Sunday, June 14, 2015

ချိုမြိန်သောပဋိပက္ခများကို ပျိုးထောင်ယူကြည့်ဖို့


ချိုမြိန်သောပဋိပက္ခများကို ပျိုးထောင်ယူကြည့်ဖို့


            အိမ်မှာ အမေထမင်းချက်နေချိန်မှာ အဖေက TV လိုင်းတွေ တစ်ခုပြီးတစ်ခုပြောင်းကြည့်နေတယ်။ အမေပန်းကန် တွေဆေးရင်း ရေကုန်သွားလို့ရေဖြည့်နေချိန်မှာ အဖေဟာဘောလုံးပွဲကြည့်နေရင်းတန်းလန်းနဲ့ အပြင်ကိုထွက်သွားတယ်။ သားဖြစ်သူက ဖုန်းကိုဟိုကလိဒီကလိလုပ်နေတဲ့အချိန် မီးဖိုချောင်ကိစ္စတွေပြီးသွားတဲ့အမေဟာ ဧည့်ခန်းထဲဝင်လာတယ်။ ဘောလုံးပွဲလာနေတာမြင်တော့ သူကြည့်ချင်တဲ့ကိုရီးယားလိုင်းကိုပြောင်းဖို့ကြိုးစားတယ်။ စလောင်းက ရီမုတ်ကွန်ထရိုး တေ၊ွ TVကကွန်ထရိုးတွေ၊DVD စက်အတွက်ကွန်ထရိုးတွေ ရှုပ်ရှက်ခတ်နေတော့ အမေက ဘယ်ခလုတ်နှိပ်ရမှန်း မသိတော့ဘူး။ သားဖြစ်သူကို လိုင်းချိန်းပေးဖို့ပြောတယ်။ သားဖြစ်သူက ဖုန်းနဲ့ဂိမ်းကစားနေတာ Level တက်ခါနီးနေပြီ။ အမေကကလှမ်းခေါ်လိုက်တာကြောင့် အာရုံလွတ်သွားတဲ့အချိန်မှာ Game Over ဖြစ်သွားတော့ အောင်ခါနီးလေးမှကပ် ဖြစ်ရသလားဆိုပြီးစိတ်တိုသွားတယ်။ ပြီးတော့ အမေဘက်ကိုလှည့်ပြီး “အမေတို့ကလည်းဗျာ ဒါလေးတောင်မလုပ်တတ် ဘူးလား၊ ကိုယ့်ဘာသာ လုပ်စမ်းပါ” ဆိုပြီး ပြောတယ်။ အမေက ရယ်ကြဲကြဲနဲ့ ထင်တဲ့ခလုတ်တစ်ခုနှိပ်လိုက်တော့ အသံတိုးတဲ့ခလုတ်ဖြစ်နေတယ်။ လိုင်းက ပြောင်းမသွားဘူး။ ဟင်းခနဲ သားက သက်ပြင်းချပြီး လေအေးအေးနဲ့ အမေနားကိုကပ်၊ “အမေတို့ကလည်းဗျာ ဘာကို ကြောက်နေတာလဲ၊ နည်းနည်းခလုတ်တွေကို စမ်းပြီး သုံးကြည့်စမ်းပါ၊ ပျက်မသွားပါဘူးအမေရဲ့၊ ကိုယ့်အိမ်မှာရှိတဲ့ ပစ္စည်း ကိုယ်သုံးတတ်ရမှာပေါ့”စသဖြင့်ပြောတယ်။ အမေကလည်း “အေးပါ အေးပါ၊ ငါတို့က ကိုင်နေကြမှမဟုတ်တာ” ဆိုပြီး ဘောက်ဆတ်ဆတ်ပြောတာပေါ့။ သားက အလျှော့မပေးဘူး။ “အဖေဆို အမေ့ထက် အသက်တောင်ပိုကြီးသေးတယ်။ သူတောင် ဒီခေတ်ပစ္စည်းတွေသုံးတတ်နေတာပဲ၊ အမေက အဘွားကြီးမလုပ်စမ်းပါနဲ့”ဆိုပြီး ပြောင်စပ်စပ်ပြောတယ်။ အမေက သားဖြစ်သူရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲတယ်။ ဒီအချိန် အပြင်ထွက်သွားတဲ့အဖေက ပြန်ရောက်လာပြီး “ဟ ဒီသားအမိတွေ ဘာဖြစ်နေကြတာလဲ” လို့ရယ်ရယ်မောမောဆိုတယ်။ ပြီးတော့တစ်ဆက်တည်းပဲ “မိန်းမရေ ခြံထဲမှာ ဆလတ်ရွက်လေးတွေအညွန့်ထွက်နေပြီ၊ ခူးရအောင် ကတ်ကြေး ဘယ်မှာလဲ” လို့ မေးလိုက်တယ်။ အမေက မထချင်တော့ဘူး။ “မီးဖိုချောင်ထဲမှာ သွားယူလိုက်” လို့ပြောမယ်။ အဖေက မီးဖိုချောင်ထဲသွားရှာတယ်။ ဟိုလှန် ဒီလှန် နဲ့ ဂလုံဂလွမ် အသံတွေကြားရတယ်။ ခဏနေတော့ စိတ်ရှုပ်တဲ့အသံနဲ့ “မတွေ့ဘူးကွ၊ ဘယ်မှာလဲ” ဆိုပြီးလှမ်းအော်တယ်။ အမေက သူ့ကိုရီးယားကားကြည့်နေရာကနေထသွားပြီး ကြောင်အိမ် ဘေးမှာချိတ်ထားတဲ့ ကတ်ကြေးကိုယူပေးလိုက်တယ်။ “ရှင်တို့တွေက ကိုယ့်အိမ်မှာဘယ်ပစ္စည်းဘယ်နေရာမှာ ထားတယ် ဆိုတာတောင် မသိကြဘူး” လို့ ပြောတယ်။ ဒီတော့ အဖေဖြစ်သူက “ဟ အိမ်ထောင်ထိန်းသိမ်းရမှာ မင်းတာဝန်ပဲလေ မဟုတ်ဘူးလား”လို့ ပြုံးပြုံးကြီး ပြောရင်း ခြံထဲပြန်ဆင်းသွားတယ်။ အဲ့အချိန် သားဖြစ်သူကအိပ်ရာထဲဝင်ပြီး သူ့ရည်းစားနဲ့ဖုန်းပြောနေပြီ။ အမေ TV ကြည့်တဲ့အချိန်မှာ သူ့ဘေးမှာ ဘယ်သူမှမရှိတော့ဘူး။ တစ်ယောက်တည်း။ ဇာတ်လမ်းထဲမှာ ရယ်စရာပါလည်း တစ်ယောက်တည်းရယ်။ ငိုစရာပါလည်း တစ်ယောက်တည်းငို။

