Monday, June 8, 2015
အပွင့်စနစ်
အပွင့်စနစ်
မြို့တော်က သူ့ခါးကိုဆတ်ခနဲလိမ်ချိုးလိုက်တယ်
မြို့တော်သားအချို့ အညောင်းအညာပြေလွင့်စင်ထွက်သွားတယ်
တုတ်မယ့်ပျားတွေ ပျံလာပြီ
စုပ်မယ့် ခြင်တွေပြေးလာပြီ
မှန်ဘီလူးနဲ့လက္ခဏာဆရာကတော့ ဒါဟာမောင်းသူမဲ့လေယာဉ်တွေတဲ့
အသေခံဗုံးခွဲစစ်ဆင်ရေးတဲ့
ဒါပေမယ့် ၀ါးလုံးနဲ့ရမ်းလိုက်တဲ့အလံတလူလူကြောင့်
ဒီအန္တရာယ်ကို ကာကွယ်နိုင်သွားတယ်
အောင်ပြီဆိုပြီး လက်သီးဆန့်တန်းတာ
လက်မောင်းရင်းတွေပြုတ်ထွက်ကုန်တယ်
သီချင်းတွေဟာ သံစဉ်တွေချိုလာပြီး ကော့ဒ်တွေလွယ်လာတယ်
လူသားအားလုံး ဆောင်းတွင်းဝတ်ဦးထုပ်ကိုဆောင်းပြီး
ရက်ပါတွေလို ခေါင်းဆတ်နေကြတယ်
ဘယ်ကိုကြည့်ကြည့် တောင်ခိုးတွေမဝေတော့ဘူး
ဒါနဲ့ပဲ အသင့်ထုပ်ပိုးပြီး မြူနှင်းတွေကိုတင်သွင်းလိုက်တယ်
ကရင်အိုလင်မယားခမျာ ဗယာကြော်အချဉ်မရှိလို့
ကိုကာကိုလာနဲ့ တို့တို့စားရရှာတယ်
ရောဘတ်ပတ်တာဆန်ကဒ်ပြားနဲ့ သူတို့ကလက်ထပ်တော့
ငါတို့က စမတ်ဖုန်းတွေနဲ့ မင်္ဂလာဆောင်တယ်
တကယ်တမ်းက ဒါဟာ ဒုတိယအိမ်ထောင်ပါပဲ
ပထမလက်တွဲဖော်ဟာ အသုဘကဝေတဲ့ ယပ်တောင်တွေဖြစ်တယ်
သမ္မတကြီးရဲ့ တစ်ကိုယ်တော်ရှိုးပွဲမှာ
နီနီခင်ဇော်က lead ဂစ်တာလာတီးတယ်
ပရိသတ်တွေ အုတ်အော်သောင်းနင်းအားပေးနေချိန်မှာ
အာဖရိကဟာ အမေရိကတိုက်ဆီကို ပြန်လည်ပြေးကပ်သွားတယ်
ကျွန်ကုန်ကူးဖို့လွယ်လာတယ်
ဂျက်စပဲရိုးဟာ မုတ်ဆိတ်ကိုပိုပြီး သ လာတယ်
နေမ၀င်အင်ပါယာဟာ နှစ် ၁၀၀လောက်စောပြီး ဖြစ်ထွန်းလာတယ်
ဗိုလ်ချုပ်လည်းအရွယ်ရောက်လာရော
နိုင်ငံတော်ဟာ တကယ်ကိုခေတ်မီတိုးတက်နေပြီပေါ့
ကျွန်တော်မျိုးကြီး တကယ်မသေသင့် သေးဘူးဗျလို့
သူပြောတယ်
ပြီးတော့ ကြွေပန်းကန်လုံးထဲ လက်ဖက်ရည်ငှဲ့ပြီး
ကဗျာတစ်ပုဒ်ကို တကိုယ်လုံးယိမ်းပြီး ရွတ်နေလေရဲ့။
မှူးနေ၀န်း
Labels:
Poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment