Sunday, June 14, 2015

ဗျာသာရေးကိုးကွယ်မှု


ဗျာသာရေးကိုးကွယ်မှု


သင်မရေးမီက သင့်ကဗျာရဲ့ပုံသဏ္ဍာန်ကိုဖြေပါ
လင်းပွင့်မှုဆိုတဲ့စကားကိုခဏခဏမသုံးချင်ပေမယ့် လင်းပွင့်မှုလို့ပဲသုံးရမယ်။
ကဗျာဆရာကတံမြက်စည်းလှည်းနေရင်း ကဗျာပေါက်စလေးကိုပြေးရိုက်လိုက်တယ်။
မှတ်ထား အဲ့ဒါ Epiphany ပဲ။ ဒါမသိရင်ကဗျာ လာမလုပ်နဲ့။ Make it new စမ်းပါ။
အစဉ်အလာထဲကထွက်ခဲ့စမ်းပါ။ ဂိုဏ်းသစ်ထောင်ပါ။ ပိုင်အိုနီးယားလုပ်ပါ။ ပြီးတော့
အစဉ်အလာများထပ်မံချမှတ်ပါ။ ယဇ်မပူဇော်နဲ့။ရတယ်။ ငါ့ကိုပူဇော်။ ငါ့တရားကိုနာပါ။
ဒေါသကြီးတဲ့သျှီဝနတ်ရုတ်ရှေ့ကဆွမ်းခွက်ကို ကြွက်ကလေးနှိုက်စားနေတယ်။
ခန္တီစ တရားနဲ့အံကြိတ်နေလိုက်ပါ။ ကြွက်ကလေးကိုခွင့်လွှတ်ပါ။ ငါ့ကိုလည်းခွင့်လွှတ်ပါ။
(အဆက်အစပ်မဲ့တာများသွားတော့) ငါဘာလုပ်နေတယ်ဆိုတာ ငါမသိရှာပါ။
အ၀ိဇ္ဇာတရားကို ဂင်္ဂါမြစ်ရေချိုးပြီးသန့်စင်ပါ။ ကဗျာဆရာ/မတွေ တုံးခုန်ဇယ်ခုတ်လော့။
နှောင်တွယ်ခြင်းကိုဖြတ်လော့။ အ၀တ်အစားကိုစွန့်လော့။့ 
ထို့နောက် အ၀တ်အစားမပါသောကဗျာများကိုရေးလော့။ ကျည်ဆန် လိင်ကိစ္စနဲ့ မီးလောင်ခြင်းများ။
မီးကိုကိုးကွယ်ပါ။မီးကိုမညစ်ညမ်းစေရန် သေဆုံးသူအားမီးမရှို့ရ။ မြင့်မားသောမျှော်စင်ပေါ်မှာ
သဘာဝကျကျအလောင်းတွေ။ ဇာရသုစတြနဲ့ ၃ရက်၃ည စကားစစ်ထိုးခဲ့တယ်။
သူကရစ်သမ်မိတယ်။ ကာရန်မဲ့ပေမယ့် သူ့ Flow ကမြန်တယ်။ ဒါပေမယ့် ဓားသံလှံသံပါတယ်။
သူ့ Flow နဲ့ မိုဟာမက် Flow နဲ့ဆင်တယ်။ ကျွန်တော်တို့မြို့ရိုးအပြင်ကိုထွက်လိုလျှင်
ဆရာ့ကဗျာကျမ်းလေးတော့ တထိုင်တည်းပြီးအောင်ရေးခဲ့ပါခင်ဗျာ။ ၀မ်တီဘုရင်က
စာအုပ်တွေကိုပြာဖြစ်သွားစေတယ်။ ၀မ်တီကိုဆန့်ကျင်တဲ့ကဗျာတွေဝိုင်းရေးကြတယ်။
ဒီလိုပြည်သူ့ဘက်တော်သားအဖြစ် နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက . . . . . . . . ။
ဝတ်ကျောင်းတော်ထဲကကျွဲတွေကို နှင်တံနဲ့ခြောက်ထုတ်လိုက်တယ်။ ပြီးမှ စောင်းတီးတယ်။
စောင်းသံက ပလုံပလုံလို့မြည်တယ်။ အီဇာနာဂျိက ပင်လယ်ထဲမှဓားကိုဆွဲထုတ်လိုက်သောအခါ
ဓားသွားပေါ်ရှိရေစက်လေးများကျလာသောအသံကဲ့သို့။ အဲဒါဟာကဗျာလို့ ယုံကြည်ပါ။
ကဗျာဆရာက ကောင်းချီးပေးပါလိမ့်မယ်။ ဘုရားသခင်က သက်ရှိသက်မဲ့တွေကို
Create လုပ်တာလား ။ Make လုပ်တာလား ။ အဲဒီ့ကိစ္စမှာ ခံစားချက်ပါ/မပါ။
အတတ်ပညာ သုံးသင့်/မသုံးသင့်။ အဒမ်ကဧ၀ကိုဘယ်ဘာသာစကားနဲ့ ချစ်ရေးဆို/စို သလဲ။
ဒါဟာတွေးစရာပါ။မတွေးနဲ့။တွေးတာနဲ့မှားမယ်။ သိစိတ်ကိုသာ အလျင်ပစ်လိုက်စမ်းပါ။
ကဗျာဟာ ဂျေရုစလင်ပါပဲ။ သူ့အပေါ်ကို ဘုရားသခင်ပေါင်းစုံတက်ထိုင်ခဲ့တယ်။
ရှည်လျားတဲ့သမိုင်းနဲ့ရှုပ်ထွေးတဲ့လှိုင်းတွေကြား ဂျေရုစလင်သားတွေကမေးတယ်။
ငါတို့ဘယ်ကဗျာဖတ်ရမလဲ တဲ့။ ဂျက်သိုဥယျာဉ်ထဲကတောင်ဝှေးကို ဆွဲနှုတ်လို့မရသလို
ကဗျာဆရာတွေရဲ့ စိတ်ဓာတ်အမြစ်ကုပ်တွယ်မှုက သန်မာကြောင်းသမိုင်းထင်ရှားတယ်။
အတော်များများက သူ့ကဗျာကို ထီးနန်းနဲ့မလဲဘူးပြောလေ့ရှိတယ်။
ယုဒကတော့ ယေရှုအသက်ကို အသပြာ၃၀ နဲ့လဲတယ်။
သင့်ကဗျာခေါင်းစဉ်ကို ဝေဖန်လျှင် သင့်ကဗျာစာသားကိုပါဝေဖန်ခိုင်းလိုက်ပါ။
ချစ်ခြင်းအားဖြင့် Welcome ပါ။ ဧဟိပဿိကော ပါ။
ဒီကဗျာကတော့ မဟာဗြဟ္မာမင်းခံတွင်းဝက ဆင်းသက်လာတာ မဟုတ်ပါ။

မှူးနေဝန်း

No comments:

Post a Comment