လို့ရပါတယ်။ တစ်နည်းဆိုရရင် သူမရဲစိတ်အမှောင်ပိုင်းကို အသံပြင်းပြင်း၊ထောင့်ထောင့်နဲ့ စကားလုံးစူးစူးရှရှတွေကိုသုံးလို့ ကောင်းတဲ့ လေးလုံးစပ်ကဗျာတွေအဖြစ်ရေးဖွဲ့ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အချိုးကဗျာများထဲမှ အဖွဲ့အနွဲ့တစ်ချို့ကို ဥပမာ ပြလိုပါသေးတယ်။

ဖြာစရွက်
မြခက်တဝေဝေနဲ့
ဆင်းပြေပြေ တင်းချွေလှည့်ရင်ဖြင့်
ဝင်းထွေထွေ နှင်းငွေလဲ့လိုပ
ကြွေမယ့်ပုံပမာနှင့်
မှုန်သန္တာ ငုံလွှာစွင့်သော်ကော
ထုံဂန္ဓာ ကြုံရာလွင့်တယ်
ပွင့်သစ်ပလီ။ ( နှင်းဆီ ကဗျာမှ)

မြစ်ရေပြင် လှေလူးလို့
ချစ်ဦး မယ်နဲ့မောင်။
ပန်းခူးရအောင်။
လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး။
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။ ( မြစ်လယ်မှာ ချစ်လှယ်တုန်းက  ကဗျာမှ)

နှင်းငွေ့မှုန်ပြန့်ကျဲလို့
ပုလဲအပေါ်တွင်။
အထဲပြာမင်။
ဆုံးမမြင် ကောင်းကင်မြက်ခင်း။
ဖိတ်ရွှန်း နဂါးငွေ့
လမ်းကွေ့ကိုဆင်း။ ( ခရီးဝေယံ ကဗျာမှ)

အို . . နီလာလို ကြည်ပြာမိုးမှာ
တိမ်မိုးတွေညှို့
စိမ့်သည်းလှိုက်ဖို
အလိုလို စာဆိုမျက်ရည်စို့မိပေါ့
တစ်မြို့နေ တစ်မြေဖွားပေမို့
ပြစ်မယူ ချစ်သူသွားပေအုံ့
သနားကြင်နာပိုနဲ့
စကားထင်ရာဆိုမိတော့ . . ( မိုးတိမ်ကိုမှာ ကဗျာမှ)

ဆိုခဲ့သည့်အတိုင်း အချိုးကဗျာတွေမှာ မြူးကြွလတ်ဆတ်တဲ့ ကြည်နူးဖွယ်ကောင်းတဲ့ ခံစားမှုတို့ပိုမိုပါဝင်နေတာကို တွေ့နိုင် ပါတယ်။ ဒါပေမယ့် ရေးဖွဲ့ပုံနဲ့အကြောင်းအရာပိုင်းမှာတော့ ခေတ်စမ်းဟန်ကနေ ထူးထူးခြားခြားကွဲလွဲထွက်သွားတာကို မမြင်ရပါဘူး။ ကြည်အေးဟာ စိတ်ရဲ့နက်ရှိုင်းတဲ့နေရာကလာတဲ့ ဝေဒနာကို ဖမ်းဆုပ်ရေးဖွဲ့ရာမှာ ပိုမိုထူးချွန်ပြောင်မြောက် သူလို့ ကောက်ချက်ချချင်ပါတယ်။

            ကြည်အေးဟာ ငယ်စဉ်ကတည်းက စာပေထူးချွန်ခဲ့တယ်။ ဆယ်တန်းစာမွေးပွဲကိုထူးထူးချွန်ချွန်အောင်တယ်။ အင်္ဂလိပ်စာဂုဏ်ထူးပါတယ်။ တစ်နိုင်ငံလုံးရဲ့ အထူးချွန်ဆုံး ဆယ်ယောက်ထဲလည်းပါတယ်။ ဒါတောင်မိဘဖြစ်သူတွေက မိန်းကလေးမို့ ရေးတတ်ဖတ်တတ်ရုံဆိုတော်ပြီပေါ့ဆိုတဲ့သဘောမျိုး အပြောခံခဲ့ရတယ်။ အစ်ကိုဖြစ်သူရဲ့တိုက်တွန်း ပေးမှုကြောင့်သာ ကောလိပ်ဆက်တက်ခွင့်ရပြီးဆေးလိုင်းကိုယူခဲ့တယ်။ ဒီ့တိုင်အောင်သမီးမိန်းကလေးပညာသင်တာကို မိဘတွေကဆက်အားမပေးလို့ ၅နှစ်မြောက်မှာကျောင်းထွက်ခဲ့ရတယ်။ တင်းကြပ် တဲ့မိသားစုစည်းမျဉ်းတွေကြားမှာ သူ့ငယ်စဉ်ဘဝဟာ စာအုပ်တွေနဲ့သာကြီးပြင်းခဲ့ရမယ်လို့ မှန်းဆနိုင်တယ်။ သူရေးတဲ့ ဝတ္ထုအတော်များများမှာလည်း သူ့ဇာတ်ကောင်တွေဟာမိသားစုပြဿနာတစ်ခုမဟုတ်တစ်ခုရှိနေတယ်။ စာရေးဆရာမဒေါ်ခင်မျိုးချစ်တို့ ကျေးဇူးကြောင့် ဘီအေတန်းဖြေဆိုအောင်မြင်ခဲ့တယ်လို့သိရတယ်။ နှစ်အတန်ကြာပြီးမှ ၁၉၆၅မှာ ဆေးတက္ကသိုလ်ပြန်တက်ခဲ့ရပြီး MBBS ဘွဲ့ရခဲ့တယ်။ ခက်ခဲပြီးစိတ်ရှုပ်ဖွယ်အချိန်ကာလတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ မိန်းမသားတစ်ယောက်ရဲ့ ခံစားချက်၊ ရုန်းကန်မှု၊ ဖိနှိပ်ခံရမှုတွေကိုကြည်အေးဟာ ဘဝနဲ့ရင်းပြီးတော့ကိုသိခဲ့ရတယ်လို့ပြောရင် လွန်မယ်မထင်ဘူး။ အမျိုးသမီး တစ်ယောက်ရဲ့တန်းတူရရှိသင့်တဲ့အခွင့်အရေးကို ကြည်အေးဟာ သူ့စာတွေကဗျာတွေထဲမှာ အမြဲထည့်သွင်းရေးသား ခဲ့တယ်။

အို . . ရှင်ဘုရား
လာခဲ့သောအခါ၊ သာသနာဟု
ရောင်ဝါသိမ်းခဲ့၊ မိန်းမနွဲ့တို့
ချို့တဲ့နိမ့်ကျ၊ နင်းရက်လှ၏
မျှတမှန်ကန်သည် မထင်မိ။  ( ခွန်အားသစ် ကဗျာမှ)

ကြည်အေးဟာ သူ့စာတွေကဗျာတွေကနေတဆင့် လူ့အသိုင်းအဝိုင်းကိုအမြဲမေးခွန်းထုတ်နေတယ်။ သူ့ဇာတ်ကောင် အမျိုးသမီးတွေဟာ လူ့အသိုင်းအဝိုင်းရဲ့စံနှုန်းတိုင်းတာချက်တွေရဲ့ မှင်နီရဲရဲသုတ်လိမ်းခြင်းကြောင့် အဖွဲ့အစည်းအပြင်ကို ရောက်နေရတယ်။ သူ့ကဗျာတွေထဲမှာလည်း အမျိုးသမီးတစ်ဦးရဲ့ နာကျင်မှု၊ အထီးကျန်မှုတွေကို အထင်ရှားဆုံးဖော်ပြ နိုင်ခဲ့တယ်။ ဒါပေမယ့် ကြည်အေးရဲ့ကဗျာတွေမှာ မှန်ကန်တဲ့မာနနဲ့ လောကကိုရင်ဆိုင်ဖို့ခွန်အားကို balance ညီညီထည့် ပေးနိုင်တာကိုတွေ့ရတယ်။ သူ့ကဗျာတွေဟာ ခံစားချက်ပြင်းထန်ခြင်းကြောင့် အစွန်းရောက်တယ်လို့ စွပ်စွဲနိုင်မယ့် အရေး အသားတွေ ပါလာပေမယ့် ကဗျာတစ်ပုဒ်လုံးခြုံငုံဖတ်ရှုပြီးချိန်မှာ သတိလက်လွတ်ရေးထားခြင်းမျိုးမဟုတ်ဘဲ အသိတရား နဲ့ ပြန်လည်ထိန်းကွပ်တဲ့ သဘောတွေကိုတွေ့ရတယ်။ လူမှုဘဝကနေ ထွက်ပြေးလိုစိတ်ကို သူမကဗျာတွေထဲ မကြာခဏ တွေ့နေရတာ သူမရဲ့ဘဝအတွေ့အကြုံနဲ့ချိန်ထိုးစာနာကြည့်ရင် ထူးဆန်းတယ်တောင်ဆိုဖွယ်မရှိဘူး။ စောင့်ခေါ်ပါမောင် ကဗျာမှာ -

လက်ကမ်းပါမောင်
ညင်သာမှေးပွေ့၊ အဖော်တွေ့ကြောင့်
ဆွေ့ဆွေ့ခုန်ပေါက် ၊ လမ်းဆက်လျှောက်မယ်
နှစ်ယောက်လက်တွဲ၊ တအားပဲဟင်
သဲလမ်းကျဉ်းကျဉ်း၊ လမ်းလျှောက်ရင်းကို
သီချင်းကြော်ကြော်၊ အော်ဆိုရအောင်

ဆိုပြီး ချစ်သူနဲ့ အဝေးသို့ထွက်သွားလိုစိတ်ကိုမြင်ရနိုင်တယ်။ တစ်ဖန် ထွက်ပြေးချင်တယ်ဆိုတဲ့ကဗျာမှာလည်း

မရဲတရဲ၊ တစ်ယောက်တည်းပင်
ဘာလဲမမြင်၊ စမ်းသပ်ဝင်ခဲ့
မြေပြင်သိပ်သည်း၊ မောပန်းလှဲချ
ရွက်ကြဲအောင်ပိတ်၊ သစ်အေးရိပ်၌
အိပ်မက်ကြံမှာ၊ မောင့်ကိုသာတွေး
ဘယ်ခါ လွတ်ပါ့မလဲကွယ်။

