Sunday, June 14, 2015

ဝမ်းနည်းမှုအထိမ်းအမှတ်ရေခဲမုန့်စားသုံးခြင်း


ဝမ်းနည်းမှုအထိမ်းအမှတ်ရေခဲမုန့်စားသုံးခြင်း

           မန္တလေးနွေက အရှိန်တငွေ့ငွေ့နှင့်လူးလွန့်နေသည်။ လိုက်ထရပ်နောက်ခန်းထဲမှာ လူ၁၅ယောက်လောက် ထိုင်နေရသည်မို့ ငြီးစီစီဖြစ်လာသည်။ အစကတည်းက ကားမူးတတ်သောကျွန်တော့်အဖို့ ခေါင်းကိုအပြင်ထုတ်ကာ လေတ၀ရှူလိုက်သည်။ ချွေးစိုစိုကိုလေတိုးသဖြင့် အနည်းငယ်အေးမြသွား၏။ ထိုအခိုက်မှာပင် ကားကဖြေးညှင်းစွာထိုးရပ် သွားပြီဖြစ်သည်။

            ကျွန်တော်တို့အတန်းထဲမှ သူငယ်ချင်းတစ်ယောက်၏ အမေဖြစ်သူဆုံးပါးသွားသဖြင့် နာရေးလိုက်ပို့ကြခြင်း ဖြစ်ပါသည်။ အဖွဲ့လိုက်ပိုက်ဆံစုပြီး ကားတစ်စီးငှားကြသည်။ အခု နာရေးအိမ်ရှေ့သို့ရောက်ပြီ။ မျက်နှာကြီးနီမြန်းနေသော သူငယ်ချင်းဖြစ်သူကိုတွေ့ရသည်။ ငိုရှာပေမပေါ့။ သူ့အပူကို ကိုယ်ချင်းစာမိသလို ကိုယ့်အပူကိုလည်းမေ့မထားနိုင်။ မွန်း ပိတ် ပူလောင်နေသောကားနောက်ခန်းထဲမှ အလျင်အမြန်ဆင်းလိုက်သည်။ တခြားသူငယ်ချင်းများပါ မတိုင်ပင်ရဘဲ ဆင်းလာကြသည်။ လူများရှုပ်ယှက်ခတ်နေသည်။ နာရေးအိမ်ကအထက်တန်းကျောင်းတစ်ခုအနားမှာရှိနေသည့်အပြင် အချိန်ကလည်း ကျောင်းဆင်းကျောင်းတက်ချိန်ဖြစ်နေသဖြင့် ကလေးများ၊ကျောင်းပို့ကျောင်းကြိုများ၊ ဈေးသည်များ၊ နာရေးအိမ်နှင့် ဆက်စပ်ရာလူများ စသဖြင့်ရှုပ်ထွေးနေသည်။ ကျွန်တော်တို့ကားရပ်ထားရာလမ်းဘေးတွင် ခေါက်မုန့်သည် တစ်ဦးရှိသည်။ ကောင်လေးအချို့က အချင်းချင်းလက်တို့ပြီး ခေါက်မုန့်စားရန်ညှိနှိုင်းနေကြသည်။ ထိုအချိန်မှာပင် နာရေးအိမ်မှ သူငယ်ချင်းရောက်လာနှုတ်ဆက်နေသဖြင့် မုန့်စားရန်အစီအစဉ်ကိုဖျက်သိမ်းလိုက်ကြသည်။ သိပ်မကြာခင် နာရေးပို့သူများကိုဝေသော ရေသန့်များ၊ ဆပ်ပြာများ၊ ခေါင်းလျှော်ရည်၊ လက်ကိုင်ပုဝါ၊ တရားစာအုပ် အစရှိသည်တို့ကို လာပေးကြသည်။ ရေသန့်ဘူးကမအေး။ သို့ပေမယ့် ခြောက်ကပ်နေသောအာခေါင်ကို သက်သာရာရသွားစေသည်။