            ဒီလိုအဖြစ်အပျက်လေးတွေက အိမ်တိုင်းလိုလိုမှာ ရှိနေတတ်ကြပါတယ်။ ဖြစ်လေ့ဖြစ်ထရှိပြီး အခုလို အေးအေး ဆေးဆေး အခြေအနေနဲ့ပဲ ပြီးသွားတတ်ပါတယ်။ အပေါ်ယံအရ တည်ငြိမ်အေးဆေးသယောင်ထင်ရပေမယ့် ခုနက အဖြစ် အပျက်မှာ အမေလုပ်သူ အမျိုးသမီးရဲ့ စိတ်အတွင်းသားကို ကျွန်တော်တို့ လှမ်းကြည့်ဖြစ်ကြရဲ့လား။ အိမ်ထောင်တာဝန် ဆိုတဲ့ စကားလုံးတစ်ခုအောက်မှာ သူဟာ သူသိခဲ့တဲ့အသိပညာတွေ အတတ်ပညာတွေကို ချွတ်ပြီးပုံထားခဲ့လိုက်ရတယ်။ မီးဖိုးချောင်ထဲက ဝေ့တက်လာတဲ့မီးခိုးငွေ့တွေဟာ အိမ်ရှင်မရဲ့ဘွဲ့ဝတ်စုံနဲ့ဓာတ်ပုံမှာသွားပြီး ကြပ်ခိုးစွဲသွားပြီ။ သူမဟာ အမျိုးသမီးတွေ အရက်ဆိုင်မှာ ၀ိုင်းဖွဲ့စကားပြောနိုင်ရေး၊ကျိုက်ထီးရိုးဘုရားမှာ ကိုယ်တိုင်ရွှေသင်္ကန်းကပ်ခွင့်ရရေးတွေကို တောင်းဆိုနေမှာ မဟုတ်ပေမယ့် နေ့လည်ခင်းအားအားလပ်လပ်ရှိချိန်မှာ တစ်ဖက်အိမ်ကိုကူးပြီး လက်ဖက်သုတ်နဲ့ သတင်းလေးအတင်းလေးပြောဆိုလို့၊ မြန်မာကားတစ်ကားကိုမေးထောက်ကြည့်ရင်း တရှုံ့ရှုံ့ငိုလို့၊ ညစာ ဘာချက်ရင် ကောင်းမလဲဆိုတာကို မတွေးဘဲ၊ မိန်းမဖျင်း ကျောခင်း ဆိုတဲ့စကားတွေကို ခဏမေ့ပြီးနေချင်စိတ်လေးများ ရှိနေနိုင်မလား။ ကျွန်တော်တို့တွေးတောကြည့်သင့်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ၁နာရီလောက်ဇိမ်ဆွဲစကားပြောရင်း တွေးကြည့်မိ ပါသလား။ အလုပ်သဘောအရ ညစာစားပွဲမှာ ဖန်ခွက်ထဲကရေခဲကိုလှုပ်ကြည့်ရင်း တွေးကြည့်မိပါသလား။ ဂျီတော့ခ်ကို ဖွင့်ပြီး ဟိဟိ ခိခိ ပျော်မြူးနေချိန်မှာ တွေးကြည့်မိပါသလား။ ကျွန်တော်တို့တွေးဖို့မေ့လျော့နေကြမယ် ထင်ပါတယ်။ လူတိုင်းကြားဖူးလောက်မယ့် ဟာသလေးတစ်ခုရှိပါတယ်။ အိမ်တစ်အိမ်မှာ မိန်းမကပေါက်တူးတစ်လက်နဲ့ပေါက်ဆွပြီး ချွေးတလုံးလုံး အလုပ်လုပ်နေတယ်။ အဲဒီ့အချိန်ယောက်ျားခင်ပွန်းဖြစ်သူကတော့ မယ်ဒလင်လေးတီးပြီး သီချင်းလေး တအေးအေး လုပ်နေတာပေါ့။ဘေးကမနေနိုင်တဲ့သူတွေကမေးတယ်။“ခင်ဗျားမိန်းမကျ ပင်ပင်ပန်းပန်းအလုပ်လုပ်နေပြီး ခင်ဗျားကျတော့တယ်ဇိမ်ရှိ နေပါလားဗျ” ဆိုတော့ယောက်ျားဖြစ်သူကပြန်ပြောလိုက်တယ်။ “ဘယ်တတ်နိုင်မလဲ သူမှ မယ်ဒလင်မတီးတတ်တာ” တဲ့။မယ်ဒလင်မတီးတတ်တာ အပြစ်လား။အဲလိုမယ်ဒလင်တီးဖို့အခွင့်အရေး မယ်ဒလင် တီးခြင်းဟာ ယောက်ျားတွေနဲ့ပဲဆိုင်တဲ့ကိစ္စမဟုတ်၊ ငါတို့တီးချင်ရင်လည်းတီးနိုင်တယ်ဆိုတဲ့အသိအတွေးမျိုး ဖြစ်ပေါ် မလာအောင် တည်ဆောက်ထားတဲ့ အစဉ်အလာထုံးဓလေ့တွေရဲ့အပြစ်လား။ အမျိုးသမီးအိမ်ရှင်မ အများစုဟာ Android တွေ iOSတွေ Javaတွေနားမလည်ဘူး။သူတို့ဟာချန်ပီယံလိဂ်ကို ချန်ပီယံပေါ်ဆန်းမွှေးလောက်စိတ်မ၀င်စားဘူး။ အမျိုးသမီးအိမ်ရှင်မအများစုဟာ သားသမီးတွေကိုနိုင်ငံခြားပို့ပေးလိုက်မယ်၊ ဒါပေမယ့်သူကိုယ်တိုင်တော့ နိုင်ငံခြား မရောက်ခဲ့ဘူး၊ ရောက်ချင်လိုက်တာလို့လည်းစိတ်ကူးဖြစ်ဖို့မသေချာဘူး။ အမျိုးသမီးအိမ်ရှင်မအများစုဟာ ရုံးဝန်ထမ်း ခင်ပွန်းအတွက် ကွန်ပြူတာတစ်လုံးကိုပိုက်ဆံစုပြီးဝယ်ပေးလိုက်မယ်။ ဒါပေမယ့် ကွန်ပြူတာကမောက်စ်ကို သူမြန်မြန် ဆန်ဆန် ရွှေ့တတ်မှာမဟုတ်ဘူး။ သူတို့တွေဟာ လောကကြီးနဲ့အဆက်အသွယ်ပြတ်နေကြတယ်။ ကျယ်ပြန့်တဲ့လူမှု အသိုင်းအ၀ိုင်းတစ်ခုဆီကိုသွားဖို့ အတားအဆီးရယ်လို့မရှိနေရင်တောင် သူတို့ဟာ ဒီလိုတိုးဝင်ယှက်နွယ်ရမှာပါလား ဆိုတဲ့ စိတ်ကူးလေးတောင်မကူးဖြစ်တော့ဘူး။ မွေးရာပါအတည်ဆောက်ခံအသိတရားတွေ ၊ထုံးတမ်းတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်နယ်နိမိတ်ကို ချဲ့ထွင်ဖို့မ၀ံ့မရဲဖြစ်နေစေတယ်။ ရှင်စောပုဟာ ဟံသာဝတီကိုပြန်ပြီးဘုရင်မ,မဖြစ်ခင်တုန်းက အင်းဝမှာမင်းအဆက်ဆက်ရဲ့မိဖုရားခေါင်ကြီးဖြစ်ခဲ့တယ်။ ဒါပေမယ့် ရှင်ဘုရင်တွေကယုယချစ်ခင်တဲ့ ဇနီးမယား တစ်ယောက်အနေနဲ့ရှင်သန်ခဲ့ရတာမဟုတ်ဘူး။ အင်းဝ၊ဟံသာဝတီနှစ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအဆင်တန်ဆာတစ်ခုအဖြစ် လောက်ပဲ သူ့ကိုသတ်မှတ်သဘောထားခြင်းခံခဲ့ရတာ။ အမျိုးသမီးတစ်ယောက်ဟာ ဒီလိုပုံရိပ်တစ်ခု၊အသုံးအဆောင်တစ်ခု မျှသာ ရပ်တည်နေရတဲ့အနေအထားတွေ ဒီနေ့ဒီအချိန်မှာမရှိတော့ပါဘူးလို့ ကျွန်တော်တို့ သေချာပေါက်ပြောရဲပါ့မလား။ ကျွန်တော်ကတော့မပြောရဲဘူး။ ကဗျာဆရာ တေးရေးဆရာမြင့်မိုးအောင်လည်းပြောရဲမယ်မထင်ဘူး။ ဟုတ်တယ်။ ဆရာမြင့်မိုးအောင်ဟာ“ ပရိဘောဂများ” ဆိုတဲ့ကဗျာတစ်ပုဒ်ရေးခဲ့တယ်။