ဒီလိုမျိုးသဘောကို ထပ်တွေ့ရပြန်တယ်။ ဒါပေမယ့်ကဗျာဆရာမဟာ လက်တွေ့လောကမှဝေးရာစိတ်ကူးယဉ်ကမ္ဘာထဲ မျော နေသူတော့မဟုတ်ပြန်ဘူး။ ဒဂုန်တာရာရဲ့အားပေးချီးမြောက်မှုနဲ့ စာပေ ပန်းချီ ကဗျာတွေနဲ့ ပိုမိုနီးကပ်ခဲ့ရတာပါလို့ သူမကိုယ်တိုင်ဝန်ခံပေမယ့် ဒဂုန်တာရာရဲ့အတွေးအခေါ်အားလုံးကို ဆက်ခံခဲ့တာမဟုတ်ဘဲ ကိုယ်ပိုင်အတွေးနဲ့ ရပ်တည်ရေးဖွဲ့ခဲ့တာကိုမြင်ရနိုင်တယ်။ သာဓကအနေနဲ့ ဒဂုန်တာရာရဲ့ တဟီတီသွားရအောင် ကဗျာနဲ့ ကြည်အေးရဲ့ အနုပညာကျွန်း ကဗျာ ၂ ပုဒ်ကို ယှဉ်ဖတ်ရင်သိသာနိုင်တယ်။ တဟီတီဆိုတဲ့ကျွန်လေးကိုသွားမယ် ၊ လူသူမနီးတဲ့အရပ်မှာ တကိုယ်တော် စွန့်စားနေထိုင်မယ်။ တေးသီချင်းတွေအဖော်ပြုမယ် ဆိုတဲ့သဘောကို တဟီတီသွားရအောင်ကဗျာမှာ တွေ့ရမယ်။ ကြည်အေး ရဲ့ အနုပညာကျွန်းကဗျာကလည်း ဒီသဘောပဲ။ သာယာတဲ့အနုပညာကျွန်းလေးကိုရောက်ရှိခိုက် စာတွေဖတ်ကဗျာတွေစပ် ၊ ပန်းပုတွေထု၊ ပန်းချီတွေဆွဲ နဲ့ ရင်ခုန်စရာကောင်းခဲ့တယ်။ ဒါပေမယ့် ကွာခြားသွားတဲ့အချက်က တဟီဟီသွားရအောင် ကဗျာဟာ အဲဒီ့လောကနိဗ္ဗာန်လေးမှာပဲ အမြဲနေချင်တဲ့သဘောဖြစ်ပြီး လူ့အဖွဲ့အစည်းထဲပြန်တိုးမဝင် ချင်တဲ့သဘောဖြစ်တယ်။ ကြည်အေးရဲ့အနုပညာကျွန်းကဗျာကတော့ ဒီလိုမဟုတ်ဘူး။

 နေရစ်တော့နော်
ကြော့ကြော့ကလေး၊ လအေးအေးအောက်
ငှက်တေးသံညင်၊ မြေပေါ်စင်ဖိတ်
ရေပြင်ညံ့အိ၊ သစ်နွယ်ငြိချိန်
စိတ်၏အစာ၊ ငတ်ပြတ်ဆာတော့
ပြန်လာလည်ပတ်ပါဦးမယ်။

ကဗျာဆရာမဟာလက်ရှိလောကကိုပြန်လည်ရင်ဆိုင်ဖို့ ဒီကျွန်းလေးကိုနှုတ်ဆက်နေတယ်။ သူဟာအားအင်တဖန်မွေးဖို့သာ အနုပညာရဲ့အေးရိပ်ကို ခိုလှုံခြင်းဖြစ်တယ်။ တကိုယ်တော်သာယာမှုမှာ မိန်းမူးမနေဘဲ ပြတ်သားတဲ့ဆုံးဖြတ်မှု၊ မိန်းမသား တစ်ယောက်ရဲ့ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ကျင်လည်ရာလူ့အဖွဲ့အစည်းအတွက်တာဝန်ယူမှုကို ဖော်ပြနိုင်တဲ့ကဗျာလို့ ကောက်ချက် ချချင်ပါတယ်။

            အခြားတစ်ဖက်ကကြည့်ရင်တော့ သူမရဲ့ကဗျာတွေမှာ ဒဂုန်တာရာရဲ့အရိပ်လို့ ဆိုချင်လျင်ဆိုလို့ရမယ့် ပန်းချီဆန် ဆန် အသေးစိတ်ရေးဖွဲ့မှုတွေကိုလည်း လေ့လာတွေ့ရပြန်တယ်။

ပြာဖန့်တစ်ဝက်၊ ပန်းဆီယှက်စပ်
လှိုင်းခတ်တိမ်နွယ်၊ ခရမ်းခြယ်ခဲ့
ပြန့်ကျယ်ကောင်းကင်၊ အလှဆင်ဆဲ။ (ဆည်းဆာစကား ကဗျာမှ)
မှန်သားချပ်မျှ
ငြိမ်ဝပ်တိတ်ဆိတ်၊ ရေပြင်ရိပ်ထင်
သစ်မြိတ်မြဖူး၊ ချုံနွယ်ကူးယှက်
နှင်းလူးမြက်ပင်၊ ပုလဲဆင်သ
မျက်ရှင်စိန်စ၊ ကြယ်သေးရွသို့ ( မွန်းနစ်စိမ်းကား ကဗျာမှ)

အထူးသဖြင့် ကြွေရွက်ဆင် ဆိုတဲ့ကဗျာမှာ အသေးစိတ်ဖွဲ့နွဲ့မှုနဲ့အတူ ရုပ်ရှင်ဆန်ဆန် တစ်ကွက်ချင်းဖော်ပြသွားဟန်ကို အတုယူလောက်ဖွယ်တွေ့ရပါတယ်။ ကဗျာတစ်ပုဒ်လုံးကိုဖော်ပြလိုက်ပါရစေ။

ကြွေရွက်ဆင်
ညိုခြေရင့်ကို
လေလွင့်ပတ်ချာ၊ မြေညံ့ပြာထက်
ရွှေဝါတစ်ဝက်၊ စိမ်းရော်ဖက်စပ်
ဆက်တိုက်ပြုတ်ကြွေ၊ စောင်းရွှေရွှေစီ
ရွာစွေသွန်းသည့် ကြွေရွက်မိုး။
ပျော်တပျက်လေ
ကြွေရွက်တစ်လိပ်၊ အသွားစိပ်နှင့်
ညှာထိပ်မခြောက်၊ မြကွက်ပြောက်နှင့်
လက်အောက်ကျလာ၊ အနားမှာမို့
အသာလှမ်းပြီး တိတ်တိတ်ကောက်။
လန့်ဆုတ်မိရဲ့
ညံ့အိစက်စက် ၊ထိတွေ့လက်၌
သစ်ရွက်ရုပ်ပုံ၊အဆစ်စုံလေး
လေကြုံမှာလွန့် ၊ပြာတကန့်နှင့်
ဝါဖန့်ရော်ရွှေ ၊ခပ်ပွေပွေရယ်
မေက နီးကပ် ၊မိုးပြီးရပ်နေ
ဇာသပ်ပိုးပျော့ ဆင်ထဘီ။

            ကြည်အေးဟာ နာကျင်အထီးကျန်မှုကိုဖွဲ့ခဲ့ပင်မယ့် လက်တွေ့လောကကို မျက်ခြေပြတ်သူမဟုတ်ဘူးဆိုတာ ဆို ခဲ့ပြီးဖြစ်ပါတယ်။ ဒီသဘောတရားကို ၁၉၅၃ သူမ အိမ်ထောင်ပြုပြီးနောက်ပိုင်းရေးတဲ့ကဗျာတွေမှာ ပိုမိုထင်ရှားစွာတွေ့မြင် နိုင်တယ်။ အထူးသဖြင့် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၏ ဘဝ၊ မိခင်တစ်ယောက်၏ ဘဝ မှာရေးခဲ့တဲ့ကဗျာတွေဟာ ငယ်စဉ်ကရေးခဲ့တဲ့ကဗျာတွေနဲ့ ကွာခြားလာတာကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ လောကကို နာကျင်ကြောက်ရွံ့မှု နဲ့ တုံ့ပြန်မယ့်အစား ရုန်းကန်လှုပ်ရှားခြင်းသဘောနဲ့ ဘဝကိုချစ်ခင်တဲ့စိတ်ကို ဖော်ပြရေးသားလာခဲ့တယ်။ ကလေးတို့မိုး၊ ပုံပြောမယ်၊ သမီးအလိမ္မာ၊ မေ့သားလိုချင်သည် အစရှိတဲ့ ကလေးကဗျာတွေကိုလည်းရေးသားလာခဲ့တယ်။ သစ္စာသစ် ဆိုတဲ့ကဗျာမှာ ပိုးဖလံမျိုးမီးကိုတိုး ဆိုတဲ့စကားကို ပြန်လည်မေးခွန်းထုတ်ထားတယ်။ မီးထဲတိုးပြီးပိုးဖလံဘဝကမှ ပုရွက် ဘဝကို ပြောင်းရမှာမို့ တိုးသင့်ရင်တိုးရမှာပဲဆိုတဲ့သဘောမျိုးကို

ထွေးပွေ့လင်သား၊ သမီးသားမြေး
စကားနှစ်သက်၊ မိတ်ဆွေဖက်ဟု
မက်မောဘဝ၊ တစ်ခဏလည်း
အလှရှာဖွေ၊ အဖြေတွေ့သော်
မွေ့ပျော်ငြိတွယ်၊ သေမျိုးနွယ်လည်း
ရယ်ရွှင်ဝံ့စား၊ ငါလူသားဟု
တရားထွန်းသစ်၊ သတ္တိဖြစ်၏။
. . . . လို့ ပွင့်ပွင့်လင်းလင်းရေးခဲ့တယ်။

ဟန်ဆောင်သူများ ဆိုတဲ့ကဗျာမှာလည်း ဒီလိုသဘောမျိုးကိုထပ်တွေ့ရပြန်တယ်။ အိမ်ထောင်သားမွေးဘဝမှာ သောကမျိုး စုံကြုံရပေမယ့် မညည်းညူလိုဘူးလို့ ဆိုတယ်။ သံသရာဝဋ်ကိုကြောက်ရင် ပါးစပ်က ဘုရားတရားဆိုနေရုံနဲ့မပြီးကြောင်း၊ ထိုသို့သောအပြောသမားများကိုလည်းစွန့်ဝံ့သူဟုမထင်ကြောင်းနဲ့ ( ငါစွန့်ခွာလျှင်၊ ပြန်မလာတတ်၊ ကင်းရှင်းပြတ်အံ့) လို့ ရဲရဲရင့်ရင့်ရေးခဲ့ပါတယ်။ ဒါတွေအပြင် ထိုခေတ်ထိုအခါရဲ့ လူမှုဘဝပုံရိပ်အချို့ကိုလည်း သူမကဗျာတွေထဲတွေ့ရဦးမယ် ဖြစ်ပါတယ်။

တစ်နွေပေါ်လျှင်
ပျော်ရွှင်လိုလို၊ တစ်နှစ်အိုခဲ့
ချိုဥသြနှင့်၊ စခန်းသင့်ခဲ့
ချစ်လင့်ထံပါး၊ စကားကြွယ်မြဲ
ခိုတွယ်သမီး၊ အိမ်ကြီးခြံဝင်း
နှင်းစွတ်နှင်းဆီ၊ ဝါနီညို့နက်
ရှိုက်သက်မွှေးပျံ့၊ လာဖရန့်စ်နှင့်
ရှဥ့်ညံ့ယွန်းအိုး၊ ဧည့်ခန်းစိုးခဲ့
သွန်းဖြိုးဖိတ်စာ၊ ပွဲတကာရောက်
ညစာသန်းယံ၊ ယစ်ရည်လျှံလည်း
ဟန်လုပ်ပြုံးဝေ၊ ပဝါရွှေခြည်
ခြေမြင့်ဖိနပ်၊ မြလည်ကပ်ပြိုင်
ဆံညှပ်ပုလဲ၊ စိန်ပြာတွဲခြယ်
ဖဲပိုကာဝိုင်း၊ နေ့ညတိုင်းဒေါင်း
မာဂျောင်းလူစေ့၊ မိတ်ဆွေတွေ့ခဲ့။  (ထွေပြားသူ ကဗျာမှ)