            နိဗ္ဗာန်ယာဉ်အလာတွင် စီခနဲငိုသံများကြားလိုက်ရသည်။ ကျွန်တော်တို့က ကားအနားမှာပဲနေသဖြင့် အိမ်ထဲကို မ၀င်လိုက်ကြ။ မကြာမီကားများပြန်လည်ထွက်ခွာကြပြီ။ ဒရိုင်ဘာက “နေပူရင်ဘေးက အကာတွေချမလား” ဟု မေးသည်။ အားလုံးက ငြင်းကြ၏။ ပူတာထက် လှောင်အိုက်တာက ပိုဆိုးသည်လေ။ နာရေးကားတန်းကြီးက မြို့၏တောင်ဘက်ကို ဦးတည်မောင်းနှင်နေကြပြီ။ တောင်အင်းသုဿန်ကို ပို့ဆောင်သင်္ဂြုလ်ရမည်ဖြစ်သည်။ ၇၈လမ်းအတိုင်းထွက်ခွာလာပြီး မြို့ပြင်အရောက်တွင် လေ၀င်လေထွက်အနည်းငယ်ကောင်းလာသည်။ ကားထဲမှ မိန်းကလေးတစ်ယောက်က မောင်ယုပိုင် ၏ကဗျာစာအုပ်တစ်အုပ်ဖတ်နေသည်။ ကဗျာစာအုပ်ဖတ်သောမိန်းကလေး (အချစ်ကဗျာများမဆိုလို)ရှားသဖြင့် ကျွန်တော် စိတ်ဝင်စားနေမိသည်။ ခဏနေတော့သူက စာအုပ်ကိုလွယ်အိတ်ထဲပြန်သိမ်းဖို့ကြံရွယ်နေသည်။ သို့နှင့်ကျွန်တော် သူ့ဆီက စာအုပ်ကိုငှားပြီး ဖတ်နေလိုက်သည်။ ဘေးက ကောင်လေးသုံးလေးယောက်လောက်ကတော့ ဖုန်းကိုယ်စီထုတ်ပြီး ဂိမ်းဆော့သူဆော့၊ သီချင်းနားထောင်သူနားထောင်နေကြပြီ။ အနားမှ ကောင်မလေး၂ယောက်ကတော့ တီးတိုးပြောဆို နေကြသည်။ ပါးစပ်လေးတွေပိတ်ပြီး ပြုံးရယ်ကြသည်။ ကား၏ အရှေ့ဘက်ထောင့်မှာ နေရာရသူတွေကတော့ ကားနံရံကို မှီရင်း မှိန်းနေကြပြီ။ ဟုတ်တော့လည်းဟုတ်ပါသည်။ အားလုံးနေ့လည်စာစားပြီးချိန် နေပူပူနှင့်ဆိုတော့ အိပ်ချင်စရာ ကာလပင်။