ပရိဘောဂများ

သူ့အိမ်ဂေဟာ တခမ်းတနားလှပအောင်
အမြဲတမ်းသူနေရာချတယ်တယ်။
အိမ်ကိုရောက်ဖူးတဲ့ လူကြီးလူကောင်းတိုင်းက
တအံ့တသြ ချီးမွမ်းခန်းဖွင့်ရလာက်အောင်
သူတော်တယ်။
ကနုတ်ပန်းနဲ့ ရှေးဟောင်းထိုင်ခုံတွေက
သူ့ကို မင်းမျိုးမင်းနွယ်တစ်ယောက်လို အထင်ရောက်စေတယ်။
ထိုင်နေကျသူ့ခုံရဲ့ အပေါ်တည့်တည့်နံရံမှာတော့
အမဲလိုက်သေနတ်နဲ့ ခေါင်းပါတဲ့ကျားရေခွံကြီးက
သူပြောသမျှစကားလုံးတိုင်းကို အလေးအနက်ဖြစ်စေတယ်။
သူစုဆောင်းထားသမျှ ပန်းချီကားအားလုံး
ဘယ်သူမှ မမြင်အောင်သိမ်းထားလေ့ရှိတယ်
လိုအပ်မှ ဧည့်ခန်းနံရံမှာ တစ်ချပ်ချင်းချိတ်ဆွဲ
ဒါက ပစ်မှတ်ကို တစ်ချက်တည်းနဲ့ မှန်အောင်ပစ်တတ်သူမှန်း
သူ့စွမ်းရည်နဲ့ သူ့ပညာကို သိသာစေတယ်။

ပြဿနာတွေ သူဖြေရှင်းတဲ့အခါ
စာကြည့်ခန်းထဲမှာသူတွေ့ဆုံတယ်
အခန်းပတ်လည်က စာအုပ်ဗီရိုကြီးတွေထဲမှာတော့
သူ့အတွက် ဆင်ခြေဆင်လက်တွေကို
အက္ခရာစဉ်အတိုင်း စနစ်တကျ စီထားတယ်။

ဆင်ဝင်အောက်က ရှားပါးဂမုန်းတွေနဲ့
ဝရန်တာမှာချိတ်ဆွဲထားတဲ့ သစ်ခွမျိုးစုံကိုတော့
ဖြစ်ရပ်မှန်တွေစီကနေ အာရုံလှည့်စားဖို့အတွက်
တန်ဖိုးကြီးကြီးပေးပြီး သူစုဆောင်းထားတယ်။

သူ့အသုံးအဆောင် ပရိဘောဂတွေထဲမှာတော့
ကျွန်မဟာ ဈေးအပေါဆုံးဖြစ်လိမ့်မယ်
နေ့ဘက် မီးဖိုချောင်ထဲမှာ ၊ ညဘက် သူ့အိပ်ခန်းထဲမှာ
စနစ်တကျ သူနေရာချတတ်တယ်။

သူ့ဘက်ကလည်း တွေးနေလိမ့်မယ်
သူ့အသုံးအဆောင် ပရိဘောဂတွေထဲမှာ
သူ့ကို သံသယမျက်လုံးနဲ့ပြန်ကြည့်တတ်တာဆိုလို့
ကျွန်မတစ်ယောက်တည်း ရှိလိမ့်မယ်လို့။

ဒါပေမယ့် ကျွန်မရဲ့ဒေါသနဲ့ ကြေကွဲမှုတွေကိုတော့
စကားလုံးတွေအဖြစ် ဘယ်တော့မှ ပြောင်းလဲခွင့်မရခဲ့ဘူး
သူ့ရှေးဟောင်းပစ္စည်းတွေပေါ်က အက်ကြောင်းရာတွေလိုပေါ့
ပြင်ဆင်လိုက်လို့တန်ဖိုးလျော့သွားမှာမျိုးကို
သူမလိုလားဘူး။

ဒီအတွက်လည်း အားလုံးသူစီစဉ်ပြီးသားပါ
နှစ်ယောက်အိပ် ကုတင်ရဲ့ပြူတင်းပေါက်ဘက်အခြမ်းကို
ကျွန်မအတွက် သီးသန့် သူပေးထားတယ်
လမင်းကို အချိန်အကြာဆုံး အလှပဆုံးမြင်ရတဲ့
အိမ်ဂေဟာရဲ့အကောင်းဆုံးပြူတင်းပေါက်ပေါ့
နာကြည်းချက်တိုင်းကို ကျွန်မပြောပြလိုက်တဲ့အခါ
လမင်းကလည်း နားလည်ကြေကွဲစွာ နှစ်သိမ့်ပေးရှာတယ်
ကျွန်မရဲ့မျက်ရည်နဲ့ ကျွန်မရဲ့ခန္ဓာကိုယ်ကို
သူ့ရောင်ခြည်တွေနဲ့ ပွတ်သပ်ပေးရင်းပေါ့။

ဒီလိုနဲ့ပဲ  လမင်းဆီရောက်သွားတဲ့ လျှို့ဝှက်စကားတွေကို
တခြားဘယ်သူမှ မကြားနိုင်တော့ဘူး
ခုတင်တစ်ဖက်ခြမ်းက အမှောင်ရိပ်ထဲမှာတော့
သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်
လမင်းနဲ့ကျွန်မကို ကျောခိုင်းရင်းနဲ့လေ။