မြို့လယ်လမ်းဆိုတဲ့ ကဗျာမှာလည်း မြို့ပြရဲ့ပုံရိပ်တွေကို အသေးစိပ်ရေးပြထားပါသေးတယ်။ အဲ့ကဗျာကိုရေးခဲ့တာ ၁၉၇၂ ဆိုတော့ အဲ့ဒီ့ခေတ်က နိုင်ငံရေးအခြေအနေကိုပါ တစ်စိတ်တစ်ပိုင်းအကဲခတ်နိုင်ပါတယ်။

စီတန်းရုပ်ရှင်၊ ဆူညံယာဉ်ပြေး
ဆင်ဝင်ရှေ့ပေါက်၊ တွန့်ကောက်မြွေပတ်
လက်မှတ်တိုးရောင်း၊ ပေါင်မုန့်တောင်းကြ . . .
လက်မှာလင်ပန်း၊ အင်္ကျီနွမ်းနှင့်
မရမ်းချဉ်စပ်၊ ဆီးထုပ်ထပ်၍
ကွန်းရှပ်ငါးမုန့်၊ ချိုမြို့သကြား
ဆားပဲလှော်ရွ၊ လစက္ကူကြည်
ဖျော်ရည်သီးချဉ်၊ ခွက်ချင်ရောင်းဆဲ . .
ကားတစ်ခြမ်းစောင်း
တွဲလောင်းစီးလာ၊ ငါးသေတ္တာသို့
လူတစ်ရာမက၊ မတ်တတ်ထလိုက်
ကတ်ကြေးကိုက်နှင့်၊ ခါးပိုက်နှိုက်မှ
ခုန်ချလှမ်းတက်၊ လုယက်အားခဲ . .
သူတောင်းစားမူ
ငါးပြားဆယ်ပြား၊ ပေးပါလားရှင်
သနားကယ်ပါ၊ စွန့်ကြဲမှာလား
ဆာလောင်ထမင်း၊ မျှော်ငေးရင်းက . .
တိုက်နံဘေး၌
အုတ်ဆွေးရေစိမ်၊ မြေအက်နိမ့်စောင်း
ရေပုပ်မြောင်းဟောင်း၊ ယင်တလောင်းလောင်း
လဲလျောင်းမိန်းမော၊ သေငယ်မြောသူ
ရောဂါကပ်မြှေး၊ ဆေးနှင့်ဝေးစွ . .
လှပဖိတ်လက်၊ မှန်ပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊ စက်အေးချင်ထင့်
ပေါင်းပင်ချုံကြား၊ နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ ပြုံးညှို့မြူနှင့် ..

စသဖြင့် ပကတိအရှိတရားအတိုင်း ကွက်ကွက်ကွင်းကွင်းရေးဖွဲ့မှုတွေကိုလည်း မြင်ရတယ်။ ဒီလိုအရေးအဖွဲ့မျိုးကို ၁၉၇၂ သူမ ချီကာဂိုမြို့သို့ရောက်နေသည့်အချိန်တွင်ရေးခဲ့သည့် ပထမအမြင် ဆိုတဲ့ကဗျာမှာလည်း ထပ်တွေ့ရသေးတယ်။ တိုက် အမြင့်တစ်နေရာက မြင်ကွင်းတွေကိုငုံ့ကြည့်ငေးမောရင်း စိတ်ရဲ့လွင့်ပါးရာအတိုင်းမြင်ကွင်းတွေကို တောက်လျှောက်ရေးဖွဲ့ ပြခဲ့တယ်။ ဇာတိမြေက ခွဲခွာခဲ့ရပြီး တိုင်းတပါးမှာမပျော်နိုင်တဲ့အကြောင်းကို

လက်ဖျားအေးစက်
ဘယ်နွေးနိုင်ပြီ၊ ပျော်ပဲမှီခို
ချီကာဂိုမြို့၊ မီးပွင့်ပျို့လျှံ
မိုးပျံတိုက်မြင့် တောကြမ်းတွင်း၌ ။
 . . လို့ ရေးတယ်။

တိုက်မြင့်တောကြမ်း ဆိုတဲ့အတွဲအစပ်ဟာ အဲဒီ့ရေးဖွဲ့ချိန်နဲ့နှိုင်းယှဉ်ရင် ဆန်းသစ်တဲ့အရေးအသားလို့ဆိုနိုင်တယ်။ လူနေမှု ဘဝအသစ်မှာ ကြုံတွေ့ရတာတွေဆက်လက်ရေးပြသွားတယ်။ ခရစ်စမတ်နေ့ပွဲတွေဆင်နွှဲပုံ၊ လက်ဆောင်တွေအပြန်လှန် ပေးကြပုံ၊ သူမ မှာ အိမ်ကိုလွမ်းချင်ရက် အလွမ်းခက်နေပုံ။ ပြီးတော့ မြင်နေရတဲ့မြင်ကွင်းတွေကို

သစ်ပင်တန်းလည်း၊ ယဲ့ယန်းခြောက်သွေ့
အိမ်မေ့မြောလွန်၊ သေဆုံးဟန်ထင့်
ရိုးတံပြိုင်းပြိုင်း၊ သစ်ကိုင်းခြောက်မည်း
ဖွဲကြဲခက်ဖြာ၊ ရွက်ရှင်းကွာခဲ့
မြက်ဝါမည်းညို၊ မစိုပြည်ဘူး . . . . .
တဖွဲဖွဲမှ၊ သဲမဲပိတ်ထူ
မုန်တိုင်းမြူထင့်၊ လေယူတွန်းရာ၊
စောင်းရွှေဖွာလွင့်၊ နှင်းလွှာဇာဖတ်
ထူထပ်ချက်ချင်း၊ မိနစ်တွင်းမှာ
နှင်းခင်းလမ်းမ၊ ဖွေးရွပိတ်ဖုံး . . .
ဘီလူးကြီးမား၊ လက်ဝါးကြမ်းနှင့်
လွှဲယမ်းရိုက်နှက်၊ လေစောင်းထက်က
မှန်ရွက်ပြတင်း၊ ရုန့်ရင်းမြည်ညံ . .
နစ်မြုပ်နှင်းကြား၊ ဓားသွားရှဟန်
အဖုံးလန်ဖွာ၊ တံဆိပ်ပြာနှင့်
ဘီယာဘူးခွံ၊ နှင်းတောကျွံခဲ့
မြချွန်ပြတ်ဖန်၊ ပုလင်းမှန်ကွဲ
ထိပ်ပြဲဖိနပ်၊ ဆင်းရဲရပ်ကွက် . . .

အစရှိတဲ့အတိုင်း အသေးစိတ် တစ်ကွက်ချင်းကို အမိအရရေးဖွဲ့ပြခဲ့တယ်။ ဘယ်လိုပဲ တိုက်ကြီးတာကြီးတွေနဲ့ ခမ်းနားတင့် တယ်နေပေမယ့် အေးစက်ခြောက်သွေ့တဲ့လူနေမှုဘဝရဲ့ အတွင်းသားအထိ ကြည်အေးဟာ ထိုးဖောက်မြင်ခဲ့တယ်။ မြင်တဲ့ အတိုင်းလည်း ကဗျာအဆုံးသတ်ကို အခုလိုရေးခဲ့ပါတယ်။

မီးလင်းတိုက်ချွန်၊ တိမ်လွန်ဖြတ်လည်း
ချစ်မြတ်မိတ်ဆွေ၊ မရှာဖွေနှင့်
ဝေငှကြည်ဖြူ၊ တူညီမရှိ
မည်း၏ ဖြူ၏၊ ဝါ၏ခွဲခြား
ခိုးသားမုဒိမ်း၊ သေနတ်ဟိန်းသံ
ရန်ပြန်မုန်းတီး၊ ဒေါသမီးရိုင်း
တွေမှိုင်းလူသား၊ ဆေးခြောက်မှားနှင့်
တရားမဲ့ကင်း၊ ညစ်ပတ်ခြင်းကို
နှင်းခင်းဖုံးကွယ်၊ နိုင်ငံကျယ်စွ
ကြွယ်ဟန်ဆောင်သည်
နှင်းမှောင် ကန္တာရတကား။

ပကတိတရားကို အရှိအတိုင်းမြင်ပြီး ဘက်တစ်ဘက်သို့ အငြိအစွန်းကင်းစွာရေးဖွဲ့လေ့ရှိတဲ့သဘောကိုလည်း ကောက်ချက် ချလို့ရပါတယ်။

            ဒီနေရာမှာ ဆရာမင်းခက်ရဲရဲ့ ကြည်အေးလေ့လာချက်စာအုပ်ထဲက သုံးသပ်ချက်တစ်ခုကိုဖော်ပြလိုပါသေးတယ်။ (ဆန့်ကျင်ခြင်းဟာ ကြည်အေးရဲ့လက်ရာတွေမှာ ဝတ္ထုတက်ခနိတစ်ခုလိုတောင်မှ အလုပ်လုပ်နိုင်တယ်။ ဝတ္ထုအများစုဟာ အစဉ်အလာဝတ္ထုပုံစံ ဇာတ်ကွက်ကို ဆန့်ကျင်တယ်။ . . . . လူအများစုဟာ အစဉ်အလာဝတ္ထုတွေကိုဖတ်တဲ့အခါ ဝတ္ထုတစ် ပုဒ်လုံးအပြည့်အစုံကို မျှော်လင့်တတ်ကြတယ်။ အစဉ်အလာဝတ္ထုတွေက ဖြည့်ဆည်းတတ်တဲ့ ဒီလိုပုံစံမျိုးကို ကြည်အေး ဝတ္ထုတွေက ဆန့်ကျင်ထားတယ်။ မီဝတ္ထုမှာ မီကွယ်လွန်ခါနီး ဝတ္ထုတစ်ပုဒ်လုံးမှာမပါတဲ့ ဘလှသိန်း ဆိုတဲ့နာမည်ကိုရွတ်ပြီး ဆုံးသွားတယ်။ စာဖတ်သူကို အစဉ်အလာဝတ္ထုတွေထဲကလို အကုန်လုံးပြီးပြည့်စုံအောင် ရှင်းပြမသွားခဲ့ဘူး။ ဒါကြောင့် စာဖတ်သူတွေရဲ့မျှော်လင့်ချက်ကိုပါ ဆန့်ကျင်တယ်။)

            ထိုနည်း၎င်းပါပဲ။ ကြည်အေးရဲ့ကဗျာတွေမှာလည်း ပုံသေအတွေးအခေါ်များကို မထီမဲ့ပြုဆန့်ကျင်ချင်တဲ့သဘော၊ စာဖတ်သူကိုအကုန်ရှင်းမပြဘဲ နက်နဲမှုကိုချန်ဝှက်ထားတဲ့သဘောတွေကို တွေ့ရတယ်။ မိုးနဲ့မြေကဗျာမှာ အခြေအနေ ကွာဝေးလှသောကြောင့် လှပသောမိန်းမပျိုက လုလင်ပျိုကို စိတ်လျှော့ပါတော့၊ မိုးနဲ့မြေလိုကွာဝေးလှပါတယ် ဆိုပြီး မာနထားတယ်။ ဒီအခါမှာ လုလင်ပျိုရဲ့ တုံ့ပြန်ပုံကို ဒီလိုရေးပြတယ်။