            ကားတန်းအရှေ့ဘက်ဆီမှ ဓမ္မစကြာဝတ်ရွတ်အသံကိုကြားနေရသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ချော့သိပ်နေ သလိုခံစားရသည်။ “ဇာတိပိဒုက္ခော၊ ဇရာပိဒုက္ခော ၊ ဗျာဒိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ” အသံကလွင့်ပျံလာပြန်၏။ ယခုဆုံးပါး သွားသူမှာ ကင်ဆာရောဂါကြောင့်ဟုသိရသည်။ ဘာကင်ဆာလဲ ဟုတော့ သေချာမမေးမိ။ အိုခြင်းဆင်းရဲကို ထည့်မတွက် တောင် နာခြင်းဆင်းရဲနှင့် သေခြင်းဆင်းရဲကိုတော့ သူလောလောလတ်လတ်ကြုံခဲ့ရပြီ။ ယခုရွတ်ဆိုနေသော ဓမ္မအသံများ
သည် သေသူအတွက်ရွတ်ဆိုနေခြင်းမဟုတ်တန်ရာ။ သူ့မှာ ကြားစိတ်၊သိစိတ်၊မှတ်သားစိတ်တွေ မရှိနိုင်တော့။ စင်စစ်မှာမူ နာရေးလိုက်ပါပို့ဆောင်ကြသော မိသားစုဝင်များ၊မိတ်ဆွေသင်္ဂဟများအတွက် ရည်ရွယ်ခြင်းဖြစ်တန်ရာသည်။ သို့သော် ကျွန်တော်တို့အားလုံးကတော့ ကိုယ်နှင့်မဆိုင်သလို မသိချင်ယောင်ဆောင်နေမိကြလေသလား။ “ပိယေဟိဝိပ္ပယောဂေါ ဒုက္ခော” ချစ်သောသူနှင့်ကွေကွင်းရခြင်းသည်လည်း ဆင်းရဲဟုဆိုသည်။ အမေနှင့်ခွဲခွာရသောအတန်းထဲမှ သူငယ်ချင်းမှာ ဤသဘောကိုနှလုံးသွင်းမိပါလေစ။ ကြားကောကြားမိပါလေစ။ ဆက်မတွေးဖြစ်တော့။ ရေတစ်ကျိုက်ထပ်မော့လိုက်ပြီး တစ်ဖက်ကားလမ်းမှ လမ်းသွားလမ်းလာများကိုကြည့်နေမိသည်။ သိပ်မကြာပါ။ နိဗ္ဗာန်ယာဉ်တစ်စီးမြို့တွင်းသို့ မောင်းသွား သည်ကိုတွေ့လိုက်ရသည်။ ခပ်မြန်မြန်ခပ်သွက်သွက်။ နာရေးပို့ဆောင်ခဲ့ကြဟန်တူသော ဒိုင်နာကားအချို့ကိုလည်း ဆက်တိုက်လိုလိုတွေ့လိုက်ရသည်။ သြော် သူတို့တာဝန်တစ်ခုပြီးခဲ့ပြီ။

            တာဝန်။ ထိုသို့တွေးမိပြီးမှ ထိုအတွေးကိုပြန်လန့်နေသည်။ ကျွန်တော်တို့လူအဖွဲ့အစည်း၏ အနက်ဖော်ရန်ခက်ခဲ လှသော လိုက်လျောညီထွေဖြစ်မှုများအကြောင်းအထိ အတွေးကလွန်ထွက်သွားသည်။ နာရေးတစ်ခု၊သို့မဟုတ် သာရေး မင်္ဂလာကိစ္စတစ်ခု ဘာပဲဖြစ်ဖြစ် တကယ်စိတ်လိုလက်ရသဘောနှင့် ပါဝင်ကူညီခဲ့တာထက်စာရင် လူမှုရေးအရတာဝန် တစ်ခုလို ဆောင်ရွက်ပေးဖြစ်ခဲ့တာက ပိုများနေမည်ထင်သည်။ ၄င်းမှာ ပါဝင်ဆောင်ရွက်သူတို့အပိုင်း။ ကာယကံရှင်များ၏ သဘောထားကရော မည်သို့ရှိပါသနည်း။ တွေ့ဖူးပါသည်။ မင်္ဂလာဆောင်တစ်ခုကိုစီစဉ်ရင်း ဘယ်လောက်အမြတ်ထွက် မည်ကို တွက်ချက်နေသောကြင်ယာလောင်းများ၊ နာရေးအိမ်တွင်လာကစားသောဖဲဝိုင်းများဆီမှ အကောက်ငွေမရသဖြင့် ပူညံဆူညံဖြစ်ကြသော နာရေးအိမ်ရှင်များ။ လူတွေ၏ အတွင်းစိတ်မှာလိုချင်တပ်မက်စိတ်ကတော့ ရှိကြမည်မှာ မငြင်းနိုင်။ သို့သော် မိမိ၏ ကာယိဒြေ္နယိုယွင်းသွားလောက်သည်အထိ လှုပ်ခတ်ပေါက်ကွဲသွားသည်ကတော့ မသင့်လှဟု ထင်မိသည်။ သည်လိုအချိန်လေးမှာ တစ်ဖက်သားကိုလေးစားသောစိတ်၊ အလေးအနက်ထားသောစိတိဖြင့်သာ နေသင့်ဆောင်ရွက်သင့် သည်ဟု ထင်ပါသည်။ ငွေကြေးကိုပြန်လည်ရှာဖွေရန် တခြားအချိန်တွေရှိသေးသည်မဟုတ်ပါလား။ သို့ပေမယ့်လည်း လူမှုဘ၀၏ လွန်ဆွဲပွဲများအကြောင်းကိုရိပ်ခနဲမြင်မိပြန်သည်။ ထိုလွန်ဆွဲပွဲများကြားထဲက တစက်စက်ကျလာသောချွေးစက် တွေအကြောင်း ကျွန်တော်ကိုယ်တိုင်ကြုံဖူးခဲ့တော့လည်း. . .။ မျက်နှာကိုလေတိုးဝှေ့ရန် ကားဘေးအပြင်ဘက်သို့ ခေါင်းပြူ ပြီးကြည့်မိလိုက်သည်။

