Sunday, June 14, 2015

ငါ့လက်ကိုဝှေ့ယမ်းလိုက်တယ်


ငါ့လက်ကိုဝှေ့ယမ်းလိုက်တယ်


ရွေ့လျားနေတဲ့ယာဉ်တစ်စင်းပေါ်မှာ
ငါ့လက်ကိုဝှေ့ယမ်းလိုက်တယ်
ငါ့ကိုတစ်ယောက်ယောက်က မြင်သာစေဖို့
ငါ့ရဲ့လွတ်လပ်ခြင်းကို ငါပြန်သတိထားမိဖို့
ငါ့လက်ကိုဝှေ့ယမ်းလိုက်တယ်
မြင့်မားမျှော်စင် တစ်ခုပေါ်တက်ပြီး
ကောင်ကင်ဘုံများ ငါ့ကိုသတိထားမိလေမလား
ငရဲသားတွေကို ကြွားဝါလှောင်ပြောင်လိုစိတ်နဲ့
ငါ့လက်ကိုဝှေ့ယမ်းလိုက်တယ်
လူအုပ်ကြီးတစ်ခုထဲမှာခုန်ပေါက်လျက်
ငါ့လက်ကို ဝှေ့ယမ်းမိပေါ့
ငါ့တက်ကြွခြင်းဟာ အဆုံးစမဲ့ကြောင်းပြသဖို့
တစ်ချိန်မှာအမှတ်တရဖြစ်လာနိုင်တဲ့ အဖြစ်အပျက်ကို
အခုကတည်းက ပိုမိုခမ်းနားဖွယ်ရာစေဖို့
`ငါ့လက်ကိုတစ်ချိန်လုံးဝှေ့ယမ်းနေခဲ့တာပေါ့´လို့
အားပါးတရ ပြန်ပြောနိုင်ဖို့
ငါ့လက်ကိုဝှေ့ယမ်းနေပါတယ်
ငေးငိုင်ရပ်တန့်ရင်း
ငါ့ကြေကွဲခြင်းကို ယင်ကောင်လိုခါထုတ်ဖို့
ငါတို့ခွဲခွာခြင်းကို သပ်ရပ်လှပဖို့
ငါ့လက်ကိုအကြိမ်ကြိမ်ဝှေ့ယမ်းတယ်
ချောက်ကမ်းပါးအောက်ခြေဆီတရှိန်ထိုးတိုးဝင်သွားချိန်
သေခြင်းတရားသို့မိတ်ဖြစ်ဆွေဖြစ်သဘောနဲ့
ငါ့လက်ကိုဝှေ့ယမ်းလိုက်တယ်
ငါ့မျက်စိတွေပွင့်သွားတယ်
မြုပ်နစ်နေတဲ့ရေအနက်မှ
မိမိကိုယ်ကိုရှက်ရွံ့စွာ
ချစ်စွာသောအောက်စီဂျင်ကို နမ်းရှိုက်ခြင်းအလို့ငှါ
ငါ့လက်ကိုဝှေ့ယမ်းနေတယ်
ငါ့ခြေထောက်ကိုဝှေ့ယမ်းနေတယ်
ငါ့အမြီးကိုလည်း မရည်ရွယ်ဘဲဝှေ့ယမ်းနေမိပါတယ်။


မှူးနေ၀န်း

No comments:

Post a Comment