ပခုံးတွန့်၍
မြေပြန့်မိုးခြေ၊ ကြည့်မျှော်လေသော်
မြေလည်းအပြာ၊ မိုးလည်းပြာ၍
အပြာချင်းယှက်၊ မိုးကုပ်စက်ဝယ်
စပ်ဆက်မိုးမြေ၊ ထိတွေ့နေသည်
မြေသည် မိုးနှင့် နီးတကား။

 ဒီနေရာမှာ ပခုံးတွန့်၍ဆိုတဲ့ အမူအယာလေးကို ထည့်သွင်းရေးသားလိုက်ခြင်းဟာ မထီမဲ့မြင်သဘော၊ အစဉ်လာတွေးခေါ် မှုတွေကို ပြက်ရယ်ပြုချင်တဲ့သဘောမျိုးလို့ ကောက်ချက်ချနိုင်ပါတယ်။ ကြည်အေးဟာ အများဆိုသလို အားလုံးသင်္ခါရပဲ၊ မတည်မြဲဘူးဆိုပြီး ညည်းတွားကာရှေ့မတိုး၊ အလုပ်မဖြစ်သောအတွေးအခေါ်ကိုလက်မခံပါ။ (ဟန်ဆောင်သူများ၊ သစ္စာသစ် ကဗျာများတွင်ဆိုခဲ့ပြီး) သူမဟာ ပစ္စုပ္ပန်အရှိတရားကိုတန်ဖိုးထားတယ်။ ကိုယ်ပိုင်ရပ်တည်ချက်ရှိတယ်။ သမား ရိုးကျဆင်ခြေဆင်လက်များကို ဆန့်ကျင်တယ်။ နှင်းဆီရဲ့အချစ်တရား ဆိုတဲ့ကဗျာမှာလည်း ဒီသဘောကို ထပ်မံရေးဖွဲ့ခဲ့ တယ်။ နှမက လှလည်းလှ၊မွှေးလည်းမွှေးတဲ့နှင်းဆီကိုကြိုက်တယ်ဆိုတော့ ချစ်သူက ဘာပဲဖြစ်ဖြစ်ကြွေမှာပဲလို့ ငြင်းတယ်။ ဒီတော့ နှမက ဒါဆိုဘယ်ပန်းကရောမကြွေဘဲနေလို့လဲ၊ မကြွေတဲ့သဇင်ပန်းဆိုတာမျိုးရှိရဲ့လားလို့ ပြန်ရန်ထောင်တယ်။ ပြီးတော့မှ သူ့အယူအဆကို အခုလိုရေးတယ်။

တဒင်္ဂပေမယ့်
အလှပိုင်ဆိုင်လို့
ကြိုင်လှိုင်ချိုရီမြ
ဘဝနေပျော်ပြီထင့်
နှင်းဆီကြည်ဖြူခက်သူရဲ့
အပျက်ကိုသာမြင်၍
ခင်မင်တွယ်တာခြင်းကိုလည်း
ငြင်းရက်တယ်လား။

ဒီကဗျာစာပိုဒ်မှာ နက်နဲတဲ့ဘာသာရေးအသိတစ်ခုထိပါ ဖတ်သူတစ်ယောက်အနေနဲ့လှမ်းမြင်ကြည့်နိုင်တယ်။ ဘဝနေပျော် ပြီထင့် ဆိုတဲ့စာသားရယ် ၊ အပျက်ကိုသာမြင်၍ ဆိုတဲ့စာသားရယ်ကို အထူးသတိပြုမိပါတယ်။ ဘဝမှာ အပျက်သဘောပဲ ရှိနေတာမဟုတ်၊ ဖြစ်ခြင်းသဘောတရားလည်းရှိတယ်။ အပျက်ကိုကြောက်၍ ဖြစ်နေခိုက်ကိုမပျော်မရွှင်နဲ့ ရဲရဲဝံ့ဝံ့ဖြတ်သန်း နိုင်စွမ်းမရှိတာ၊ တစ်နည်းအပြောသာရှိပြီး လက်တွေ့ကျင့်ကြံနိုင်စွမ်းမရှိတဲ့ စွမ်းဆောင်ရည်နိမ့်တဲ့လူသားဘဝဟာ လည်း အစွန်းတစ်မျိုးဖြစ်တယ်ဆိုတာကို ကြည်အေးဟာသဘောပေါက်ခဲ့ပုံရတယ်။ ဘာသာရေးအမြင်နဲ့ပတ်သက်လို့ ကြည်အေး ဟာအတော်လေးလွတ်လပ်ပွင့်လင်းတာကို အခြားကဗျာတွေမှာလည်းမြင်ရနိုင်သေးတယ်။ တရားသခင်ဆိုတဲ့ကဗျာမှာ

ကြည်လင်ရုပ်သွင်၊ သခင်ဟူသည်
တစ်ဆူဂင်္ဂါသဲမှ၊ ရှင်ဗုဒ္ဓလား
ထမြောက်ပြန်သစ်၊ ခရစ်တော်လား
ကျော်လွင့်လူ့ရွာ၊ အလ္လာဟူလား
စကားမွန်မြတ်၊ ကွန်ဖြူးရှပ်လား
ကားလ်မတ် အိန်ဂျယ် လီနင် စတာလင်လား။
ဒီလိုမေးခွန်းထုတ်တယ်။ အယူအဆ ဝါဒ တစ်ခုကို မျက်မှန်းဆနဲ့ကိုးကွယ်ခြင်းမဟုတ်ဘဲ အားလုံးကိုစိတ်တံခါးဖွင့်ကြိုဆို တတ်တဲ့  
             ဉာဏ်ပညာကိုမြင်ရနိုင်တယ်။ ပြီးတော့ သူမကိုယ်တိုင်ပဲ ဒီလိုပြန်ဖြေခဲ့တယ်။

ကြည်လင်ရုပ်သွင်
သခင်မွန်ကို၊ ကျွန်ရှိခိုးလည်း
လူကိုရှိမခိုး၊ တရားကို ရှိခိုး၏
စိုးစဉ်းချွတ်ယွင်း၊ ခေတ်နှင့်မလျင်းက
ခြွင်းချက်ဖြင့် ပူဇော်၏။
လို့ဆက်ရေးတယ်။ လူထက်ဓမ္မကိုသာကိုးကွယ်ကြောင်းပြောတယ်။ ဒါ့အပြင်ပိုမိုထူးခြားတဲ့အချက်က စိုးစဉ်းချွတ်ယွင်း၊ ခေတ်နှင့်မလျင်းက ၊ ခြွင်းချက်ဖြင့်ပူဇော်၏ ဆိုတဲ့စာသားပဲ။ ဓမ္မကိုလိုက်စားတဲ့နေရမှာတောင် ကြည်တူရွေးနှုတ်တိုက် အကြောက်တရားနဲ့သွားတဲ့လမ်းစဉ်ကိုမရွေးလိုဘူး။ ကိုယ်ပိုင်အသိဉာဏ်နဲ့ဆင်ခြင်ဆုံးဖြတ်ပြီး ခေတ်နဲ့မလျော်ညီတာကို ပြန်လည်သုံးသပ်မယ်ဆိုတဲ့သဘောကိုရေးပြထားတယ်။ ဝိဘဇ္ဇဝါဒီတစ်ယောက်ရဲ့စိတ်ထားဖြစ်တယ်လို့ ကောက်ချက် ချလို့ရပါတယ်။

ဒီလိုအတွေးအခေါ်ပိုင်းအရ အများနဲ့မတူဘဲသစ်လွင်မှုရှိတဲ့အပြင် စာဖတ်သူကိုအပြည့်အဝရှင်းပြခြင်းဆိုတဲ့ သဘောကိုဆန့်ကျင်ရေးသားမှုတွေကိုလည်း သူ့ကဗျာတွေမှာတွေ့ရပါသေးတယ်။ ဥပမာ - ဘဝကူး ဆိုတဲ့ကဗျာမှာ ရေထဲဆင်းပြီးအသက်ကိုအဆုံးစီရင်သွားသူ မိန်းမပျိုတစ်ယောက်အကြောင်းကိုရေးဖွဲ့တယ်။ အချိန်ကာလဟာ မိုးရွာပြီးစ အချိန်။ သူမရဲ့ခြေကိုရေလှိုင်းလေးတွေလာရောက်တိုးတိုက်လာတယ်။ သူမရဲ့ ဆံပင်တွေ လေထဲတလွင့်လွင့်ဖြစ်နေပုံကို ပန်းချီဆန်ဆန်ဖွဲ့ပြတယ်။ အဲ့အချိန်မှာ လူရိပ်လူယောင်လိုလို ကလေးငိုသံလိုလို တေးဆိုဟန်လိုလို မြင်ရကြားရတယ်။ သူမနားကိုအနီးကပ်ပြီးလိုက်ခဲ့လို့ခေါ်နေသယောင်ကြားလာရတယ်။ နောက်ဆုံး အပိုဒ်မှာတော့

သတိဝေ့လည်
မေ့လျော့ဖြည်းညင်း၊ ရေကိုဆင်းပြီး
စမ်းနင်းလျှောက်ခဲ့၊ ကျောက်ပဲ့ရွဲ့စူး
မူးနစ်မွန်းပျောက်၊ လွယ်ကူရောက်သည်
ရေအောက်ဖြတ်လမ်းတိတ်တခိုး။
  .  . လို့အဆုံးသတ်လိုက်တယ်

ဒီနေရာမှာ ခြေထောက်ကို ကျောက်စရစ်လေးတွေစူးနေတာကို သိတယ်ဆိုကတည်းက သတိရှိရှိနဲ့မိန်းမပျိုဟာ ရေထဲဆင်း လာခဲ့တယ်လို့ဆိုနိုင်မယ်။ ဒါပေမယ့် ဘာကြောင့် ရေထဲဆင်းခဲ့ရသလဲ။ ဘာစိတ်ညစ်စရာကြောင့်လဲ။ ဘယ်လိုအကြောင်း တရားတွေရှိလဲဆိုတာ မရှင်းပြခဲ့ဘူး။ ပြီး သူဖြတ်ကူးခဲ့တဲ့မြစ်ဟာ တကယ့်မြစ်လား၊ ဒါမှမဟုတ် မရဏမြစ်ရဲ့နိမိတ်ပုံလား ဆိုတာကိုလည်း ဝေဝါးအောင်ရေးထားတယ်။ သူမရဲ့အတွေးစိတ်လှုပ်ခတ်မှုကိုလည်း အတ္တပုံရိပ်လွှာ၊ ထွေပြားသူ ဆိုတဲ့ ကဗျာတွေမှာ တွေ့နိုင်သေးတယ်။ ဗာဂျီးနီးယားဝုရဲ့ဝတ္ထုတွေကိုနှစ်ခြိုက်ကြောင်း၊ စကားပြေဆိုပေမယ့် ကဗျာဖတ်သလို ခံစားရကြောင်း၊ စိတ်တွေလွင့်စင်နေတာကိုလိုက်ဖမ်းပြီး စုဝေးတဲ့သဘောမျိုးကိုရေးလေ့ရှိတာကြောင့်သဘောကျကြောင်း အင်တာဗျူးတစ်ခုမှာကြည်အေးဟာဖြေခဲ့ဖူးပါတယ်။ သူမပြောသလိုပဲ အံ့ဖွယ်ခန်းဆိုတဲ့ကဗျာမှာ ဆိုရင်အတွင်းစိတ်ရဲ့ လှုပ်ခတ်မှု၊ ဆန်းကြယ်မှုကို အတော်ကို အနုစိတ်ရေးပြထားတာကိုမြင်ရနိုင်တယ်။

