အခုတလောအာရုံကျနေမိတာ
အရုဏ်တက်တဲ့ကိစ္စပဲ
တန်ခိုးကြီးသူတော်စင်ဟာ
စကြာဝဠာကမ်းခြေက ကြယ်တွေကိုကောက်ပြီး
သပိတ်ထဲထည့်သိမ်းလိုက်တယ်
ဇီးကွက်အိပ်ခါနီး ရိုက်တဲ့ Selfie ပုံရဲ့နောက်ခံမှာ
သူတော်စင်ရဲ့ဝတ်ရုံစလေးပါသွားတယ်
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဘဝမှာခဏခဏဖြစ်ပေါ်ခဲ့ပါပြီ
ချစ်ခြင်းတရားရဲ့သံဇကာပေါက်တွေထဲတိုးဝင်လာတဲ့နေရောင်
စားဖိုမှူးလက်ထဲရွေလှီးခံလိုက်ရတဲ့မနက်ခင်းမှာ
အဲ့ဒီ့စိတ်ဟာငယ်ထိပ်ကို ဒုတ်ဒုတ်ထိတက်လာခဲ့
ဗြဟ္မာမင်းကြီးသက်ပြင်းချလိုက်တော့ မုတ်သုန်လေတဝေ့ဝေ့
လှိုင်းရေပြင်းထန်တဲ့ ဝမ်းဗိုက်ထဲ Peristaltic ရုန်းကန်မှုအခြေပြု
ဟိုမိုဆေးပီးယမ်းမော်တော်ကားတွေ အမြန်လမ်းမပေါ်
ကျွမ်းထိုးမှောက်ခုံပြေးလွှားသံတွေများကြားနေရတယ်
ဗုံးခိုကျင်းထဲမှာပေါ့ကွယ်
ငါ့ဖိနပ်ကြိုးကိုစည်းနှောင်ပေးဖူးတဲ့လက်တွေကို ခုတ်ဖြတ်စုစည်းထားတဲ့
ငါဗဟိုပြု လွမ်းခြင်းအားဖြင့်ဗုံးခိုကျင်းလေးထဲမှာပေါ့
စာအုပ်သူခိုးမလေးရဲ့ပုံပြင်ပြောပြသံတွေ နံရံမှာကပ်နေတုန်းပဲ
ကျဉ်နေတဲ့ခေါင်းကိုတွင်တွင်ခါလိုက်တယ်
ငါ့ခေါင်းဟာ ဟယ်လီကော်ပတာဒလက်လိုချာချာလည်လို့
ဒီလိုနည်းနဲ့ မိုးပေါ်ကိုငါပျံတက်သွားတယ်
ပြီးတော့ တန်ခိုးကြီးသူတော်စင်ကိုတွေ့လေမလား ရှာမိတယ်
အရှင့်သပိတ်ထဲကကြယ်လေးတစ်ခုလောက်ကိုတော့
ကျောကုန်းလေးပွတ်သပ်ပေးချင်မိတာပေါ့
အတွေ့အကြုံတစ်ခုစာ အထိအတွေ့လေးတစ်ခုစာ
အနည်းဆုံးဖြေသိမ့်မှုလေးတစ်ခုစာပေါ့လေ
လို၍မရသော ဆင်းရဲ ဆိုပေမယ့် ငါချစ်နေတုန်းပဲ
ဆင်းရဲတယ် လို့ပြောပေမယ့် မဆင်းရဲသေးဘူးကလေးရေ
ကတ္တီပါစပေါ်ကမဆင်းရဲ ဒေါက်တာမာတင်ပေါ်ကမဆင်းရဲ
နှာနှပ်လို့မရအောင် ငါတက်ပဲ တက်သွားချင်တယ်
အင်္ဂုလိမာလဟာ အလောင်းစည်သူမင်းကြီးရဲ့လက်ညှိုးကိုမဖြတ်နိုင်ခဲ့ပါဘူး
ငါ့ယုံကြည်မှုဟာ ငါ့ကိုအားရှိစေပါရဲ့
နာကျင်လို့ဆိုပြီးထွက်ပြေးရတာ ဟစ်တလာနှုတ်ခမ်းမွှေးဒီဇိုင်းလိုရယ်စရာကြီးပါကွာ
မြုံဝှက်တိတ်ဆိတ်နေတာကိုက ပွင့်လင်းမြင်သာပြီးချစ်စရာကောင်းနေတာ
ရင်ခုန်ဖို့ကောင်းနေတာ
ကျဉ်းမြောင်းတဲ့မြစ်ရိုးထဲ ဆန်တက်သွားရတာ
ငယ်ဘဝကပျောက်သွားတဲ့ ဖန်ဂေါ်လီလုံးလေးကို
အာကသတွင်းနက်ကြီးထဲကပြန်ရှာတွေ့တာ
ဘယ်လိုကံတရားမျိုးပါလဲ
ကြွေရေတံကောင်းထဲက ဘိုးဘေးတွေရဲ့သွေးကိုတစ်စက်ချင်းသွန်ပြီး
သာဓုအနုမောဒနာပြုလိုက်ပါတယ်
နိဗ္ဗာန်ရောက်ကြောင်းဆုတောင်းရမှာ ရှက်နေတယ်
၇ လွှာကချေသည်ရဲ့ စိတ်လှုပ်ရှားဖွယ် ပါးလျလာခြင်းလို
ငါမသိသေးတဲ့ ငါ့ယူနစ်အလျားကို တတိတိတုံးပစ်ချင်ပါတယ်
ယူဇနာ ရှစ်သောင်းလေးထောင်မကတဲ့ သံယောဇဉ်ကြိုးနဲ့
လက်ကျန်ကြယ်လေး တစ်ခုတစ်လေ လေးကိုတော့ မျှားကြည့်ချင်ပါသေးတယ်
ခွင့်လွှတ်ကြည်ဖြူသော အပြုံးနဲ့
ဒီတစ်ဘဝစာတော့
အမိမြေကို ခဏတာငှားရမ်းခဲ့ပါတယ်။
မှူးနေဝန်း
No comments:
Post a Comment