မြင့်မိုးအောင်

            ကဗျာဟာ သိပ်ကိုရှင်းပါတယ်။ ဒါပေမယ့် နေ့ဆိုမီးဖိုချောင်ထဲမှာ ညဆို အိပ်ခန်းထဲမှာ နေရာချခံရသူ ပရိဘောဂ တစ်ယောက်ရဲ့ရင်ထဲမှာ ရှင်းလင်းကြည်လင်နေပါ့မလား။ လမင်းရဲ့ရောင်ခြည်ဟာ သူ့အတွက်စစ်မှန်တဲ့ ဖြေဆေးတစ်ခု ဖြစ်တယ်လို့ ကျွန်တော်ကဖြင့်မထင်ရဲပါ။(သူ့ဘက်ကလည်း တွေးနေလိမ့်မယ်သူ့အသုံးအဆောင် ပရိဘောဂတွေထဲမှာ
သူ့ကို သံသယမျက်လုံးနဲ့ပြန်ကြည့်တတ်တာဆိုလို့ ကျွန်မတစ်ယောက်တည်းရှိလိမ့်မယ်လို့) ဆိုတဲ့နေရာလေးဟာ ကျွန်တော့်စိတ်ထဲလှိုင်းထသွားစေတဲ့နေရာလေးဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ရှင်သန်မှုကို ပိတ်လှောင်ခြင်းခံထားရတာ တောင် တစ်ဖက်လူရဲ့ခံစားချက်ကို ဖေးဖေးမမတွေးကြည့်ဖော်ရတဲ့ ပရိဘောဂတစ်ခုရဲ့နှလုံးသားဖြစ်ပါတယ်။ ဆရာ မင်းဆွေရေးတဲ့ နာမည်ကျော် ဓားဝတ္ထုထဲမှာ ကျွန်တော်အတော်တုန်လှုပ်မိတဲ့စကားတစ်ခွန်းပါပါတယ်။ ယောက်ျားမှန်ရင် ဓားသွေးရမယ်၊မိန်းမမှန်ရင် သားမွေးရ မတဲ့။ ဒီဝတ္ထုဟာသူ့ခေတ်အခြေအနေအရ တော်လှန်ရေးစိတ်ဓာတ်ကိုလှုံ့ဆော် တဲ့သဘောမျိုးဖြစ်ပေမယ့် အမျိုးသမီးတွေကိုထုတ်ကုန်စက်ရုံတစ်ခုသဘောမျိုးအထိ သဘောထားတဲ့အတွေးအခေါ် တွေကို ကျွန်တော်တို့မျိုးဆက်အစဉ်အဆက်တွေ တွေးတောခဲ့သလားဆိုပြီး အတော်လည်းစိတ်မကောင်းဖြစ်ရပါတယ်။ အခုရော တွေးနေကြတုန်းပဲလား။ တရုတ်ပြည်မှာတော့ သမီးမိန်းကလေးမွေးရင် တိတ်တဆိတ်စွန့်ပစ်သတ်ဖြတ်တဲ့ လုပ်ရပ်ဆိုးကြီးရဲ့နောက်ဆက်တွဲအဖြစ် လူပျိုကြီးဦးရေတိုးပွားလာမှုပြဿနာကို ရင်ဆိုင်နေရတာ ကျွန်တော်တို့ကြားမိ ကြမယ်ထင်ပါတယ်။ လူနဲ့လူချင်းဆိုတဲ့မျှတတဲ့အသိတရားကို ဘယ်အရာတွေဖုံးလွှမ်းသွားကြသလဲ။ ဆရာမြင့်မိုးအောင် ရဲ့ကဗျာထဲက အမျိုးသမီးကတော့ စကားတွေအများကြီးပြောချင်နေရှာရော့မယ်။သူ့မှာ မျိုသိပ်မှုတွေနဲ့သိပ်သည်းဆ များလွန်းနေရောပေါ့။ ဒီလို ပြောပြချင်နေတဲ့အမျိုးသမီးတွေရှိသလို နားထောင်ချင်နေတဲ့အမျိုးသမီးတွေလည်းရှိနေပါတယ်။ ဒါပေမယ့် “ထမင်းကျက်ပြီလားဟေ့၊ပြင်ထားလိုက်တော့” ဆိုတာတွေနားထောင်ချင်မှာမဟုတ်လောက်ပါဘူး။“အလုပ်က ပင်ပန်းရတဲ့ကြားထဲ မင်းတို့မိန်းမတွေက ပူညံပူညံနဲ့ကွာ” ဆိုတာတွေ နားထောင်ချင်မှာ မဟုတ်လောက်ပါဘူး။ “ဒီတစ်ပတ် စနေ တနင်္ဂနွေက မိတ်ဆွေတွေနဲ့ဂေါက်ရိုက်ဖို့ချိန်းထားတာ။နောက်မှ ရုပ်ရှင်ကြည့်လိုက်တော့။ အရမ်းကြည့် ချင်နေရင်လည်း အိမ်ကတစ်ယောက်ယောက်ခေါ်သွားလေ” ဆိုတာမျိုး ကြားချင်ရှာမှာမဟုတ်ပါဘူး။ သူတို့ကြားချင်နေမှာ ဘယ်လိုစကားတွေလည်း။ ဆရာစိုင်းဝင်းမြင့်ရဲ့ “အဲ့ဒါပြောပါလား”ဆိုတဲ့ ကဗျာလေးကို သတိရမိပါတယ်။

အဲ့ဒါပြောပါလား

တစ်နေ့တစ်နေ့ လျှောကျနေတဲ့အရိပ်နဲ့ တဖြည်းဖြည်း
လျော့ကျနေတဲ့ ကိုယ်အလေးချိန်ကို
ရှင်ပြောပြောပြလို့ ကျွန်မသိရတယ်
ရှင်ပြောတယ် “မင်းလက်မောင်းလေး ဒီနေ့ပြည့်နေတယ်”
“မင်း ညက အိပ်မပျော်ဘူးထင်တယ်
မျက်နှာလေးချောင်ကျသွားတယ်”
“မင်းအသားလေး နည်းနည်းဖြူလာတယ်”
ရှင်ဟာ ကျွန်မကို ကြည့်ပြောနေတော့တာပဲ
ရှင်ပြောလိုက်တာနဲ့ ဘုရားပန်းအိုးထိုးမယ့်
သစ္စာပန်းတွေဆီ ကျွန်မရဲ့ဓားကမရောက်
ကျွန်မရဲ့လက်ပေါ် ဓားကျရောက်သွားတယ်
ကျွန်မ အမှတ်မထားပါဘူး
ဘယ်တုန်းကများ ကျွန်မ မှတ်လို့လဲ
အခုလည်း သစ္စာပန်းတွေဝယ်လာတယ်
အမာရွတ်ကို လက်စွပ်လို စွပ်ထားတယ်
ကျွန်မ ပွတ်သပ်တယ်
ရှင့်မျက်နှာကို လှမ်းကြည့်မိတာနဲ့ ထမင်းအိုးတူးတော့တာပဲ
ရှင်စိတ်ကောင်းဝင်တဲ့အခါ ပြောတယ်
ကျွန်မက ရယ်ရတယ်တဲ့
ရှင်ဘာတွေတွေးနေတာလဲ
ကျွန်မ အမှိုက်တစ်စ ဖြစ်သွားရတာ
အခုလို မီးလောင်တဲ့ညမှာ
ကျွန်မကို ၀တ်ဆင်ထားရတာ ရှင့်အတွက်ငရဲ
စောင်တစ်ထည်လို ခြေရင်းမှာခေါက်ထားတယ်
ကျွန်မဟာ ရှင့်အတွက်စာအုပ်တစ်အုပ်
မိတ်ကပ်တွေ အများကြီးမသုံးနဲ့၊ နှုတ်ခမ်းနီကို ဖျော့ထား
ကျွန်မ သိပ်မလှဘူးထင်တဲ့နေတွေဆို ရှင်က အပြင်မခေါ်ဘူး
အခု စာရွက်အလွတ်တွေနဲ့ ရှင်တစ်ယောက်တည်း
တိတ်ဆိတ်ငြိမ်သက်လို့
အဲဒါပြောပါလား။