ကြွရွလွင့်ပါ၊ အိပ်မက်လွှာလို
မီရာလက်ကမ်း၊လှေကားတန်းကို
မစမ်းမမိ၊ ဖမ်းမမိပင်
လှမ်းမိမျှနှင့်၊ ခုနစ်ဆင့်ပျံ
မြင့်ကျွံနက်လေး၊ မြေမှဝေးစွ
မြူမှေးရစ်ဝန်း၊ အံ့ဖွယ်ခန်းကို
ဆမှန်းလုံးတည်း ဝင်ခဲ့သည်။

ဒီလို အိပ်မက်ဆန်ဆန်အခန်းထဲရောက်ရှိခဲ့ပုံနဲ့ပျိုးတယ်။ ပြီးအခန်းရဲ့အတွင်းပိုင်းကိုအသေးစိတ်ခြယ်မှုန်းပြတယ်။ အခန်း ထောင့်တိုင်းမှာ ပန်းပုတွေ ပန်းချီကားတွေရှိနေပုံ။ မိမိပါးစပ်အဟောင်းသာဖြစ်နေတာကို မှန်တစ်ချပ်ထဲမြင်လိုက်ရမှ ကြက် သီးထပြီး ပျော်သလိုလိုမောသလိုလိုဖြစ်ရပုံကို ပြောတယ်။ သည်အခန်းဟာ သူမရဲ့စိတ်အတွင်းပိုင်းက အတိတ်တစ္ဆေခို အောင်းရာအခန်းဖြစ်ဟန် ဆိုတယ်။

ထောင့်မှအပြုံး၊ ငါ့အပြုံးဖြစ်
ဇာဖုံးကြေးမုံ၊ ငါ့ကြေးမုံဖြစ်
ခိုလှုံခြောက်ပွေ၊ ငါတစ္ဆေဖြစ်
နေခြည်မှုန်ပျ၊ နံနက်ထ၌
ဘဝသည်မှာ တွယ်ခဲ့သည်။
 . . လို့ ဆက်ရေးတယ်။

ဒါဟာ သိရခက်ခဲတဲ့အရေးအသားဖြစ်တယ်။ ဘာကြောင့်ဘယ်လိုဆိုတာကို စာဖတ်သူကိုစဉ်းစားချိန်မပေးဘဲ၊ တစ်နည်း စဉ်းစားရန်အရိပ်အမြွက်ကိုမပေးဘဲ ဖြစ်စဉ်အတိုင်းမျောပါဖတ်ရှုစေလိုတဲ့ရည်ရွယ်မှုကိုမြင်ရတယ်။ သည်နေရာကား၊ တစ်ခါတက်က၊ ဆင်းမရဘူး လို့လည်း တစ်နေရာမှာရေးသေးတယ်။ ဘယ်လိုနေရာလဲဆိုတာကို စာဖတ်သူကိုယ်တိုင်ပုံ ဖော်ပေးရမယ့်အနေအထားပဲ။ ဒါပေမယ့် ကဗျာရဲ့အဆုံးပိုင်းမှာတော့ သူမရဲ့စိတ်ပိုင်းဆိုင်ရာအခန်းငယ်ရဲ့သော့ချက်ကို ရိုးတိုးရိပ်တိတ် ဖော်ပြတာကိုသတိထားမိတယ်။

သဘောနားလည်၊ သူကြင်သည်ကို
ဆိမ့်ကြည်လေးပင် ၊ မြည်းတို့ချင်ငဲ့
ကြော့ဇင်ခွေရုန်း၊ ကာနွယ်ကုံးလည်း
နှလုံးမပွင့်၊ ရာသီလင့်တတ်
. .  ဆိုတဲ့စာသားများကို ထောက်ရှုခြင်းအားဖြင့် အနည်းငယ်ရိပ်မိနိုင်ကောင်းရဲ့ထင်တယ်။

သို့သော်လည်း ၄င်းအချက်အလက်မှာပင် ဒီကဗျာတစ်ခုလုံးရဲ့သော့ချက်လို့ ကံသေကံမ မပြောနိုင်ပေဘူး။ ဒီကဗျာကို ဖြစ်စေတဲ့ အကြောင်းတရားရဲ့ဆင့်ပွားအချက်အလက်တစ်ခုလို့လည်း ယူဆမယ်ဆိုယူဆနိုင်ပါသေးတယ်။ ကဗျာတစ်ပုဒ် လုံးကို ဖတ်ကြည့်မယ်ဆိုရင် ရေရာပြတ်သားတဲ့အဓိပ္ပာယ်ကို ဖမ်းမိလိမ့်မယ်မဟုတ်ဘူး။ ဒါပေမယ့် စကားလုံးတစ်ခုချင်းရဲ့ ထိရောက်အားပါမှု ၊ တစ်နည်း ကဗျာဖြစ်မှုကတော့ အတော်လေးပြောင်မြောက်တယ်လို့ ယူဆချင်ပါတယ်။ မတွေးမှတ်မိ၊ တိမ်ပြောင်းအိသည်၊ မြေညှီနှံ့သက် တက်ဘိသည် .. ဆိုတဲ့အဖွဲ့မျိုး ရွံ့ကြားချင်တိုင်း၊ ပဲ့တင်လှိုင်းထ၊ သင်္ချိုင်းတိမ်မိုး ယံတကား ဆိုတာမျိုး ၊ တူညီဆင်ဖော်၊ ဘယ်မှာပျော်လဲ၊ မမျှော်လင့်ရဲ၊ ကြေဝမ်းနည်းမိ၊ သုတ်ဆဲမျက်ရည် အန်ဘိသည် .. ဆိုတဲ့အရေးအသားမျိုးဟာ ဘာသာပြန်ပြီးခံစားတာထက် ကဗျာပုံစံအတိုင်း တိုက်ရိုက်ခံစားလို့ကောင်းတဲ့ ၊ တစိမ့်စိမ့် အာရုံ ဝင်စားလို့ကောင်းတဲ့ အရေးအသားတွေဖြစ်နေတာကို ငြင်းဖွယ်မရှိပါဘူး။

            ကဗျာရေးသူဟာ သူကျင်လည်ကျက်စားရာနယ်မြေက ရလာတဲ့အာရုံကိုလည်း ကဗျာထဲထည့်ရေးလေ့ရှိတာ ထုံးစံပါပဲ။ ဝါသနာပါရာ၊ စွဲလမ်းရာတို့အပြင် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကလည်း ကဗျာဖြစ်စေတဲ့ အကြောင်း အရင်းတွေဖြစ်လာနိုင်ပါတယ်။ စစ်ဘုရင်တစ်ယောက်လည်းဖြစ်တဲ့ နတ်သျှင်နောင်ရဲ့ ကဗျာတွေထဲမှာ စစ်ပွဲနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေပါနေတတ်တဲ့ ဥပမာကအစ၊ ပန်းချီတွေရေးဆွဲတဲ့ဒဂုန်တာရာရဲ့ကဗျာထဲမှာ အရောင်သဘော တရားတွေ မကြာခဏပါဝင်နေတာမျိုးကို အလယ်မှာထားပြီး၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာတွေထဲ လုပ်ငန်းခွင်အတွေ့အကြုံလေးတွေ အဖြစ်အပျက်လေးတွေကိုထည့်သွင်းရေးသားတတ်တာကို တွေ့မြင် နေရတဲ့အဆုံး သုံးသပ်စဉ်းစားကြည့်မယ်ဆိုရင် အခြားအသက်မွေးဝမ်းကြောင်းတစ်ခုနဲ့တွဲဖက်ပြီးကဗျာရေးသားသူတွေရဲ့ သဘာဝလို့တောင် ယေဘုယျဆန်ဆန်ပြောနိုင်မယ်ထင်ပါရဲ့။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ကြည်အေးရဲ့ကဗျာတွေထဲမှာ လည်း ဆေးပညာလောကဆိုင်ရာအတွေ့အကြုံတွေကို တွေ့မြင်ရသေးတာပေါ့။

            ဆေးရုံစောင့်၏ မှတ်တမ်း ဆိုတဲ့ကဗျာနဲ့ ကျွန်မ မိတ်ဆွေများ ဆိုတဲ့ကဗျာ ၂ ပုဒ်မှာ ကြည်အေးဟာ သူ့အသက် မွေးဝမ်းကြောင်းလုပ်ငန်းရဲ့သဘာဝကို ကဗျာအဖြစ်ပြောင်းလဲယူနိုင်ခဲ့ပါတယ်။ ဆေးရုံတစ်ခုမှာအလုပ်လုပ်ကိုင်နေရတဲ့ ဆရာဝန်တစ်ယောက်ရဲ့ တစ်ညတာကို ဆေးရုံစောင့်၏မှတ်တမ်း ကဗျာမှာ တွေ့မြင်ရမှာဖြစ်တယ်။

ညမှောင်မိုက်၌
ဆိုက်ကားရောက်က၊ ပွေ့ချီချဆဲ
လူနာ့ပစ္စည်း၊ သိမ်းရဆည်းရ
. .  . ဒီလိုလူနာရောက်လာကြောင်းကိုပြောတယ်။ အဲ့လူနာမှာပါလာတာတွေကတော့
နောက်မြီးပါးရှပ်၊ ခုံဖိနပ်တစ်ရံ
လက်ပြတ်စွပ်ကျယ်၊ လည်ပြဲတစ်ထည်
ချည်ကြမ်းလုံချည်၊ နီညိုတစ်ကွင်း
ပြာစင်းကန်ဖက်၊ မျက်သုတ်ပဝါ
ခေါင်းပေါင်းလာသည်
လက်မှာဆုပ်ကျစ်၊ ဝတ်ညစ်ထုပ်ပတ်
ကျပ်တန်နှစ်ရွက်၊ အကြွေဖျက်ထား
ဆယ်ပြားစေ့ ၄၊ ဆေးပေါ့လိပ် ၂
မီးခြစ် ၁ ဟု . .  . 