            မန္တလေးမြို့အထွက် အဝေးပြေးလမ်းမကြီးနှင့်ဆုံချက်အ၀ိုင်းကြီးဆီကို ရောက်လာပြီ။ ဓာတ်ဆီအရောင်းဆိုင်များ နေအပူထဲတွင် ခြောက်သွေ့စွာမတ်တပ်ရပ်နေသည်။ လောင်စာဆီများ လောင်စာဆီများ။ ကျွန်တော်တို့အရေးတကြီး မီးရှို့ ဖြိုခွဲပြီး စွမ်းအင်ဓာတ်တွေထုတ်ယူနေရသည့်လောင်စာဆီများ။ ခန္ဓာကိုယ်ဟာလည်း အင်ဂျင်တစ်ခုဆိုလျှင် သူ့အတွက် လိုအပ်သောလောင်စာဆီများက အမယ်စုံလှသည်။ လောင်စာဆီတွေဘယ်လောက်ပဲဖြည့်ဖြည့် တစ်ချိန်မှာတော့ စက်က ပျက်ကိုပျက်မည်ပင်။ ယခုပင် ပျက်စီးသွားသောအင်ဂျင်တစ်ခု၏နှုတ်ဆက်ပွဲကို ခုတ်မောင်းဆဲအင်ဂျင်များက ကျင်းပနေကြ ခြင်းမဟုတ်ပါလား။ “စွယ်တော်ဘုရားရောက်ပြီ” တစ်ယောက်ကပြောသည်။ ငြိမ်သက်နေသူများ လှုပ်လှုပ်ရှားရှားဖြစ်လာ သည်။ မကြာမီပင်သုဿန်သို့ရောက်တော့မည်လေ။ ကားတန်းသည်တရွေ့ရွေ့နှင့်ခရီးဦးတည်ရာသို့ ချဉ်းကပ်လာပြီ။ တောင်အင်းသုဿန်။ အုတ်ဂူများမရှိ။ သင်္ဂြိုလ်စက်သာရှိသည်။ ရုပ်ကလပ်များခေတ္တထိန်းသိမ်းရာ အအေးခန်းအချို့တွေ့ ရသည်။ ကျွန်တော်တို့အရှေ့မှာ အခြားနာရေးချသောအဖွဲ့တစ်ခုရှိသည်။ ရုပ်ကလပ်ကို အတွင်းသို့ပြောင်းယူပြီး သံတံခါး ကို ဒိန်းခနဲပိတ်ချလိုက်သောအသံသည် ထိတ်လန့်ဖွယ်ဖြစ်၏။ ထိုသို့ ဒိန်းခနဲပိတ်ပြီးသည်နှင့် လိုက်ပါပို့ဆောင်သူ မိသားစုများ မိတ်ဆွေများလည်း မျက်ရည်မှမတိတ်မီ ရှိုက်သံမှမဆုံးမီပင် လှည့်ပြန်ရတော့၏။ အချို့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုနည်းသော အမျိုးသမီးငယ်အချို့မှာ အော်ကြီးဟစ်ကျယ်ငိုသွားကြ၏။ ထိုမြင်ကွင်းနှင့်ပင် ကျွန်တော်တို့အဖွဲ့မှာ စိတ်ပင်ပန်းလှပြီ။ သို့သော် ထိုစိတ်ကိုအသာထိန်းပြီး မိမိတို့နာရေးပို့ဆောင်မှုနောက်သို့လိုက်ရတော့၏။

