Sunday, June 14, 2015

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၉


လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၉


မှောင်ပြီး ထုံအေးနေတဲ့အခန်းထဲမှာမှ
သူတို့ လာပြီးဆုံကြတယ်။

လူဟာ တစ်နေကုန်အိပ်ပြီး
ပင်လယ်ဟာ တစ်နေကုန်ငိုနေတယ်။

- ဘာအပြစ်လဲ ဘာအမှုလဲ
ဘာကြောင့် ငါ့ကိုဖမ်းဆီးခဲ့တာလဲ -
ပင်လယ်ဟာ မေးခွန်းတွေနဲ့ နံရံကိုတ၀ုန်းဝုန်းရိုက်တယ်။

အိပ်မှုံစုံမွှားလူ နိုးလာ
သမ်းဝေ
ငေးမော
ပင်လယ်နားကပ်ပြီး ရေရွတ်
ခပ်တိုးတိုး။

- ဘာပြောတယ် - ပင်လယ်က မကြားရလို့မေးတယ်
လူက တီးတိုးထပ်ပြောတယ်
- ကျယ်ကျယ်ပြောပါ - ပင်လယ်ဟာ အနားကပ်လာတယ်
လူက မပွင့်တပွင့်ပြောတယ်
ပင်လယ်စိတ်မရှည် ၊သိချင်စိတ်နဲ့ရှေ့တိုးလာ
လူက လူလည်ကျ ၊ပင်လယ်ထဲဒိုင်ဗင်ထိုး
ပင်လယ်က ရုန်းကန် ၊ မြင်းတစ်ကောင်လိုခွာချ
လူက ရှောင်တိမ်း ၊ပင်လယ်ကိုဖမ်းချုပ်
လူရော ပင်လယ်ရော ချွေးတရွှဲရွှဲ
မောပန်း ပြုံးရယ် ဟားတိုက် မေ့လျော့။

ထိုသို့သော ရယ်သံများ
စကြာဝဠာ အခန်းငယ်တွင်းက ရယ်သံများ
ဘယ်သူတွေကြားမလဲ မသေချာပေမယ့်
အချင်းချင်းကြားနိုင်ခဲ့သောရယ်သံများ
အဖြေမသိပေမယ့်
အမျိုးအမည်မတူပေမယ့်
ပွင့်ကန်ရုန်းထွက်နိုင်ခဲ့သော ရယ်သံများ။

မှူးနေ၀န်း
18 January 2015

No comments:

Post a Comment