အခုလိုအသေးစိပ်ရေးပြတယ်။ ဒါဟာ ရုတ်တရက်ကြည့်ရင် ဒီလောက်အသေးစိပ်ဖို့ လိုအပ်ပါ့မလားလို့တွေးစရာရှိပါတယ်။ ဒါပေမယ့် ဒီအရေးအဖွဲ့ကနေတဆင့် ကျန်းမာရေးစောင့်ရှောက်မှုရဲ့အခြေအနေ၊ လူနာတွေရဲ့လူနေမှုဘဝအဆင့်အတန်း တွေပြည့်စုံလုံလောက်မှုရှိရဲ့လားဆိုတဲ့အချက်ကို တစေ့တစောင်းအကဲခတ်နိုင်မှာဖြစ်တယ်။ နောက်ထပ်မှန်းဆသုံးသပ် နိုင်မယ့် အရေးအသားတွေလည်းရှိပါသေးရဲ့။

သွေးအန်ပြန်ပြီ၊ ဝိုင်းကူညီပါ
ထဘီနီဆရာမ၊ မနားရဘူး
တစ်ညယံတွင်၊ သွေးပုလင်းများ
ပြေးသွားယူလာ၊ ဆယ်ခါထင်ရဲ့
အပြင်မှာလည်း၊ လက်တွန်းလှည်းသံ
ဆွဲချလူသေ၊ သေတ္တာရှည်စိမ်း
တစ္ဆေဖြစ်စေ၊ စိတ်မညစ်သာ
. . . ဆိုတဲ့အရေးအသားမျိုး။
ဆေးသုံးမျိုးလုံး
မတိုးတော့သော၊ လူနာတော၌
ကျောတွန့်ချမ်းကြောက်၊ တီဘီခြောက်ခဲ့
ပျောက်ခဲရောဂါ၊ သူဌေးနာစွဲက
ငတ်မွဲသူမှာ၊ ကယ်လာသူမရှိ ။
. . . ဆိုတဲ့ တိုက်ရိုက်ရေးဖွဲ့မှုမျိုး။
မိမွဲဖအို၊ ချောင်းစိုချောင်းခြောက်
မြေးသို့ရောက်သည်
အူခြောက်ဝမ်းပိန်၊ ဆေးမနှိမ်နိုင်
.. ဆိုတာမျိုး။ ဒီလိုအရေးအသားတွေကနေ ခေတ်ရဲ့ပုံရိပ်ကိုမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
ဒီကဗျာရဲ့အဆုံးသတ်လေးကတော့ စိတ်ညစ်ဖွယ်ကြားမှ နှုတ်ခမ်းတွန့်ပြုံးစရာ သက်မချစရာပဲပေါ့။

ပြန်ရောက်ရောက်ချင်း၊ ကုတင်ရှင်းရ
စာရင်းမှတ်သူ၊ ငါ့ကိုလှူကြ
လူကွယ်ပျောက်ပြီး၊ ကျန်ပစ္စည်းမှာ
နောက်မြီးပါးရှပ်၊ ခုံဖိနပ်တစ်ရံ။

နောက်မြီးပါးနေတဲ့ခုံဖိနပ်အကြောင်း ကဗျာရဲ့အရှေ့တစ်နေရာမှာ ဖော်ပြထားပြီး အဆုံးသတ်မှာ လှလှပပအသုံးပြုပြလိုက် တာဟာ ကြည်အေးအနေနဲ့ ဝတ္ထုတိုရဲ့နည်းနာတက်ခနစ် တစ်ခုကိုကဗျာမှာ အသုံးပြုလိုက်တာလား၊ ဒါမှမဟုတ် အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကဗျာရေးသူကဝင်ရောက်မှတ်ချက်ပေးခြင်းမပြုဘဲ အရှိကိုအရှိအတိုင်းအဆုံးသတ် ပြလိုက်တာလား၊ ဒါမှမဟုတ်ရင်လည်း စုတ်ပြတ်နေတဲ့ ဖိနပ်ဆိုတဲ့ နိမိတ်ပုံနဲ့ သေခြင်းတရားကိုဆက်စပ်ပြချင်တဲ့သဘော လား၊ ခုံဖိနပ်အစုတ်ကနေ ဘာတွေဆက်လက်ပွားများတွေးတောနိုင်မလဲဆိုတာ ဖွင့်ပေးထားတာလား ဆိုတာကတော့ စာဖတ်သူရဲ့လွတ်လပ်ခွင့်ဖြစ်သွားပါပြီ။
            ကျွန်မ မိတ်ဆွေများ ကဗျာမှာတော့ မြို့စွန်မြို့ဖျားက အခြေခံလူတန်းစာတွေရဲ့ဘဝနဲ့ ကျန်းမာရေးအခြေအနေကို မြင်တွေ့ရမှာဖြစ်တယ်။ ကဗျာရေးသူရဲ့ဆေးခန်းဟာလှိုင်မြစ်တစ်ဖက်ကမ်းမှာရှိလို့ ဆေးခန်းကိုလာမယ်ဆိုရင် လှေ၊သမ္ဗာန် နဲ့ ကူးလာမှရောက်နိုင်တယ်။ ဒါပေမယ့် လူနာတွေကိုချိန်းတိုင်း ပုံမှန်လာမပြနိုင်ကြဘူး။ အကြောင်းအရင်းကို ရှာကြည့်တော့

ပင်နီစလင်
နေ့စဉ်သုံးရက်၊ ဆေးဆက်ထိုးမည်
စကားတည်ခဲ၊ ချိန်းတိုင်းလွဲတတ်
မရဲပြန်လာ၊ သပြာမယူ
ဆေးကုလှူလျက်၊ မကူညီနိုင်
လှိုင်မြစ်လမ်းဆိုး၊ လှေဖိုးတစ်မတ်
အိပ်မကပ်သာ၊ ပေါင်နှံစရာဟူ
ရှပ်ပြာတစ်ထည်၊ ဆုံးခဲ့ပြီပင်
ခါလည်ကျော်မှ၊ ပစ်လိုက်ရသော
သားလှသတင်း၊
ပြောရင်းမျက်ရည်သုတ်ရှာသည့်သူ။

ဆေးအလကားကုပေးတာတောင်မှ လှေဖိုးမတတ်နိုင်လို့ မကုရရှာတဲ့ဘဝတွေတကယ်ရှိခဲ့တာကို ကဗျာထဲကနေ မြင်ရပါပြီ။ အသားမစားနိုင်လို့ Kwarshorkor ရောဂါနှင့် ဖောသွပ်အားပြတ်သူတွေလည်းရှိ၊ စပါးလှေ့ချိန်မှာ ဖုန်တွေရှူမိလို့ အဆုတ်ပွ ပြီး အမောဖောက်ရောက်လာသော လယ်သမားတွေလည်းရှိ။ ချောင်းဆိုးသွေးပါရောဂါနဲ့ ကုရင်းကုရင်း ဆေးမတိုးတော့တဲ့ လူနာတွေလည်းရှိ။

ရွှံ့နွံ့ဗွက်နစ်၊ ကြက်ဝက်မွေးကျောင်း
နံ့ဆိုးဟောင်းလောင်း၊ ဘဲထောင်သောင်းနှင့်
ခေါင်းရင်းခြေရင်း၊ ရောနှောတင်းကုပ်
ဝါးခင်းမျောထောက်၊ ဒီရေမောက်လျှံ
မြွေဟောက်ဝင်လျှိုး၊ အိမ်ထဲတိုးတက် . .

နေသော ပတ်ဝန်းကျင်မှ လူနာတွေကို မြင်ရတွေ့ရတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ ကဗျာတစ်ပုဒ်ထဲထည့်သွင်းရေးသားခဲ့ တာကို သတိပြုနိုင်ပါတယ်။ ငယ်စဉ်ဘဝ နှလုံးသားလှုပ်ရှားမှုနဲ့ အထီးကျန်ဝမ်းနည်းမှုကို ကဗျာလုပ်ခဲ့တဲ့ကြည်အေး၊ အိမ်ထောင်သည်ဘဝနဲ့ မိခင်ဘဝမှာ လူမှုအသိုင်းအဝိုင်းထဲကျင်လည်ရင်း အသိတရား၊ အတွေးအခေါ်တို့ကို အားပြုရေး သားလာတဲ့ ကြည်အေး၊ အဲဒီ့ကတဆင့် လုပ်ငန်းခွင်နဲ့ ခေတ်စနစ်အပေါ် အရှိအတိုင်း သုံးသပ်ရေးသားလာတဲ့ ကြည်အေး . .  ဆိုပြီး ကြည်အေးကဗျာတွေရဲ့ အဓိကအချိုးအကွေ့များကို မြင်သာနိုင်ပါတယ်။

            နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုက ကြည်အေးကဗျာတွေဟာ အတွင်းစိတ်ရဲ့အမှောင်သားထဲထို ထိုးဝင် ခံစား ရေးသားထားတာလို့ ယူဆနိုင်ခြင်းပါပဲ။ တစ်နည်းအားဖြင့် ကဗျာရေးသူဟာ ညအမှောင်ကိုနှစ်သက်သူ၊ ညအမှောင်ကို ခံစားသူ၊ (မှန်းဆအချက်အရပြောမယ်ဆိုရင်) သူ့ကဗျာတွေဟာ နေ့အချိန်ထက် ညအချိန်မှာရေးဖြစ်ခဲ့မယ်လို့ကို ယူဆ နိုင်စရာတွေအများကြီးပါနေခြင်းပါပဲ။ စိတ်ကူးချိုချိုတိုက်က ၂၀၀၈ ခုနှစ်မှာထုတ်ခဲ့တဲ့ ကြည်အေးကဗျာစုစည်းမှုမှာ ထပ်နေ တဲ့ကဗျာတွေအပါအဝင် ကဗျာ ၉၉ ပုဒ်ပါတယ်။ အဲ့အထဲမှာ ညနဲ့ပတ်သက်တဲ့ အမှောင်နဲ့ပတ်သက်တဲ့ အရေးအဖွဲ့တွေကို
အကြိမ် ၃၀ ကျော်အထိတွေ့ရတယ်။ ကိန်းဂဏန်းအရပြောရရင် ကဗျာ၃ ပုဒ်မှာ ၁ပုဒ်ဟာ ညအမှောင်ရဲ့ခံစားချက်တွေ စိမ့်ဝင်ပတ်သက်နေတယ်လို့ကောက်ချက်ချနိုင်တယ်။ ကဗျာတွေမှာ ညတို့ ကြယ်တို့ အိပ်မက်တို့ ဆိုတာ ပုံမှန်အားဖြင့် ပါဝင်နေကျ စကားလုံးတွေဖြစ်တာတော့မှန်ပါတယ်။ ဒါပေမယ့် ကြည်အေးရဲ့ကဗျာတွေဟာ အခြားသူတွေရဲ့ကဗျာထက်ကို အမှောင်ဓာတ်နဲ့ပတ်သက်တဲ့ အရေးအဖွဲ့တွေပါဝင်နေတာကို သတိပြုမိနိုင်ပါတယ်။ ပြီးတော့ ဒီလိုစကားလုံးတွေဟာ ကဗျာအလှဓာတ်သက်သက်အတွက်ပဲ သုံးထားခြင်းမျိုးမဟုတ်ဘဲ သူမကဗျာတွေရဲ့ ကာလဒေသ နောက်ခံအခင်းအကျင်း ကိုက ညဘက်မှာဖြစ်ပွားလေ့ရှိတာကို ထူးထူးခြားခြားတွေ့မြင်ရပါတယ်။ အထူးအားဖြင့် ကဗျာတစ်ပုဒ်ရဲ့အစ သို့မဟုတ် ကဗျာတစ်ပိုဒ်ရဲ့ အစမှာပဲ ညအမှောင်အချိန်ကာလကိုဖော်ပြတဲ့ စကားလုံးတွေနဲ့အစပြုတတ်တာ ကြည်အေးရဲ့ဟန် တစ်မျိုးလို့တောင်သတ်မှတ်နိုင်ပါတယ်။ ကဗျာရေးသူအနေနဲ့ တမင်ရေးဖွဲ့ခြင်းလား၊ မသိစိတ်ကစေစားရာ ရေးဖွဲ့ဖြစ် သွား သည်လားဆိုတာကတော့ အဆုံးအဖြတ်မပေးတတ်ပါဘူး။ တွေ့ရှိမိသလောက် ညခင်းအချိန်နဲ့ဆက်စပ်သော ကဗျာနိဒါန်းချီအရေးအဖွဲ့တွေကို ဖော်ပြပေးချင်ပါတယ်။