စိုင်းဝင်းမြင့် (နားနားပြီးပြော ကဗျာစာအုပ်မှ)

            ကဗျာကိုဖတ်ကြည့်လိုက်တော့ လင်ယောက်ျားကဂရုစိုက်သားပဲလို့ ရုတ်တရက်ထင်မိသွားတယ်။ ဒီအမျိုးသမီး ဘာကိုမကျေမနပ်ဖြစ်နေသလဲလို့ ချက်ချင်းရှာမတွေ့မိဘူး။ ဒါပေမယ့် (ရှင်စိတ်ကောင်းဝင်တဲ့အခါပြောတယ်၊ ကျွန်မက ရယ်ရတယ်တဲ့) ဆိုတဲ့စာသားလေးဟာ ကျွန်တော့်အတွေးကို အတော်အလုပ်ပေးသွားပါတယ်။ ရယ်ရသတဲ့လား။ ဘယ်လို ရယ်ရတာလဲ။ မျက်နှာမြင်ရတာကိုက သနားစရာသတ္တ၀ါတစ်ကောင်လို၊ ထံထိုင်းနေတဲ့မြည်းတစ်ကောင်လို၊ အဲလောက် မဆိုရင်တောင်မှ ဘာမှမသိနားမလည်ရှာပါလားဆိုတဲ့ မဟာကရုဏာရှင်ဆန်ဆန် ဘ၀င်လေဟပ်အကြည့်နဲ့ ကောက်ချက် ချလိုက်ခြင်းပေလား။ (ကျွန်မ သိပ်မလှဘူးထင်တဲ့နေ့တွေဆို ရှင်က အပြင်မခေါ်ဘူး)ဆိုပါလား။ အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ဒုတိယနေရာမှာပဲအလိုလိုရပ်တည်သွားရတော့တာလား။ သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့ သူတို့အပေါ်ပေးရမယ့်လေးစားမှုတို့ကို အရုတ်သိမ်းခံလိုက်ရတာလား။ သူနားထောင်ချင်နေတယ်။ မင်းအသားလေး ဖြူလာတယ်။ ၀လာတယ်။ ဒီနေ့သိပ်လှတာပဲ။ ဒီလိုစကားတွေမဟုတ်ဘူး။ သူအများကြီးမတောင်းဆိုဘူး။ သူ့အပေါ်ကို ပစ်စလက်ခတ် မလေးမစားပြုမိလိုက်ပါလား၊ မထီမဲ့မြင်ပြောမိလိုက်ပါလား ဆိုတဲ့ခပ်ဖျော့ဖျော့ဝန်ခံချက်လောက်လေးဆို ရပြီ။ သူတို့ဟာ တင်းမာထားဖို့မရည်ရွယ်ကြဘူး။ အမာရွတ်ကိုတောင် လက်စွပ်လိုဝတ်ထားမှာတဲ့။ အဲဒီ့အမာရွတ်ကလည်း သစ္စာပန်းတွေအပေါ်ခုတ်မလို့ရည်ရွယ်ရာကနေ လင်ယောက်ျားအသံကြားတာနဲ့ လက်ပေါ်ကိုချော်ချော်ကျသွားလို့ ရတဲ့ အမာရွတ်ပဲ။ သစ္စာပန်းတွေကို သူတို့ဓားနဲ့မခုတ်နိုင်ကြပါဘူး။ ဒီကဗျာနှစ်ပုဒ်လုံးဟာ ၂၀၀၃ ပတ်ဝန်းကျင်လောက်က ရေးခဲ့တဲ့ကဗျာ တွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ တွေးစရာတွေ၊ တွေးသင့်တာတွေကို တော်တော်နောက်ကျပြီးမှ တွေးဖြစ်နေကြပြီလား။    

