Monday, June 8, 2015

အဓိပတိလမ်းကိုဖြတ်​​လျှောက်​ခြင်း


အဓိပတိလမ်းကို ဖြတ်လျှောက်ခြင်း


မွန်းကြပ်နေတဲ့ ဘတ်စ်ကားပေါ်ကဆင်းလာခဲ့တယ်။
လှည်းတန်းခုံးကျော်အောက်ကို ဝင်လိုက်တဲ့အခါ ငါ့ကိုသယ်လာတဲ့ကားဟာ
ငါ့ခေါင်းပေါ်ကဖြတ်သွားတယ်။ သူ့အင်ဂျင်သံကို ငါ့အသည်းထဲစွဲနေတယ်။
သက်စွန့်ဆံဖျား လမ်းဖြတ်ကူးပြီးနောက်မှာတော့ တက္ကသိုလ်ရိပ်သာလမ်းကို
ငါခြေချနိုင်ခဲ့ပါပြီ။ ငါအဓိပတိလမ်းကိုသွားမလို့။ ငါအဓိပတိလမ်းကိုမြင်ဖူးချင်လို့။
ဘာမှန်းမသိတဲ့အရွယ်ထဲက ရင်းနှိးခဲ့ရတဲ့လမ်းတစ်ခုကို ရှူရှိုက်ကြည့်ချင်လို့။
လှုပ်နေတဲ့ ကွန်ကရစ်မြောင်းဖုံးတွေကို နင်းပြီးငါလာတယ်။
လေးလံတဲ့ကျောပိုးအိတ်ကို ထမ်းပြီးငါလာတယ်။ ငါ့နားထဲ နားကြပ်ကို
ထိုးသွင်းဆို့ပိတ်ရင်း ငါလာတယ်။ ထမင်းချိုင့်ဆွဲထားတဲ့ ကျောင်းသူလေးတွေကို
ဝင်မတိုက်မိအောင် ရှောင်တိမ်းရင်း ငါလာတယ်။ ပါးပေါ်ကအမည်းစက်မှာ
အမွေးအမျှင်တွေတောထပေါက်နေသူတစ်ဦးဟာ ငါ့ကိုဘာလို့ကြည့်နေပါလိမ့်။
ငါအနားရောက်လာမှ ကားသမားဟာရုတ်တရက်တံခါးဖွင့်ပြီး ကွမ်းသွေးထွေးချတယ်။
လမ်းဟာ အနိမ့်အမြင့်ဖြစ်နေတော့ အရှေ့ဝေးဝေးထိ ငါလှမ်းမြင်နေရပါတယ်။
သစ်ရွက်ခြောက်တွေကိုတက်နင်းနေပေမယ့် အသံမမြည်ဘဲတိတ်ဆိတ်နေတာကို
ငါတဖြည်းဖြည်းသတိထားမိလာတယ်။ ဒီအချိန်မှာပဲ အဓိပတိလမ်းကိုလှမ်းမြင်လိုက်ရတယ်။
ဒီလမ်းကိုချိုးဝင်ဖို့ကိုတော့ မမြင်ရတဲ့အားတစ်ခုက ငါ့ကိုတားနေလေရဲ့။
ကတ္တရာစေးတွေဟာ ဆူပွက်လာတဲ့နွံအိုင်ကြီးတွေဖြစ်သွားတယ်။ စိမ်းညို့သစ်ပင်ကြီးများက
မာကျောပြောင်တင်းကျောက်သားတွေဖြစ်နေ။ မျက်စိနေရာမှာ မီးသီးကိုအစားထိုးတပ်ပြီး
လင်းကျင်းစူးမြနေကြတဲ့လူတွေဟာ ငါ့ဆီကိုတဖြည်းဖြည်းချဉ်းကပ်လာပါပြီ။
ငါဟာ အဓိပတိလမ်းကိုမမြင်ချင်ယောင်ဆောင်ပြီး အပြေးတပိုင်းရှေ့ဆက်ခဲ့ရတော့တယ်။
လူလွတ်နေတဲ့ Taxi ထဲဝင်ထိုင်ပြီး ရှေ့ဆက်သွားမယ့်နေရာကို ပြောပြလိုက်ပါတယ်။
ကားပိတ်နေလို့ ဈေးပိုပေးရမတဲ့။ ခြေပြတ်နေတဲ့ကားဆရာဟာ လီဗာနင်းဖို့အတွက်
ခြေထောက်အတုကိုဝတ်ဆင်နေစဉ်မှာ နောက်ကြည့်မှန်ကတဆင့်မြင်နေရတာက
ညိုမွဲလျော့တွဲသောရင်သားကို အရှိအတိုင်းဖော်ပြထားတဲ့ အရူးမတစ်ယောက်ပါပဲ။
သူဟာငါ့ကိုရှာနေပုံ သို့မဟုတ် လက်ကျန်နို့ရည်တိုက်ကျွေးဖို့တစ်စုံတစ်ယောက်ကို
ရှာဖွေနေပုံပါပဲ။ ဒီအချိန်မှာ Taxi ဟာစက်နှိုးပြီးစတင်ထွက်ခွာလာပြီပေါ့။
ငါ့အသည်းထဲစွဲနေတဲ့ ဘတ်စ်ကားရဲ့စက်သံကို
အခုကားရဲ့ အင်ဂျင်သံက ပြန်လည်ဖုံးလွှမ်းသွားပါတော့တယ်။

မှူးနေဝန်း

No comments:

Post a Comment