            သူငယ်ချင်းတို့ မိသားစုများမှာ အရှေ့သို့ပင်ရောက်နေပြီ။ အစဉ်အလာအရ ရုပ်ကလပ်ကို ဘုရားရုပ်ပွားတော်အား ၇ ကြိမ်တိတိ ဦးတိုက်ကန်တော့နေသည်ကိုတွေ့ရသည်။ အစဉ်အလာအရ ထုံးတမ်းအရ …။ ထိုသို့တစ်ခုခုတွေးမလို့ ရှိဆဲ မှာပင် အခေါင်းအဖုံးကိုဆွဲမလိုက်ကြပြီ။ “နောက်ဆုံးအနေနဲ့ကန်တော့ကြ” ဟု တစ်စုံတစ်ယောက်ပြောလိုက်သံကို ကြားရ သည်။ ငိုသံများပြိုဆင်းလာပြန်ပြီ။ တစ်ယောက်ပုခုံးကိုတစ်ယောက်ဖျစ်ညှစ်အားပေးရင်း ငိုရှိုက်နေကြသူများကို မိမိက ဘေးကနေလက်ပိုက်ကြည့်နေရသည့်အဖြစ်ကို ဘာကြောင့်ရယ်မသိ လိပ်ပြာမလုံသလိုခံစားရသည်။ ထို့ကြောင့် ဟိုဟိုဒီဒီ လှည့်ကြည့်မိတော့ ကျွန်တော့်အတန်းထဲက သူငယ်ချင်းအချို့စီးကရက်မီးညှိဖို့ မီးခြစ်ငှားနေသည်ကိုတွေ့ရသည်။ သက်ပြင်းချမလို့ကြံရွယ်နေတုန်းမှာပင် သံတံခါးကြီးဒိန်းခနဲပိတ်သွားသံကိုကြားလိုက်ရသည်။

            ကျွန်တော်တို့အဖွဲ့သားအားလုံး တိုင်ပင်စရာမလိုဘဲ ချာခနဲခြေဦးလှည့်ပြီးသားဖြစ်နေပြီ။ သူငယ်ချင်း၏ မိသားစု ၀င်တွေကို လှည့်မကြည့်နိုင်အားသေး။ ဘာကြောင့်ရယ်မသိ ကိုယ့်ကားဆီသို့သာ ခပ်သုတ်သုတ်ပြန်သွားနေကြမိသည်။  ကားဆရာကလည်း လူစုံပြီဆိုတာနှင့်မောင်းထွက်တော့သည်။ အရှိန်ကအလာထက်ပိုမြန်နေမည်ဆိုတာ ပြောစရာလိုမည် မထင်။ အပြန်လမ်းမှာ ကျွန်တော်တို့နည်းတူကားတန်းများကိုလည်း တွေ့နေရပါသေးသည်။ အဆက်မပြတ်စီးဆင်း နေဦးမည့် မရဏတရားများ။ ကျွန်တော့်ဘေးမှာထိုင်နေသော ကောင်မလေးတစ်ယောက်က စကားဟဟ ပြောလာပါသည်။ “ ဒီမှာက အုတ်ဂူမလုပ်ဘူးလား။ ငါတို့ဆိုအုတ်ဂူပဲလုပ်တယ်” တဲ့။ ပုံပန်းသဏ္ဍာန်ကြည့်သည်နှင့် ဘာသားခြားမိန်းကလေး တစ်ဦးမှန်း သိသာပါသည်။ ကျွန်တော်က “အင်း ဟုတ်တယ်” ဟုပဲပြောကာ ပြုံးပြလိုက်သည်။ သူကဆက်ပြောသည်။