            အခုခေတ်အခြေအနေဟာ မရပ်မနားလှုပ်ရှားတိုက်ခိုက်နေမှ အဆင်ပြေနေသားကျမယ့်ခေတ်စနစ်ဖြစ်ပါတယ်။ ဒါကိုအားလုံးလည်းလက်ခံပြီးဖြစ်တယ်။ လူဦးရေတိုးပွားလာမှုနဲ့ ကြီးနိုင်ငယ်ညှင်းဝါဒဟာ ကမ္ဘာကြီးကလူသားအားလုံး အပေါ်ပေးထားတဲ့ခွဲတမ်းကို သိသိသာသာလျော့နည်းသွားစေတယ်။ နှီးဒေါင်းလန်းတွေနေရာမှာ မက်ဒေါ်နယ်ဆိုင်တွေက အစားထိုးလိုက်ပြီ။ လမင်းဝင်းဝင်းပပ သာသောအခါ ညချမ်းမှာ .. မိုးထက်သို့မျှော်ကာ မျှော်ကာ မလုပ်နိုင်တော့ဘူး။ နောက်နေ့အလုပ်အတွက် အိပ်စက်အနားယူဖို့အခန်းမီးကိုပိတ်လိုက်ကြရပြီ။ လှေကားထစ်တွေကိုအတက်အဆင်းလုပ် ရတဲ့အချိန်၊ဘတ်စ်ကားဂိတ်မှာရပ်စောင့်ရတဲ့အချိန်၊ အထက်လူကြီးရဲ့အခန်းတံခါးကိုခေါက်ပြီး အတွင်းကတုံ့ပြန်သံကို ခဏစောင့်နေရတဲ့အချိန်၊ ရှူးဖိနပ်ကိုကြိုးအကျအနစည်းရတဲ့အချိန်၊ ရေအိမ်ထဲကမှန်မှာ မျက်နှာကိုပြန်ပြီးတို့ပတ်ရိုက်နေရ တဲ့အချိန်  … ဒီအချိန်တွေ အားလုံးပေါင်းလိုက်ရင် တစ်နေ့တာရဲ့ ဆယ်ပုံတစ်ပုံလောက်ကို တဂျွတ်ဂျွတ်ကိုက်စားသွား မှာပဲမဟုတ်လား။ အခြေခံနဲ့သာမန်မိသားစုတွေအတွက် တစ်ဦးချင်းစီရဲ့ဝင်ငွေဟာ ပင်ထီးပညောင်မြစ်တစ်ထောင်လို ငှက်တစ်သောင်းနားခိုရာ ဘယ်ဖြစ်နိုင်တော့မှာလဲ။ အမျိုးသမီးတွေအိမ်ရှင်မတွေဟာလည်း မိသားစုအတွက် အလုပ်ခွင်ကို ၀င်ကြရပြီ။ အိမ်မှာသနပ်ခါးခြေဆုံးခေါင်းဆုံးလူးပြီး လင်ယောက်ျားပြန်အလာကို စောင့်နေလို့မဖြစ်နိုင်တော့ဘူး။ ဒီနေရာမှ လာပြီး အမျိုးသမီးတွေဟာ ယောက်ျားတွေနဲ့ရင်ဘောင်တန်းလျှက်ဆိုတဲ့စကားကို သုံး၊ ကျန်တဲ့အခွင့်အရေးနဲ့ တိုးတက်မှု လမ်းကြောင်းတွေမှာကျ အမျိုးသမီးဖြစ်လို့၊ အိမ်ထောင်ရှိနေလို့..ဆိုတဲ့ဆင်ခြေတွေနဲ့ ပြန်လည်ဖာထေးနေတာဟာ အနည်းငယ်နားလည်ရခက်စရာ ပြဿနာဖြစ်ပါတယ်။ ထားဦး။ ရှေးခေတ်အခါကလို လင်ယောက်ျားတစ်ဦးတည်းလုပ်အား ကိုမှီခိုရုံနဲ့ မိသားစုဘ၀လောက်င နေတယ်ဆိုရင် အမျိုးသမီးတွေဟာ နောက်လိုက်ကောင်းပီသစွာ ဒုတိယနေရာလို့ သတ်မှတ်ရင်တောင် ပျော်ပျော်ကြီးနေလိုက်ကြဦးမယ်။(ဒါတောင်စကားအဖြစ်ပြောကြည့်ခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်နဲ့ နောက်လိုက်ဆိုတာ ပထမ ဒုတိယရယ်လို့ခွဲဖို့သင့်တာမဟုတ်ဘဲ အပြန်အလှန်အမှီသဟဲပြုနေရတဲ့သဘောပဲဖြစ်ပါတယ်) အခုလို စားဝတ်နေရေးအတွက် တစ်လှေတည်းစီးတဲ့ခရီးသည်တွေလို အတူတူကြိုးပမ်းနေကြတာတောင် လင်ယောက်ျား ရဲ့ နောက် အအုပ်ထိန်းခံဘ၀၊ (မသိမသာရော သိသိသာသာ)ဖိနှိပ်ခံအခြေအနေဟာ မျက်မှောင်ကြုတ်စရာကောင်းတယ် လို့ ကျွန်တော်ကတော့မြင်မိပါတယ်။ သားသမီးတွေကိုထိန်းကျောင်းဆုံးမတဲ့နေရာ နွေးထွေးမှုပေးရတဲ့နေရာမှာလည်း အဓိက တာဝန်ယူရ၊ အိမ်ရဲ့ဝင်ငွေထွက်ငွေကိုစီမံရ၊ စားသောက်ချက်ပြုတ်ရေးလည်း သူမပါလို့မဖြစ်၊ မိဘနဲ့ ယောက္ခမ ရဲ့ ၀တ်ကြီးဝတ်ငယ်ကိုလည်း ပြုစုရ၊လင်ယောက်ျားရဲ့မျက်နှာကိုလည်းကြည့်ရ ၊ အသုံးစားရိတ်အတွက်လည်း တစ်ထောင့် တစ်နေရာကနေပါဝင်ရ . . . အမျိုးသမီးအိမ်ထောင်ရှင်တစ်ယောက်ဟာ အရပ်ရှစ်မျက်နှာလုံးကိုတိုက်ခိုက်နေရတဲ့ စစ်သူရဲ တစ်ဦးဖြစ်မနေဘူးလား။ အိမ်ရဲ့ပုံမှန်ဝင်ငွေရရှိဖို့လောက်သာ အဓိကအာရုံစိုက်ရပြီး ဘောလုံးပွဲလည်းလောင်းချိန်ရ၊ ခွက်ပုန်းလေးလည်းချချိန်ရ၊ ငွေစရွှင်တဲ့အခါပန်းကုံးလေးလည်းစွပ်ချိန်ရတဲ့ အမျိုးသားတွေရဲ့ အနေအထားနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါမှာ အကွာကြီးကွာနေပါလား။ ဒါဟာ အမျိုးသမီးတွေကို ဘီယာဝိုင်းဖွဲ့ကြပါ၊ နိုက်ကလပ်တက်ကြပါ၊ လုပ်ချင်ရာသာလုပ်ကြပါ လို့ရည်ရွယ်တိုက်တွန်းနေခြင်းမဟုတ်ဘူးဆိုတာကိုတော့ နားလည်ပြီးသားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

            အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အဆင့်မြင့်ပညာတွေကိုသင်ယူခွင့်ပိုမိုရကြတယ်။ ဆိုခဲ့ပြီးဖြစ်သလို ပြင်ပလောကနဲ့ ထိတွေ့ခွင့်၊ ဆက်ဆံခွင့်၊ ပါဝင်ခွင့်တွေအများကြီးရထားကြတယ်။ အဲဒီ့အသိအတတ် အတွေ့အကြုံတွေ ရှိနေပါလျှက်နဲ့ သူတို့ဟာ သူတို့ရဲ့ကြင်ဖော်ကြင်ဖက် ဘ၀လက်တွဲဖော်အမျိုးသမီးတွေရဲ့ အတွေးတွေ၊ ခံစားချက်တွေ ကို သတိမထားမိကြဘူးလား။ ဘာကြောင့် လျစ်လျူရှုကြသလဲ။ မေ့လျော့နေကြတာလား။ ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်တော်ဟာ နောက်ထပ်ကဗျာတစ်ပုဒ်မှာ ရိပ်ခနဲတွေ့လိုက်ရသလိုပါပဲ။ မောင်ယုပိုင်ရဲ့ ထေ့သံ ငေါ့သံ ရွဲ့သံလေး ပါနေတဲ့ “ယောက်ျားသားချင်းကိုယ်ချင်းစာပါ” ဆိုတဲ့ကဗျာဖြစ်ပါတယ်။ မောင်ယုပိုင်ရဲ့ စကားပြေကဗျာ စာအုပ်မှာပါဝင် ပါတယ်။

ယောက်ျားသားချင်း ကိုယ်ချင်းစာပါ

လနဲ့ချီ လူချင်း ဝေးကွာနေတဲ့
ကိုယ့် မိန်းကလေးသူငယ်ချင်းနဲ့
ဆိတ်ကွယ်ရာ အရပ်မှာ
ပြန်တွေ့ရပြီးတော့မှ
.. .. .. .. .. .. .. .. .. .. .. .. .. .. ..
တချို့ ချာတိတ်တွေ ဘာလို့ လေလွင့်နေလဲ သိတော့တယ်
တချို့ လူငယ်တွေ  ဘာလို့ ဒေါသသင့်နေလဲသိတော့တယ်
တချို့ ကောင်တွေ ဘာလို့ စံလွဲတွေးခေါ်နေလဲ သိတော့တယ်
တချို့ အမျိုးသားကြီးတွေ ဘာလို့ ကြောင်သူတော်လုပ်နေလဲ သိတော့တယ်
တချို့ လူကြီးတွေ ဘာလို့ ဆင်ကြံကြံနေလဲ သိတော့တယ်
တချို့ ယောက်ျားတွေ ဘာလို့ မဟာဖိုဝါဒ ဖြစ်နေလဲ သိတော့တယ်။
ငါလည်း ဘာလို့ ငါ့မှာ ဒါတွေအားလုံး ဖြစ်နေရလဲ
.. .. .. .. .. .. .. .. .. .. .. .. .. .. .. .. ပြီးတော့မှ
ခန္ဓာသိ သိတော့တယ်။     

မောင်ယုပိုင် (၂၀၁၁ မေ )