လဆီကို လေယာဉ်စီးလို့
ခရီးထွက်ရအောင်
လိုက်လှည့်ပါ့မောင်။
ဇဋာတောင် ၊ ပြာရောင်ဆီ . . မှန်း ။  ( ခရီးဝေဟင် ကဗျာမှ)

ငွေရည်စိုစို၊ လရောင်ယိုကို
သောက်ချိုပြုံးပြ၊ နှလုံးမြ၍
နုံးလျညွတ်နူး၊ ညဥ့်အဦးမှာ ( ရွှေလှိုင်းကဗျာမှ )

ဝေဟင်မှာ ရွှေမင်ပြောက်
ကြယ်အတောက် ကြယ်အပြောင်
ရေတွက်ရအောင်။ ( အငြင်း ကဗျာမှ)

အမိုက်မှောင်တွင်း
တယောင်ယမ်းယမ်း၊ ဖွေရှာစမ်းသော်
လမ်းပန်းမတွေ့၊ မူးမိုက်မေ့လည်း ( တသက်သက် ကဗျာမှ)

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း၊ ကြေမွတွန့်လိပ် ( တစ္ဆေ ကဗျာမှ)

တဒေါက်ဒေါက်နှင့်
တခါးခေါက်သံ၊ ညဥ့်သန်းယံမှာ
ဖိတ်အန်ပဲ့တင်၊ မကြားချင်လည်း ( လွတ်မြောက်ခြင်း ကဗျာမှ)

ညဥ့်မှောင်ကြီးမှာ
မီးပုံးအပြာ၊ ရှာယူလာပြီး
လေသာဆောင်စွန်း၊ တိုင်ထိပ်တန်းမှာ ( အချည်းနှီးမီးအိမ် ကဗျာမှ)

နှစ်ညဆက်၍
အိပ်မက်ထဲမှာ၊ သူ့မျက်နှာကို
စမ်းရှာတွေ့လည်း၊ မသဲကွဲဘူး ( မာနကိုတောင်းဆိုခြင်း ကဗျာမှ)

သန်းယံကျော်၍
အိပ်ပျော်ရာမှ၊ လန့်နိုးထခဲ့
ညမှောင်တိုးဝင်၊ ပြတင်းပြင်၌ ( နိဗ္ဗာန်လမ်းဆုံး ကဗျာမှ)

လရိပ်သိပ်၍
ကွေးအိပ်စုငုံ၊ နွဲ့ခိုလှုံသော
ဝတ်မှုန်သိမ်းဆည်း၊ လျော့ရည်းဝါလွှာ ( လယ်တော၏အချစ်တေး ကဗျာမှ)

မပျော်သောည
မြသာပိုးရှန်၊ မိုးယံပျော့ညက်
ကတ္တီစက်ရာ၊ ရွှန်းပြက်ဖိတ်ဖိတ် ( လရိပ်ပြုံးမြ ကဗျာမှ)

ပြာသိုညများ
အေးမြဟန်မှာ၊ သွေးအန်လူနာ
တစ်ရာ ပြည့်တော့မည်။ ( ဆေးရုံစောင့်၏မှတ်တမ်း ကဗျာမှ)

တစ်ညလယ်၌
ဆောက်တည်မရ၊ စိတ်နွမ်းလျလှ ( အိမ်ပြန်ချင်သူ ကဗျာမှ)

ဆောင်းညစော၌
တွေးမောပြတင်း၊ မှန်ဇာရင်းမှ
နှင်းဖတ်မပီ၊ ပိတ်ဆို့ရီဝေ ( ပထမအမြင် ကဗျာမှ)

မောသက်သက်ပင်
ညဥ့်နက်လွှာတွန့်၊ ညဥ့်ဦးဖြန့်စ
ကိုက်ညွန့်ပန်းငုံ၊ ရွက်ပွေ့လှုံ၍ (တရေးနိုးသူ ကဗျာမှ)

ဒါတွေဟာ ကဗျာရဲ့အစပိုင်းအပျိုးတွေကိုပဲ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ကဗျာတွင်းပိုဒ်တွေမှာလည်း ညအမှောင်ကိုဗဟိုပြု တဲ့ အဖွဲ့အရေးမျိုးစုံကိုတွေ့မြင်နိုင်ပါသေးတယ်။ ဒါဟာလည်း ကြည်အေးကဗျာများရဲ့ သိသာထင်ရှားတဲ့ အာရုံနယ်မြေ ကျက်စားရာတစ်ခုလို့ ယူဆနိုင်ပါတယ်။

            ဆရာဒဂုန်တာရာရဲ့ ကြည်အေးကဗျာများအပေါ်သုံးသပ်ချက်ကိုလည်းအခွင့်သင့်လို့ ဖော်ပြပေးချင်ပါသေးတယ်။ (ကြည်အေး၏ ကဗျာများကို ဆင်ခြင်လျှင်ကြည်အေး၏ကဗျာညဉ်ကို ခန့်မှန်းနိုင်သည်။ အချို့ကဗျာတို့သည် ကြည်အေး၏ ပြင်းထန်သောခံစားချက်မှ အလိုအလျောက် လျှံထွက်ကျလာသည်ဟုဆိုနိုင်လောက်သည်။ ကြည်အေးသည် မြန်မာကဗျာ တို့၏ ဖွဲ့စည်းတည်ဆောက်ပုံအခြေခံကိုနားလည်သည်။ ကဗျာဖွဲ့နည်းကျမ်းများမှ စည်းကမ်းနည်းလမ်းမျာကိုလိုက်၍ဖွဲ့ သည်ဟုတော့မဆိုသာ။ မြန်မာစာပေလောက မြန်မာစာပေသမိုင်းတွင်ထင်ရှားကျော်ကြားခဲ့သောရှင်ဥတ္တမကျော်တောလား ကိုးခန်းပျို့ အစရှိသော ကဗျာလင်္ကာတို့ကိုအလွတ်ကျက်၍ သူ့အသွေးအသားထဲသို့ကဗျာထည့်ထားပြီး သူ၏ခံစားချက်များ လျှံထွက်လာခိုက်တွင် ဤကဗျာဖြင့်ထုံသောသူ့အသွေးအသားမှ ဉာဉ်သည်အတူရောနှောပါလာသည့်သဘောဟူ၍တော့ ဆိုနိုင်မည်ထင်သည်။ ကြည်အေး၏ ကဗျာဉာဏ် ကဗျာဟန်သည် ကြည်အေး၏ကဗျာဆည်းပူးမှု ကဗျာသဘောခံစားမှုတို့ မှ အလိုအလျောက်လျှံထွက်လာသည့်အဖူးအပွင့်များဟူ၍ ဆိုနိုင်ပါလိမ့်မည်။ )

            ဆရာဒဂုန်တာရာသုံးသပ်သည့်အတိုင်း ကြည်အေးဟာ ပင်မမြန်မာကဗျာဖွဲ့နည်းကိုမှ ဆန်းသစ်တဲ့ လှပတဲ့ ကိုယ်ပိုင်ဟန်တစ်ခုအဖြစ်ပြောင်းလဲယူခဲ့နိုင်တယ်လို့ ပြောနိုင်ပါတယ်။ သူနှင့်ခေတ်ပြိုင် ကဗျာသမားများထဲမှာ တစ်ဦးတည်း မူပိုင်လို့ပြောလို့ရမယ့် အကြောင်းအရာရွေးခြယ်မှု၊ စကားလုံးအတွဲအစပ်နဲ့ အသံအဖြတ်အတောက်တို့ကိုလုပ်ပြနိုင်ခဲ့တယ်။ ပြီးတော့ သူ့ဘဝအလှည့်အပြောင်းတိုင်းမှာ သူတကယ်ခံစားခဲ့တာကို မှတ်ယူလက်ခံထားတဲ့အတွေးအခေါ်ကို ရဲရဲရင့်ရင့် ပွင့်ပွင့်လင်းလင်း နောက် ကဗျာရေးရာမှာတကယ်အရေးကြီးတဲ့ ရိုးသားမှုကိုပါ ကိုင်စွဲပြီး ရေးဖွဲ့နိုင်ခဲ့တယ်လို့ သုံးသပ်ရပါ မယ်။ ပြီးတော့ ကြည်အေးအနေနဲ့ သူ့ရဲ့ရေးသားမှုတိုင်းအတွက် တာဝန်ကောင်းကောင်းယူထားတယ်ဆိုတဲ့ အချက်ကို လည်း သူ့ရဲ့စာတစ်ခုအရ ကောက်ချက်ဆွဲလို့ရပါတယ်။ နွမ်းလျအိမ်ပြန်နဲ့ ဖုန်းသက်တိုင် ဝတ္ထုနှစ်ပုဒ်ကို ပထမအကြိမ် ထုတ်ဝေစဉ်ကရေးခဲ့တဲ့ သူ့အမှာစာတစ်ခုမှာ ဒီလိုဆိုပါတယ်။

          စာရေးသူအများပင် ငယ်စဉ်ကရေးသည့်စာကို ပြန်လည်ထုတ်ဝေသည့်အခါ ကျေနပ်အားရခြင်းထက် ရှက် ကြောက်တွန့်ဆုတ်ခြင်းကပိုလိမ့်မည်ထင်ပါသည်။ ပြင်ဆင်ချင်၊ ဖြည့်စွက်ချင်၊ ဖြတ်တောက်ချင်စိတ်တို့ဖြင့် လက်ယားလိမ့် မည်ထင်ပါသည်။ သို့သော် ၁၅ နှစ်ကရေးခဲ့သည်ကို ၃၅ နှစ်၌အပြစ်ရှာရန် မလို မသင့်ဟု ထင်ပါသည်။ ကျွန်မ၏ မိတ်ဆွေ တို့သည် အားလုံး ၃၅ နှစ်ချည်းရှိသည် မဟုတ်ကြပါ။ ၁၅ နှစ်အရွယ်လည်းရှိသည်ကို ဝမ်းမြောက်ဝမ်းသာတွေ့ရပါသည်။ . . . . . . . .။ ထို့ကြောင့် ကျွန်မသည် မရှက်ကြောက် မတွန့်ဆုတ်တော့ဘဲ ၁၅နှစ်နှင့်အနှစ် ၂၀ အချိန်အတွင်းကရေးခဲ့သည့် ဝတ္ထုနှစ်ပုဒ်ကို တစိုးတစိမျှ မပြင်ဆင် မဖြည့်စွက် မဖြတ်တောက်ဘဲရိုက်နှိပ်စေခဲ့ပါသည်။