             “ ငါတို့က ဟိုး မြောက်ဘက်ကိုသွားရတာ။ အမေဆုံးတုန်းကလေ။ မန္တလေးတောင်ဘက်ကိုသွားရတာ။” 
            “ အင်းဟုတ်တယ်။ ကြာနီကန် ရွာဘက်လေ”
            “ အင်း။ ငါဆို အဲ့ဘက်သွားရရင် ပျော်တယ်”

            သူ့စကားကြောင့် ကျွန်တော်မျက်လုံးပြူးသွားသည်။ ဟင် - လို့ အာမေဋိတ်ပြုတော့ သူက “ ငါ့အမေနဲ့နေရတယ် လေ။ ငယ်ငယ်တုန်းကဆို အမေ့အုတ်ဂူနားမှာ ဆော့ကြတာ” ဟု ဆက်ပြောသည်။ ကျွန်တော်လည်း ခေါင်းတဆတ်ဆတ် ညိတ်ပြပြီး ပြုံးပဲပြုံးနေလိုက်တော့သည်။

            အပြန်လမ်းကျမှ လေအေးကလည်း တဟူးဟူးတိုက်နေသည်မို့ ကားကစီးလို့ကောင်းနေသည်။ လမ်းဘေးသစ်ပင် များ မြင်ကွင်းများ တရိပ်ရိပ်ကျန်ရစ်နေခဲ့သည်။ နဘေးမှ ကောင်မလေး၏ ဆံပင်များလွင့်ပျံပြီး မျက်နှာကိုလာရောက်တို့ထိ နေသည်ကိုပင် ဘာရယ်မသိ သာယာသလိုလိုဖြစ်နေသည်။ နာရေးပို့ပြီးပြန်လာခြင်းဖြစ်ကြောင်းကိုပင် ကျွန်တော် မေ့လျော့ချင်နေပြီ။ ကားမှာ ကျွန်တော်တို့ကျောင်းအနားရှိစုရပ်သို့ ရောက်လာပြီ။ အရှေ့ခန်းမှ အဖွဲ့ခေါင်းဆောင်က လှမ်းအော်သည်။

            “ အားလုံး ပူနေမှာပဲ ။ ရေခဲမုန့်စားကြမလား။ ဒီနားက ဆိုင်ရှေ့ထိ တစ်ခါတည်းမောင်းခိုင်းလိုက်ရမလား” တဲ့။

            အားလုံးက တညီတညာတည်း “ဟေး” ဟု ၀ိုင်းအော်ကာ သဘောတူလိုက်ကြသည်။ ပြီးမှ တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ပြီး ရယ်မောလိုက်မိတော့၏။

            ရေခဲမုန့်ဆိုင်ရှေ့သို့ ရောက်ပါပြီ။ ဦးသုခ၏ ဘ၀သံသရာသီချင်းထဲတွင် “မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ” ဟု ဆိုပါသည်။ ကျွန်တော်လည်း ဆင်းလိုက်ပါဦးမည်။ အားလုံးနည်းတူ ရေခဲမုန့်ဆိုင်ထဲသို့ဖြစ်ပါသည်။ လူမှုကျင့်ဝတ်နှင့် ၀မ်းနည်းမှုအရေခြုံမျက်နှာဖုံးသည် အရည်ပျော်ကျသွားပါပြီ။ ရေခဲမုန့်ကို တော့ အရည်မပျော်ခင် စားရပါလိမ့်မည်။ သို့မှသာ အရသာအပြည့်ခံစားရမည်မဟုတ်ပါလား။


မှူးနေ၀န်း

No comments:

Post a Comment