            ကဗျာဖတ်ပြီးတော့ နှုတ်ခမ်းတွန့်မိပါသလား။ ကျွန်တော်တို့ အစက်အစက်လေးတွေရဲ့ နောက်ကို ခြေရာခံမိကြ ပါသလား။ ကျွန်တော်တို့ ယောက်ျားသားချင်း ကိုယ်ချင်းစာလိုက်ကြမလား။ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် တံခါးပေါက် တွေကနေ ကျွန်တော်တို့လိုအပ်လိုချင်နေတာ ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲအားတစ်ခုပဲမဟုတ်လား။ ဒီဆွဲအားနောက်ကို ကောက်ကောက်ပါအောင်လိုက်ပြီးမှ ကျွန်တော်တို့ဟာ ရရှိထားတဲ့သဘာဝပေးအခြေအနေမတူညီမှု အားသာမှုကို အသုံးချပြီး အထက်စီးတစ်နေရာကို အခိုင်အမာရယူမိကြပြီလား။ အမျိုးသမီးဆိုတာ အာဒံအတွက်လိုအပ်လို့ဖန်ဆင်းပေး လိုက်ရတဲ့ ဧ၀ဆိုတဲ့သဘောတရားထက်မပိုတော့ဘူးလား။ ကျွန်တော်တို့ဟာ ခန္ဓာသိ သိလိုက်ကြပါရဲ့။ အဲဒါဟာ မှန်ကန်တဲ့အသိတရားလား။ ဒါမှမဟုတ် သာယာမှုတစ်ခုမှာပျော်မွေ့ခြင်း လိုချင်စွဲလမ်းခြင်းကြောင့် မတိုင်ပင်လိုက်ရပါဘဲ အချင်းချင်း လက်ဝါးရိုက်လိုက်ကြတဲ့ တည်ဆောက်ယူအသိတရားတစ်ခုလား။ နောက်တစ်ခါ ထပ်ပြီးမေးကြည့်ချင်ပါတယ်။ ကဗျာဖတ်ပြီးတော့ ကျွန်တော်တို့ နှုတ်ခမ်းတွန့်မိပါသလား။

            ဗုဒ္ဓရဲ့ ဓမ္မသဘောအရ သတ္တ၀ါဆိုတဲ့သဘောမှာ ငါဆိုတဲ့အတ္တတောင်မပါဘူး။ ခန္ဓာကိုယ်ဟာ ဓာတ်သဘောအစု အဝေးဖြစ်တယ်။ စိတ်ဟာရုပ်ပေါ်မှာမှီတည်နေသလို ရုပ်ဟာလည်းစိတ်ရဲ့ကြိုးဆွဲရာကပြဖျော်ဖြေရတယ်။ ဆင်းရဲချမ်းသာ မရွေး၊ ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ် ဘယ်သူမဆို ရုပ်နဲ့နာမ်ဆိုတဲ့သဘောတရား၂ခုနဲ့ တည်ဆောက်ထား တာချည်း ဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ် ကို ကျွန်တော်တို့လိုသလိုအစိုးရပါသလား။ ငါ ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ဆိုတဲ့ ပညတ်အခေါ်အဝေါ်တွေကို ပရမတ်တရားတွေလို့အမှန်အကန်စွဲယူလိုက်ရင်၊ ဘယ်သူဟာပိုမြတ်တယ်၊ ဘယ်သူဟာပိုပြီး ကောက်ကျစ်မာယာများတယ်၊  ဘယ်သူဟာ ပိုပြီးပိုပြီး ပိုပြီးစသဖြင့် လှေနံဓားထစ်သတ်မှတ်လိုက်ကြရင် သဘာဝကျ ပါတော့မလား။ တရားမျှတပါရဲ့လား။ မိန်းမ ယောက်ျားမှာ သဘောသဘာဝအရ မတူညီကွဲပြားမှုတော့ရှိမှာပေါ့။ ဒီအတွက်လည်း ခွဲခြားပြီးသတ်မှတ် ရတာလည်းရှိမှာပေါ့။ အနိမ့်ဆုံးဥပမာအနေနဲ့ ယဉ်ကျေးမှုအရ လွတ်လပ်မှုအရ သန့်စင်ခန်းတောင် ယောက်ျားမိန်းမခွဲခြားရသေးတာပဲ။ ဒါဟာလိုအပ်တဲ့ ခွဲထုတ်ယူခြင်းသက်သက်ပဲဖြစ်ပြီး အလုပ်ခွင်နဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ အသိတရားဖွံ့ဖြိုးမှုပိုင်းတွေမှာပါ ခွဲခြားဆက်ဆံလာကြတာကတော့ မဖြစ်သင့်မဖြစ်ထိုက် ဘူးလို့ခံယူပါတယ်။ “မာလာလာ”ရဲ့အသားကိုဖောက်ဝင်သွားတဲ့ကျည်ဆန်မျိုး ကမ္ဘာပေါ်မှာဘယ်နှတောင့်လောက် ရှိနေကြသလဲ။ ကျွန်တော်တို့ဟာ ကိုယ်ချင်းစာတရား၊ လူလူချင်းဆိုတဲ့အသိတရားနဲ့ တွေးကြည့်သင့်ပါတယ်။ အများကြီးအဝေးကြီး တွေးရမှာတောင်မဟုတ်ပါဘူး။ အားလုံးလိုလိုကြားဖူးပြီးသားဖြစ်မယ့် မာသာထရီဇာရဲ့ စကားတစ်ခွန်းရှိနေပါတယ်။ Love starts at home ချစ်ခြင်းမေတ္တာဟာအိမ်ကစပါသတဲ့။ မှန်ပါတယ်။ လင်ယောက်ျားရဲ့ ဂရုစိုက်ချစ်မြတ်နိုးခြင်းကိုခံရတဲ့ မိန်းမသားတစ်ယောက်ရဲ့စိတ်ထဲကို ၀င်ကြည့်လိုက်ပါလား။ စစ်မှန်တဲ့ အယောင်ဆောင်မဟုတ်တဲ့ တာဝန်ကျေမဟုတ်တဲ့ အပြုအမူတွေ၊ ချစ်ခြင်းမေတ္တာတွေကိုရရှိတဲ့အိမ်ရှင်မတစ်ယောက်ဟာ သူ့လင်ယောက်ျားအပေါ်ကို မချစ်ဘဲနေမလား၊ မလေးစားဘဲနေမလား၊ အလိုက်မသိဘဲနေမလား။ ဒီလိုအပြန်အလှန် စီးဆင်းနေတဲ့အလှတရားဟာ သူတို့ဆီကမွေးဖွားလာမယ့်မျိုးဆက်သစ် တစ်ခုအပေါ်မှာလည်း လွှမ်းခြုံနွေးထွေးနေမယ် ဆိုတာ ငြင်းစရာမရှိတဲ့ ကိစ္စတစ်ခုပဲမဟုတ်ပါလား။