            ဒီစာကိုကြည့်ချင်းအားဖြင့် ကြည်အေးဟာ သူရေးဖွဲ့ခဲ့တဲ့ စာ ကဗျာတွေအပေါ်မှာ ဟန်ဆောင်ခြင်း အပိုလုပ်ခြင်း မရှိဘဲ ရိုးရိုးသားသားရေးသားခဲ့တယ်၊ ဒါကြောင့်လည်း အချိန်ကာလကြာမြင့်ပေမယ့်လည်း လိပ်ပြာလုံလုံထုတ်ဝေရဲခဲ့တယ် လို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။ ၁၉၉၂ထုတ်ကြည်အေးကဗျာများစာအုပ်မှာ သူမရေးတဲ့အမှာစာရဲ့တစ်နေရာမှာတော့ (ရှင်းရှင်းပြောရရင် ကျွန်မငယ်ငယ်က teenager အနေနဲ့ရေးခဲ့တဲ့ကဗျာတွေကိုပြန်ဖတ်ရတာ သိပ်ပျင်း တကယ်ပျင်းပဲရှင့်) လို့ရေးသားခဲ့သေးတယ်။ ဒီစာကိုရေးတဲ့အချိန်မှာသူမအသက် ၆၀ကျော်ပြီဆိုတော့ ပျင်းတယ်ဆိုတာ လက်ခံနိုင်စရာရှိ ပေတယ်။ ဒါပေမယ့် သူမပျင်းပါတယ်ဆိုတဲ့ငယ်လက်ရာအတော်များများ ဥပမာ - တစ္ဆေ၊ လွှင့်ပစ်လိုက်စမ်း၊ ကြွေပွင့်ကိုသာ ကောက်ပါမောင် အစရှိတဲ့ကဗျာတွေဟာ လူသိအများဆုံး အကျော်ကြားဆုံးဖြစ်နေတာကတော့ ရေးသူနဲ့ ဖတ်သူကြားက စေ့စပ်လို့မရတဲ့ အံလွဲမှုတစ်ခုလို့ ဆိုရမှာပဲ။

            နောက်တစ်ခုတွေးစရာရှိတာက အနုပညာလက်ရာတစ်ခုအရမ်းအောင်မြင်ပြီဆိုရင် အဲဒီ့အနုပညာလက်ရာထဲမှာ ပါဝင်တဲ့ ရူးသွပ်မှုအတိုင်းအတာကလည်းမသေးလှလို့ပဲဖြစ်တယ်လို့ ပြောရင် ရာခိုင်နှုန်းအတော်များများမှန်မယ်ထင်ရဲ့။ ဒီတော့ ငယ်စဉ် စိတ်ကစားတုန်း ခံစားချက်လှိုက်လှဲတုန်းရေးခဲ့တဲ့ကဗျာတွေက စာဖတ်သူကိုပိုမိုစွဲဆောင်နိုင်တာဖြစ်မယ် လို့တွေးရင်လည်း သဘာဝကျပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့ အကြိုက်ချင်းမတူနိုင်တာကတော့ သေချာ ပါတယ်။ ဘယ်လိုပဲဆိုဆိုပါ ကြည်အေးဟာ အမျိုးသမီးတစ်ဦးရဲ့ဘဝဖြတ်သန်းမှုကို ကောင်းကောင်းထင်ဟပ် ပြသ နိုင်ခဲ့တယ်။ သူ့ကဗျာတွေကို အရေးတယူပြန်ဖတ်နေရအောင်ရေးနိုင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ သူမရဲ့ ပုံစံကိုတုပရေးတဲ့ ကဗျာတွေတောင်ရှိခဲ့တယ်လို့ ဒဂုန်တာရာရဲ့စကားအရ သူမရဲ့ကဗျာနယ်ပယ်လွှမ်းမိုးနိုင်မှုကို အလေးဂရုပြုရမှာ အမှန်ပါပဲ။

            ကြည်အေးရဲ့မီဝတ္ထုရဲ့ ဒဂုန်တာရာရေးတဲ့အမှာစာမှာလည်း (ကြည်အေးသည် လူကိုပဲလေ့လာလေ့လာ ရှုခင်းကို ပဲကြည့်ကြည့်၊ စိတ်လှုပ်ရှားမှုကိုပဲခံစားခံစား အင်မတန်ပါး၏။ စေ့စပ်၏။ ထက်မြက်၏။ အကုန်လုံးကိုသိမြင်လိုက်၏။ ထိုသိမြင်တတ်ခြင်းဖြင့် ပေါ်လွင်အောင်ဖော်တတ်၏။ ) လို့ ချီးကျူးရေးသားခဲ့ပါတယ်။ တကယ်လည်း ကြည်အေးရဲ့ ကဗျာတွေမှာ အဲ့လိုအနုစိတ်ရှုမြင်ခြင်း၊ စေ့စေ့စပ်စပ်ရေးဖွဲ့ခြင်းမျိုးကို အစဉ်တစိုက်မြင်နေခဲ့ရတာပါပဲ။

အခုအချိန်မှာတော့ ဆရာမကြီးဒေါ်ကြည်အေးဟာ အသက် ၈၅နှစ်ကျော်ခဲ့ပါပြီ။ ဗုံးဆန်တွေကြားပြေးလွှားခဲ့၊ တင်းကြပ်တဲ့မိသားစုစည်းမျဉ်းများ၊ ပညာသည်တစ်ယောက်ဘဝ၊ စာပေ၊ ဂီတ၊ ပန်းချီ၊ လူမှုဘဝရုန်းကန်မှု၊ ရေခြားမြေခြား အဲ့သလို နယ်ပယ်မျိုးစုံဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူမရဲ့စိတ်ညွှတ်ရာဟာဗုဒ္ဓရဲ့ဓမ္မတွေသာဖြစ်တယ်လို့ မနှစ်က စာပေသက်ကြီးပူဇော်ပွဲကိုရေးပို့တဲ့စာသဝဏ်မှာ ဆိုခဲ့ပါတယ်။ ဒီနေရာမှာသူမရဲ့ စကားအချို့ကို ထည့်သွင်းဖော်ပြလိုပါ တယ်။
       
   ကျမက စာကဗျာဖတ်သူရေးသူ၊ ဂီတပန်းချီလိုက်စားသူ၊ ဆေးပညာနဲ့ science ပညာများ၊ ( Physic, neurology, philosophy, psychiatry စသည်) environment, space, wildlife, oceanology စသည်တို့ကို မနားမနေ ရှာဖွေဖတ်ရှု တတ်သူ၊ ဒီနှစ်မှာဆိုရင် ကမ္ဘာ့ politics ကိုတောင် သိတတ်နားလည်အောင် ကြိုးစားနေတော့ သက္ကာရဒိဋ္ဌိကြီးတယ် ဆိုရ မှာပါ။ ဒီလောက်အသိဉာဏ်တွေကို စုဆောင်းတတ်မြောက်ရတာ စိတ်ကျေနပ်မှုအများကြီးရပါတယ်။ တစ်သက်လုံး ဒါပဲ လုပ်နေတာပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း သေပျော်သူလို့ထင်ပါတယ်။ အသိဉာဏ်တွေတော်တော်ရှိနေပြီထင်တာကို။ ဒါပေမယ့် အခုဗုဒ္ဓရဲ့အဆိုအမိန့်တွေနဲ့တွေ့ဆုံတော့ သူသင်ကြားတဲ့တရားကိုလိုက်နာတော့မှ လောကမှဘာတွေတန်ဖိုး အရှိဆုံးလဲလို့ ရှာဖွေရာမှာ အယူအဆပြောင်းလာပြီး တကယ်စိတ်ချမ်းသာခြင်းဆိုတာကို ဗုဒ္ဓဘုရားကသင်ကြားနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် စာရေးချင်တာ ကဗျာစပ်ချင်တာတစ်ခုကိုတော့ မပစ်ပယ်နိုင်သေးတာ ဝန်ခံရပါတယ်။ တခြား ကိစ္စတွေတော့ တဖြည်းဖြည်းလျှော့ပြီး ဗုဒ္ဓရဲ့တရားနောက်လိုက်နေပါပြီ။
   
         သူမရဲ့စကားအရ သူမရဲ့ စာတွေကဗျာတွေထဲမှာ အတွေ့ရနည်းတဲ့ သူမရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုကို တွေ့ရပြီလို့ဆိုချင်ပါတယ်။ စာကဗျာရေးခြင်းကိုဝါသနာကြီးလွန်းလို့သာမစွန့်သေးတာ ၊ မဟုတ်ရင်စွန့်ပြီဆိုတဲ့ သဘောကို မြင်လိုက်ရတယ်။ အသက် ၆၀ ကျော်မှာ ငယ်ကဗျာတွေပျင်းတယ်လို့ဆိုခဲ့တဲ့သူမဟာ အခုအချိန်မှာဆို သူမရဲ့ ကဗျာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြန်တယ်။ ပြီးတော့ သူမစကားအရဆိုရင် ကဗျာ တစ်နည်း အနုပညာဆိုတာ တကယ်ရောထင်သလောက်အရေးပါရဲ့လား၊ အမြင့်ဆုံးအစင်ကြယ်ဆုံးလို့မဆိုနိုင် ပေမယ့်မရှိမဖြစ်ဆိုတဲ့ဒီဂရီလောက်တောင် သတ်မှတ်လို့ရနိုင်ပါ့မလား၊ အနုပညာမရှိဘဲ လူ့အဖွဲ့အစည်းတစ်ခု တည်ရှိနိုင် မလား၊ အကယ်၍တည်ရှိနိုင်တယ်ဆိုရင်တောင် ယခုလူ့အဖွဲ့အစည်းနဲ့အခြေခံချင်း အသွင်သဏ္ဍာန်ချင်း တူနိုင်မလား ဆိုတာတွေပါ ထပ်ဆင့်တွေးစရာတွေပေါ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာတမ်းကို ဆရာမကြည်အေးရဲ့ပထမအဆင့် ဆိုတဲ့ကဗျာထဲက ကဗျာပိုဒ်လေးတစ်ပိုဒ်နဲ့နိဂုံးသတ်ချင်ပါတယ်။ လက်ရှိအချိန်မှာ ဆရာမကြည်အေးဒီကဗျာပိုဒ်ကို ပြန်ဖတ် မယ်ဆိုရင်လည်း ပျင်းတယ်လို့ ဆိုမယ်မထင်ဘူးလို့ ခန့်မှန်းရပါတယ်။

ထိုဒင်္ဂသည်
နာရီမိနစ်၊ တွက်စစ်မရ
ကာလပိုင်းခြား၊ စည်းမျဥ်းသားမှတ်
ပညတ်ပျောက်ကွယ်၊ စက်ဝိုင်းနှယ်ထင့်
ဘယ်မှာစဆုံး၊ ထုံးမှတ်တိုင်မရှိ
သတိချပ်လျက်၊ ဖြစ်လိုက်ပျက်လိုက်
အသစ်ဆက်စပ်၊ မရပ်ပြုဆဲ
တစ်ခုထင်မှတ်၊ အချိန်ပိုင်းပြတ်တို့ ဖြစ်၏။

ဆရာမကြည်အေး သက်ရှည်ကျန်းမာပါစေ။
ဘဝကိုတန်ဖိုးရှိရှိ ငြိမ်းချမ်းစွာဖြတ်သန်းရင်း စာများ ကဗျာများ ဆက်လက်ရေးသားနိုင်ပါစေ။
မှူးနေဝန်း



ကိုးကား
·         ကြည်အေးကဗျာများ။ စိတ်ကူးချိုချို ၂၀၀၈
·         မင်းခက်ရဲ - ကြည်အေးလေ့လာချက်
·         ကြည်အေးကဗျာများ - ၁၉၉၂
·         မီ ဝတ္ထုပါ ဒဂုန်တာရာ၏ အမှာစာ
·         နွမ်းလျအိမ်ပြန် ဝတ္ထုပါ ကြည်အေး၏ အမှာစာ
·         Kyi Aye Fun Page

No comments:

Post a Comment