            လူ့အဖွဲ့အစည်းရဲ့အသေးဆုံးယူနစ်ဟာ မိသားစု၊အဲဒီ့မိသားစုမှာမှ အဖွဲ့ဝင်တိုင်းနဲ့အချိတ်အဆက်လုပ်ပေးနေတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့အခန်းကဏ္ဍ၊ ဒီအမျိုးသမီးရဲ့မှန်ကန်တဲ့စိတ်ချမ်းသားမှု၊ ပီတိတရားဟာ အနာဂတ်လူ့လောက အတွက် အသက်ကယ်ဆေးတစ်လက်ဖြစ်မယ်လို့ ကျွန်တော်ကတော့လေးလေးနက်နက်ယုံကြည်တယ်။ ဆေးပညာ လောကမှာ မီးဖွားမယ့်အမျိုးသမီးတစ်ယောက် မမွေးဖွားနိုင်ဖြစ်လို့ အမေနဲ့ ကလေးတစ်ယောက်ယောက်ရဲ့အသက်ကိုပဲ အမိအရယူတော့မယ်ဆိုရင်၊ ပြီးတော့ ကာယကံရှင်မိသားစုဝင်တွေနဲ့တိုင်ပင်ချိန်လည်းမရတော့ဘူးဆိုရင် မိခင်ရဲ့ အသက်ကိုပဲအရကယ်ကြပါတယ်။ ဒီကလေးဆုံးရှုံးသွားလို့ နောက်ထပ်ကလေးထပ်ရနိုင်တယ်၊ မိခင်မရှိတဲ့ကလေး တစ်ယောက်လောကထဲရောက်လာရင် နောက်ဆက်တွဲအခက်အခဲတွေကအများကြီးရှိလာမယ်။ ဒီကလေးကိုဘယ်သူ နို့တိုက်မလဲ၊ ဘယ်သူပိုက်ထွေးယုယမလဲ၊ ဘယ်သူအနီးကပ်မေတ္တာဓာတ်ကိုပေးမလဲ၊ ဘယ်သူသွန်သင်ဆုံးမမလဲ၊ ဒီကလေးရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုဘယ်လိုကုစားမလဲ။ လုပ်စရာတွေကအများကြီးရှိလာပါတယ်။ ဟုတ်ကဲ့။ ကျွန်တော် တို့ဟာ မွေးခန်းထဲမှာမိခင်အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ကို အမိအရကယ်တင်လိုက်သလိုပဲ အဲဒီ့အမျိုးသမီးတွေ၊ အိမ်ရှင်မတွေ၊မိခင်တွေကပဲ ကျွန်တော်တို့ရဲ့မနက်ဖြန်များကို ဒုက္ခတရားတွေ၊မငြိမ်းချမ်းမှုတွေကြားကနေ ခွဲထုတ် ကယ်တင်နိုင်ကြမယ်၊ ကယ်တင်ပေးကြမယ်လို့ဘာကြောင့်မယုံကြည်နိုင်ရမှာလဲ။

            လူဆိုတာအနိမ့်အဆုံးအနေနဲ့တော့ ကိုယ့်ကိုယ်ကို မလိမ်မိစေဖို့၊ပြီးတော့ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားဖို့ အရေးကြီးပါတယ်။ ယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ ကိုယ့်ကိုယ်ကိုလေးစားနိုင်မယ့်စကားကိုပြောလို့၊ ကိုယ့်ကိုယ်ကို လေးစားနိုင်မယ့်အလုပ်ကိုလုပ်လို့၊ ကိုယ့်ကိုယ်ကိုလေးစားနိုင်မယ့် စိတ်ကိုထားလို့၊ ကိုယ့်ကိုယ်ကိုလေးစားနိုင်မယ့် အ၀တ်အစားအပြင်အဆင်ကို ပြုလုပ်လို့၊ ကိုယ့်ကိုယ်ကိုလေးစားနိုင်မယ့် အသိပညာကိုရှာဖွေလို့၊ ကိုယ့်ကိုယ်ကိုလေးစား နိုင်မယ့် ရပ်တည်ချက်တစ်ခုမှာနေထိုင်လို့ ဒီလိုသာနေသွားကြရင် ဘ၀ဟာပိုမိုသာယာလာနိုင်စရာ အများကြီးရှိပါတယ်။ လူတစ်ယောက်ရဲ့ရှင်သန်မှုဟာ ကိုယ့်တစ်ယောက်ထဲအတွက်နဲ့ပြီးသွားရင် နှမျောစရာ၊ အနီးဆုံးချစ်ခင်သူတွေအတွက်၊ အဲဒီ့ကတစ်ဆင့်၊ ကိုယ့်ရပ်ကိုယ့်ရွာအတွက်၊ ကိုယ့်နိုင်ငံအတွက်၊ တစ်ကမ္ဘာလုံးအတွက်၊ စွမ်းရည်ရှိရင်ရှိသလောက် ကျွန်တော်တို့လုပ်နိုင်စွမ်းတာတွေ အများကြီးပဲမဟုတ်ဘူးလား။ အကြောင်းမဲ့ခွဲခြားနေဖို့ ၊အကြောင်းမဲ့အပြန်အလှန် အပြစ်တင်နေဖို့ ကျွန်တော်တို့မှာ အချိန်တွေတကယ်ရောအားလပ်ကြပါရဲ့လား။ ခိုက်ရန်ဒေါသဖြစ်ပွားဖို့၊ သွေးချောင်းစီး တိုက်ပွဲအတွက်ဓားသွေးဖို့၊ မနာလိုဝန်တိုဖို့၊ ကိုယ်ကျင့်တရားဖောက်ပြားဖို့၊ လွတ်လပ်မှုနဲ့ ပရမ်းပတာနေထိုင်ခြင်းကို ရောထွေးပြီး စိတ်ဓာတ်ကိုရေစုန်မျောလိုက်ဖို့ . . . ဒီအရာတွေဟာ ကျွန်တော်တို့ တကယ်လုပ်ချင်နေတဲ့အရာတွေလား။ သတိတရားလေးကို ကပ်ပြီးအမေ့မေ့အလျော့လျော့နေထိုင်ကြဖို့ မသင့်တော့ပါ။

            မတူညီသော ခြားနားသောသဘာဝနှစ်ခုကြားမှာ ကွဲလွဲမှု၊ဆန့်ကျင်မှုဆိုတာရှိနေမှာပါပဲ။ ယောက်ျားနဲ့မိန်းမဆိုတဲ့ သဘာဝနှစ်ခုကြားမှာ ပဋိပက္ခအသွင်တစ်ခုဟာ ဘယ်ခေတ်ဘယ်အခါမဆိုတည်ရှိနေမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ဒီပဋိပက္ခကို အလုံးစုံပျောက်ပြယ်သွားအောင်တော့ ကျွန်တော်တို့မတတ်နိုင်ပါဘူး။ ဒါပေမယ့်အဲဒီ့ပဋိပက္ခအသွင်တစ်ရပ်ကို မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားနဲ့ ကျော်လွှားဖြေရှင်းလို့ရပါတယ်။ အချိန်ကြာလာတဲ့အခါ ရယ်စရာရွှင်စရာအဖြစ် အသွင်ပြောင်းလဲလိုက်လို့ရပါတယ်။ အချင်းချင်း နားလည်မှု၊ကြင်နာမှု၊ အပြန်အလှန်လေးစားမှုနဲ့သာ တည်ဆောက်သွား မယ်ဆိုရင် ဘ၀ရဲ့လွမ်းမောကြည်နူးဖွယ်ရာပဋိပက္ခလေးတွေကို ချိုချိုမြိန်မြိန်ခံစားနိုင်ကြမယ်လို့ ကျွန်တော်ယုံကြည်နေမိ ပါတော့တယ်။

မှူးနေ၀န်း


No comments:

Post a Comment